တပ်မတော်နှင့်ပြည်သူကြား ရန်တိုက်ပေးဒါ ဖွဲ့စည်းပုံအခြေခံဥပဒေပါဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီလ ၂၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးတွင် ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီအချိန်တွင် တောင်ကြီးမြို့ကျောင်းကြီးစုရပ် ကျောက်တလုံးလမ်း အဝေရာမီးပုံးပျံကွင်းအနီးတွင် တောင်ကြီးမြို့ပြည်သူလူထုများအား တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနှင့် ပတ်သက်၍ လူထုဆန္ဒခံယူလိုကြောင်း သိရသည်။

“ကျွန်မတို့မြန်မာပြည်တပ်မတော်ဟာ ဖေဖေတည်ထောင်ခဲ့သော တပ်မတော်၊ ဒီတပ်မတော်ဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့ ပြည်သူနှင့်တိုင်းပြည်ကို စောက်ရှောက်ဖို့ တည်ထောက်ခဲ့သော တပ်မတော်၊ ကျွန်မက အင်မတန်မ သိက္ခာရှိတဲ့ တပ်မတော်ဖြစ်စေချင်တယ်။ ဒါပေမဲ့ တပ်မတော်လက်အောက်ရောက်သွားတဲ့ ကျွန်မတို့နိုင်ငံဟာ တကမ္ဘာလုံးမှာ အမွဲဆုံးနိုင်ငံပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဖြစ်ဖို့ မဟုတ်ပါဘူး။ ဥပဒေရေးဆွဲတဲ့သူတွေကို စည်းကမ်းရှိတဲ့ ဒီမိုကရေစီထူထောင်ဖို့ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသွားသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးကတည်းက ကန့် ကွက်ခဲ့ပါတယ်။ ရေးပုံရေးနည်းက ဒီမိုကရေစီနည်းမကျဘူး။ စစ်မှန်တဲ့ပြည်သူ့ကိုယ်စားလှယ် ပါဝင်ခြင်း မဟုတ်ခဲ့ဘူး။ ပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်တောင်မဖတ်ဖူးဘူး။ ဒါကို ၉၀ ရာခိုင်နှုန်း ထောက်ခံတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်နှင့် ပြည်သူ တစ်သားတည်းမရှိဘူး။ ဒါကြောင့် တပ်မတော်နှင့်ပြည်သူကြား ရန်တိုက်ပေးတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်တယ်။ ဒါကို ပြင်နိုင်မှ လိုချင်သော အမျိုးသားရင်ကြားစေ့ရေးကို ရရှိမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမည့်ပုဂ္ဂိုလ်များ၊ ပြုပြင်ပြောင်းလဲအောင် လုပ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပေးခြင်း မရှိလျှင် ဒီပုဂ္ဂိုလ်ကို တိုင်းပြည်အပေါ် တကယ်စေတနာရှိရဲ့လား ဆိုတာမေးခွန်းထုတ်ရမှာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း အနီးကျောင်းကြီးစုရပ် ကျောက်တလုံးလမ်းမပေါ်တွင် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

အခန်းနားတွင် ညနေ ၃ နာရီကျော်မှ ၅ နာရီကျော်ထိ ပြည်သူလူထုနှင့် နွေးထွေးစွာတွေ့ဆုံကြောင်း၊ အဝေရာမီးပုံးပျံကွင်း ခွင့်ပြုချက်မရ၍ ကျဉ်းကြပ်နေသော လမ်းဘေးတွင် စီစဉ်ပေးရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်သင့်မပြင်သင့် အသစ်ရေးဆွဲသင့် မရေးဆွဲသင့်ကို ပြည်သူလူထုဆန္ဒ ခံယူသွားကြောင်း သိရသည်။


No comments: