သမိုင်းတွေနှင့် ယက်လုပ်ထားသော

အမြင်ဆောင်းပါး | ခိုင်လင်း(မေဃ၀တီ) | ဇန်န၀ါရီ ၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

၁၇၈၄ ခုနှစ် ဒီဇင်္ဘလာ(၃၁) ရက်ဟာ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့လို့ အစဉ်အလာအားဖြင့် မှတ်သားဖူးပါတယ်။ ကျနှော်လေ့လာဖူးတဲ့ မဟာဝိဇ္ဇာဘွဲ့ယူ ကျမ်းနှစ်စောင်မှာတော့ ၁၇၈၅ ခုနှစ် ဇန္န၀ါရီလ (၂) ရက်နေ့လို့ သတ်မှတ်ပါတယ်။

အဲဒီကျမ်းနှစ်စောင်ကတော့ ဦးလှထွန်းဖြူတင်သွင်းတဲ့ “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” နဲ့ ဦးကျော်ဝင်းဦးရဲ့ “မြောက်ဦးခေတ်နှောင်း ရခိုင်သမိုင်း” ကျမ်းတို့ ဖြစ်ပါတယ်။ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှားဆိုတာကို ဆက်လက်လေ့လာပြီးမှ ဆုံးဖြတ်လို့ ရနိုင်မယ်။ ဘာဘဲဖြစ်ဖြစ် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ သတ်မှတ်မှုဟာ (၂) ရက်သာ ကွာဟမှု ရှိတဲ့အတွက် ၂၂၉ နှစ် ရှိပြီလို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။

၁၇၈၄ ခုနှစ်ကို ရခိုင်တို့ရဲ့ အချုပ်အခြာအာဏာ ကျဆုံးခဲ့တဲ့နှစ်လို့ မူတည်ပြီး မျိုးဆက်တစ်ဆက်ကို (၃၅) နှစ် သတ်မှတ်ချက်နဲ့ ရေတွက်ရင် ၁၇၈၄ မှ ၁၈၁၉ ကို ပထမမျိုးဆက်၊ ၁၈၂၀ မှ ၁၈၅၅ ကို ဒုတိယမျိုးဆက် ၊ ၁၈၅၆ မှ ၁၈၉၁ ကို တတိယမျိုးဆက်၊ ၁၈၉၂ မှ ၁၉၂၇ ကို စတုတ္ထမျိုးဆက်၊ ၁၉၂၈ မှ ၁၉၆၃ ကို ပဉ္စမမျိုးဆက်၊ ၁၉၆၄ မှ ၁၉၉၉ ကို ဆဌမမျိုးဆက်၊ ၂၀၀၀ မှ ၂၀၃၅ ကို သတ္တမမျိုးဆက်လို့ သတ်မှတ်ပါတယ်။ (၁၇၈၅ လို့ သတ်မှတ်ရင်တော့ နောက်တနှစ်စီ တိုးလာရပါလိမ့်မယ်)။

အဲဒီမျိုးဆက်တွေထဲမှာ ပဉ္စမမျိုးဆက်၊ ဆဌမမျိုးဆက်၊ သတ္တမမျိုးဆက်ဟာ ဒီနေ့အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်တယ်။ နိုင်ငံတနိုင်ရဲ့ ဖြစ်တည်မှု သမိုင်းနဲ့ နှိုင်းယှဉ်ရင် နှစ်ပေါင်း (၂၂၉) နှစ်ဆိုတာ သိပ်ကြာမြင့်ခဲ့တဲ့ အချိန်မဟုတ်ပါဘူး။ တချိန်က ကျင်းပခွင့် အခမ်းအနားလုပ်ခွင့် မရှိတဲ့ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ကို ၂၀၁၀ နောက်ပိုင်း နှစ်တွေမှာတော့ ရခိုင်အမျိုးသားတွေ အနေနဲ့ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ကို ပြည်တွင်းထဲမှာ ကျင်းပလာကြတာကို တွေ့ရပါတယ်။ တချိန်က ကျင်းပခွင့်မရခဲ့ပေမယ့် ခုလို ကျင်းပခွင့်ရနေခြင်းတွေဟာ ခေတ်သစ်မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲဖို့ကြိုးစားနေခြင်းကို လှစ်ပြလိုက်တာဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။

လွန်ခဲ့ဆယ်စုနှစ် တခုကျော်လောက်ကတော့ လွတ်မြောက်နယ်မြေနဲ့ နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေ နှစ်စဉ်ကျင်းပလာခဲ့တာတွေ ရှိပါတယ်။ အဲဒီလို ကျင်းပခဲ့တဲ့အခမ်းအနားတွေဟာ ပြည်တွင်းထဲကို အတိုင်းအတာတစ်ခုထိ ရိုက်ခတ်ခဲ့ပါတယ်။ အထူးခြားဆုံးရိုက်ခတ်မှုကတော့ ကွယ်လွန်သူ သမိုင်းပညာရှင်ဒေါက်တာအေးကျော်ကိုယ်တိုင် (၂၂၆) နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့မှာ နယူးယောက်မြို့မှာ တည်ရှိတဲ့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြလှုပ်ရှားမှုဟာ ပြည်တွင်းထဲက ရခိုင်အမျိုးသားထုကြားထဲမှာ လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ရခိုင်ပြည်ထဲက မြို့နယ်တော်တော်များများမှာ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ဖြတ်သန်းလာပြီးတဲ့ နှစ်တွေထဲမှာ နေရာဒေသအများဆုံး ကျင်းပခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ကျင်းပခြင်းကို တချို့က သိပ်ဘ၀င်ကျဟန် မတူပါဘူး။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ သွားနေတဲ့ လမ်းကြောင်းမှာ မဖြစ်သင့်ဘူးလို့ မြင်သလို ရခိုင်အမျိုးသားတွေ ပြည်ထောင်စုထဲက ခွဲထွက်မယ့် ခြေလှမ်းတွေလား ဆိုတဲ့ သံသယတွေနဲ့ ချဉ်းကပ်တာကိုလည်း တွေ့ရပါတယ်။ တချို့က သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အတွက် အခမ်းအနားကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကို ကြည့်ပြီး လုပ်သင့်တယ်လို့ ရှုမြင်ကြတာကိုလည်း တွေ့ရပါတယ်။

သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဖြစ်ခဲ့တဲ့ နေ့တနေ့ကို ခေတ်လူငယ်မျိုးဆက်တွေ သိအောင်ပြုလုပ်ခြင်းဟာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တခုလို့ဘဲ မြင်ပါတယ်။ ရခိုင်အမျိုးသားတွေဟာ သာမညနယ်ပယ် အုပ်ချုပ်တဲ့ နယ်စား ပယ်စားအဖြစ် နိုင်ငံတခုရဲ့လက်အောက်မှာ နေထိုင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတခုရဲ့ ကြင်အန်လက္ခဏာတွေနဲ့ နေထိုင်ခဲ့တဲ့လူမျိုးဖြစ်တယ်။ သူတို့တွေဟာ တကယ်ဘဲ အချုပ်အခြာအာဏာ ကျဆုံးခဲ့တယ်။ ဒီသမိုင်းတွေကို မျိုးဆက်သစ်တွေကို လက်ဆက်ကမ်း သင်ကြားစေခြင်းဟာ သမိုင်းကို သင်ကြားစေခြင်းသာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ သွားနေတယ်ဆိုရင် လူမျိုးတမျိုးရဲ့ တကယ့်သမိုင်းတခုကို သင်ကြားခွင့်၊ သင်ယူခွင့်၊ လေ့လာခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့် တွေကတော့ မဖြစ်မနေ ရှိကို ရှိရမယ်လို့ ယုံကြည်ပါတယ်။ အခမ်းအနားကျင်းပခြင်း၊ ဟောပြောခြင်းဟာလည်း သင်ယူလေ့လာမှုတစ်ခုလို့ဘဲ မြင်ပါတယ်။

သမိုင်းကို အရှိတရားအတိုင်း လက်ခံပေးခြင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုစေပါတယ်။ တကယ်ဖြစ်ပျက်ဖြစ်ခဲ့တဲ့ သမိုင်းဖြစ်စဉ် တစ်ခုကို သင်ယူခွင့်၊ လေ့လာခွင့် မရှိဘူးဆိုရင် သင်ယူခွင့် လေ့လာခွင့်ရှိအောင် တော်လှန်ကြမှာ သေချာပါတယ်။ သမိုင်းကို အရှိတရားအတိုင်း သတ္တိရှိရှိလက်ခံခြင်းဟာ နိုင်ငံတော်အတွက် အကောင်းဆုံးလက်ခံခြင်းတစ်ခုပါ။

၁၉၈၈ ခုနှစ်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို အာဏာစက်နဲ့ မေ့ဖျောက်လို့ မရပါ။ ဒီဖြစ်စဉ်သမိုင်းကို သမိုင်းအဖြစ် သတ္တိရှိရှိ လက်ခံရပါလိမ့်မယ်။ (၈၈၈၈) နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်းဟာ အဲဒီကာလကလို တတိုင်းပြည်လုံး လမ်းပေါ်ထွက်အောင် ပြုလုပ်ခြင်း မဟုတ်သလိုပါဘဲ ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်းအခမ်းအနား ကျင်းပခြင်းဟာလည်း ပြည်ထောင်စုက ခွဲထွက်ပြီး ရခိုင်နိုင်ငံတော် တည်ဆောက်ရေးကို သွားနေခြင်းလို့ မယုံကြည်ပါဘူး။ မျိုးဆက်သစ်တွေကို သင်ယူ လေ့လာစေခြင်းသာ ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်းဟာ သမိုင်းတွေနဲ့ ”ယက်” လုပ်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရခိုင်ပြည်ဟာ သမိုင်းကြောင်းအရ နိုင်ငံတစ်နိုင်ငံရဲ့ ကြင်အန်လက္ခဏာ အပြည့်နဲ့ ရပ်တည်ခဲ့တဲ့ သမိုင်းရှိသလို အချုပ်အခြာအာဏာ ကျဆုံးခဲ့ရတဲ့ သမိုင်းလည်းရှိတယ်။ ရခိုင်ဟာ သီးခြားနိုင်ငံအဖြစ် ထူထောင်ခွင့်ကို ပယ်ဖျက်ပြီး ခေတ်သစ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်တဲ့အခါ ပါဝင်ခဲ့တဲ့သမိုင်းလည်း ရှိတယ်။ နိုင်ငံရေးအရ တန်းတူခွင့် မရှိတဲ့အခါ နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုသမိုင်းလည်း ရှိတယ်။ ဒီသမိုင်းတွေကို အာဏာနဲ့ ချေဖျက်ခဲ့ပေမယ့် မျိုးဆက် (၇) ဆက်ထိ ပျောက်ကွယ်မသွားဘဲ သယ်ဆောင်လာခဲ့တယ်။

ဆိုတော့ သမိုင်းကို အရှိအတိုင်း၊ ပကတိအတိုင်းလက်ခံပြီး အဲဒီသမိုင်းကို လွတ်လပ်စွာ လေ့လာခွင့်၊ သင်ယူခွင့်ရှိခြင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အကောင်းဆုံးအစိတ်အပိုင်းတစ်ခုလို့ မြင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် စစ်မှန်တဲ့ ပြည်ထောင်စုမှာ မြင်တွေ့နိုင်တဲ့ အခင်းအကျင်းတစ်ခုလည်း ဖြစ်တယ်။ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခဲ့တဲ့နေ့ဟာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆိုတော့ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ ကျွန်တော်သုံးစွဲခဲ့ခြင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်တွေဟာ ကွာခြားပါတယ်။ (၁၁) ရာစုမှာ အနော်ရထာ စည်းရုံး တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံလို့ ခေါ်တယ်။ အဲဒီ ပထမမြန်မာနိုင်ငံ အ၀န်းအ၀ိုင်းထဲမှာ ရခိုင်နိုင်ငံက မပါဝင်ခဲ့ဘူး။ (၁၅) ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံလို့ ခေါ်တယ်။ အဲဒီ ဒုတိယမြန်မာနိုင်ငံ အ၀န်းအ၀ိုင်းထဲမှာလည်း ရခိုင်က သီးခြားနိုင်ငံအဖြစ်ရှိတယ်။ (၁၈) ရာစုမှာ အလောင်းဘုရား စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယ မြန်မာနိုင်ငံလို့ ခေါ်ပါတယ်။ အဲဒီ တတိယမြန်မာ နိုင်ငံအ၀န်းအ၀ိုင်းထဲမှာလည်း ရခိုင်က သီးခြားနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ ဒါပေမယ့် (၁၈) ရာစု ကုန်ခါနီးမှာ ရခိုင်နိုင်ငံဟာ ဗမာနိုင်ငံရဲ့သိမ်းပိုက်မှုကို ခံလိုက်ရတယ်။

သမိုင်းပညာရှင်တွေ သတ်မှတ်ထားတဲ့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် တည်ဆောက်မှုတွေဟာ ပဒေသရာဇ်ထုံးစံတွေအတိုင်း အင်အားရှိသူက အင်အားနည်းသူကို သိမ်းပိုက်အုပ်ချုပ်ရေးဖြစ်တဲ့အတွက် သွေးနဲ့တည်ဆောက်ခဲ့ရခြင်းတွေလို့ သုံးမယ်ဆို သုံးနိုင်ပါတယ်။ ပြီးတော့ တပြည်ထောင်စနစ်ကို အင်အားနဲ့တည်ဆောက်ခြင်းသဘော။

ခေတ်သစ်မြန်မာနိုင်ငံတော် (သို့မဟုတ်) ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ပုံက ပင်လုံမူအရပြောရရင် ကတိက၀တ်တွေနဲ့တည် ဆောက်ခဲ့တာဖြစ်တယ်။ ပြောရရင် တည်ဆောက်ပုံက ယဉ်ကျေးတယ်၊ သွေးမြေမကျဘူး၊ အဓမ္မ မသိမ်းပိုက်ဘူး။ တပြည်ထောင်စနစ်နဲ့ မသွားဘူး၊ ပြည်ထောင်စုစနစ်နဲ့ သွားမယ် ဆိုတဲ့ ဆွေးနွေးသဘောတူညီမှုတွေနဲ့ အုတ်မြစ်ချခဲ့ခြင်းဖြစ်တယ်။ ဒီနေရာမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှု၊ ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် ပြည်တွင်းစစ်ဖြစ်မှုတွေကို မဆိုလိုချင်ဘူး။ ပင်လုံစာချုပ် အခင်းအကျင်းကိုသာ ပြောလိုပါတယ်။

ဆိုတော့ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေး ပန္နက်ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုမျိုး ဒီနေ့အချိန်မှာ ပြန်လည်ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အဲဒီ ယဉ်ကျေးမှုကို ပြန်လည်ကျင့်သုံးပြီး စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုတွေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ဆီကို လျှောက်လှမ်းသင့်ပါတယ်။ တိုင်းရင်းသားပေါင်းစုံရဲ့ ညီညွတ်နိုင်မယ့် “ရပ်ဝန်း” တခုမှာ ရပ်တည်ရင်း (စည်းလုံးရင်း) နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တိုင်းရင်းသားပေါင်းစုံက ညီညီ ညွတ်ညွတ်နဲ့ ထိမ်းထားသင့်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တိုင်းရင်းသားပေါင်းစုံက စောင့်ရှောက်ကာကွယ်ထားတဲ့ “ ပုံရိပ်” ကို ဖော်ဆောင်သင့်တယ်။ လူဦးရေပေါက်ကွဲ လျှံထွက်နေတဲ့ နိုင်ငံတွေက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အဖြစ်မျိုးကို ကိုယ်ကိုတိုင်က မျက်ဖြူမဆိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။

သမိုင်းရဲ့တိုက်ဆိုင်မှုအဖြစ် ဇန္န၀ါရီလ (၄) ရက်နေ့ဆိုရင် ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေးနေ့ကို ဖြတ်သန်းရပါတော့မယ်။ ဒီလွတ်လပ်ရေးဟာလည်း သမိုင်းတွေနဲ့ ”ယက်” လုပ်ခဲ့ခြင်းတစ်ခု ဖြစ်တယ်။ သီးခြားနိုင်ငံလေးတွေအဖြစ် ထွက်ပေါ်လာမယ့် အနေအထားတခု ဖြစ်ပေါ်ခဲ့ပေမယ့် ပင်လုံသဘောတူညီမှုတွေအရ ယဉ်ကျေးသိမ်မွေ့တဲ့ နိုင်ငံရေးအခင်းအကျင်းက ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံကို မွေးဖွားခဲ့ပါတယ်။

ဒါပေမယ့် --- သမိုင်းတွေနဲ့ ယက်လုပ်ထားတဲ့ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို စတုတ္ထမြန်မာနိုင်ငံတော်၊ ပဉ္စမမြန်မာနိုင်ငံတော်အဖြစ်သို့ အင်အားနဲ့ မောင်းနှင်မိတဲ့အခါ --- ။ ။

ခိုင်လင်း(မေဃ၀တီ)
ဇန္န၀ါရီ (၁) ၂၀၁၄ ၈း ၄၁ ည

No comments: