ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီ ၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ် | ဆောင်းပါး
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေသော တိုင်းရင်းသားလူမျိုးစုများသည် လူမျိုးကိုယ်စီဍ် စာပေနှင့် ယဉ်ကျေးမှုများရှိကြပါသည်။ တိုင်းရင်းသားပေါင်း တစ်ရာ (၁၀၀) ကျော်ရှိသည့်အနက် ပအိုဝ်းလူမျိုးများသည် သမိုင်းစဉ်ဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများ ရှိခဲ့သော တိုင်းရင်းသားလူမျိုးငယ် ဖြစ်ပါသည်။
လူနည်းစုဖြစ်သည့်အတွက် တစ်နိုင်ငံလုံးကျယ်ပြန့်စွာ သိရှိနိုင်ခြင်း မရှိသေးပေ။ ရေကြည်ရာ မြက်နုရာ လိုက်နေထိုင်နေသော ပအိုဝ်းလူမျိုးသည် မြန်မာနိုင်ငံ နေရာကျဲကျဲ နေထိုင်လာခဲ့ပါသည်။ တစ်ချို့သမိုင်းဆရာများက ပုဂံမင်း အနော်ရထာ လက်ထက်တွင် သုဝဏ္ဏဘူမိသထုံမြို့ကို သိမ်းပိုက်းပြီး ချိန်မှာစ၍ ပအိုဝ်းလူမျိုးများ ဥကွဲသိုက်ပျက်တဲ့ ဘဝသို့ ရောက်ရှိခဲ့ခြင်းကိုလည်း သမိုင်းမှတ်တမ်း တစ်ခု ရှိခဲ့ပါသည်။
ယခု ပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသတွင် မြန်မာနိုင်ငံအရှေ့ဘက် နယ်စပ်ဒေသ၊ ကယားပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နှင့် ရှမ်းပြည်နယ် တောင်ပိုင်းများတွင် နေထိုင်လျက်ရှိသည်ကိုလည်း သမိုင်းအရ တွေ့ရှိရပေမည်။
ပအိုဝ်းလူမျိုးသည် စာပေနှင့်ပတ်သက်လျှင် အားနည်းမှု ရှိနေပါသေးသည်။ အဘယ်ကြောင့်ဆိုသော် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ပအိုဝ်းလူမျိုးများသည် ဒေသကွာခြားချက်အရ ပြောသောစကား လေယူလေသိမ်းကိုလည်း ကွဲပြားလာကြသည်။ တောင်ပေါ်ဒေသ စာပေနှင့် မြေပြန့်ဒေသ စာပေလည်း အနည်းအကျဉ်း ကွဲလွဲမှုများရှိကြသေးသည်။ သီချင်းစာဆိုတွင် (ခမ်းကောင်သားလိတ် နီလိတ်၊ ခမ်းဒွမ်သားလိတ် နီလိတ်) “တောင်ပေါ်ဒေသစာပေ ဒို့ပအိုဝ်းစာပေ၊ မြေပြန့်ဒေသစာပေ ဒို့ပအိုဝ်းစာပေ” ဟု ကြွေးကြော်သော သီချင်း ရှိခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် စည်းလုံးညီညွှတ်မှုကို ရလိုခြင်း ဖြစ်သည်။
စာပေအက္ခရာတို့သည် တိုင်းသူပြည်သားလူအများတို့၏ အမြင်ကျယ်မှု၊ ဒိဗ္ဗစက္ခု အဆီးအတားမရှိ မြင်နိုင်သော မျက်စိကောင်းသဖွယ် ဖြစ်စေပြီး၊ ပြည်သူလူထုတို့၏ ကြေးမုံသဖွယ်လည်း ဖြစ်ပေသည်။ ပအိုဝ်းစာပေများသည် ခေတ်သုံးခေတ်ဖြင့် ထွန်းကားခဲ့သည်ကို သမိုင်းအရ သိမြင်ရပေမည်။
ပထမခေတ် ရာဇကုမာရ် ကျောက်စာတွင် ရေးထိုးထားသောပါဠိ၊ ပျူ၊ မွန်နှင့် မြန်မာစာ လေးဘာသာသည် ပျူသည် ရိုးရာယုံ ကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ စရိုက်လက္ခဏာကို ဘာသာဗေဒနည်းအရ ပအိုဝ်းများနှင့် များစွာတူညီကြောင်းကို သမိုင်းထင်မြင်ယူဆမှုအတိုင်း ပျူသည် ပအိုဝ်းမျိုးနွယ်ဟု ယူဆကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဂူတစ်ဂူတွင်းတွင် ရေးထိုးထားသော ကျောက်စာမှာ ပအိုဝ်းစာဖြစ်နေကြောင်းကိုလည်း သက်သေထူနိုင်သည်။
ပအိုဝ်းစာပေ ဒုတိယခေတ်သည် အေဒီ ၁၈၁၇ ခုနှစ်တွင် ပအိုဝ်းစာပေ အရေးအသားသမိုင်းတွင် ကျော်စောထင်ရှားသော မိုင်းပျိုးဆရာတော် ဦးကဝိသာရသည် ပအိုဝ်းစာပေဖြင့် ရေးသားသည့် ဝေဿန္တရာဇာတ်တော်လင်္ကာကို မြန်မာ့သက္ကရာဇ် ၁၁၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်၊ ကြာသပသေးနေ့ ညနေ (၃) နာရီအချိန်တွင် ရေးသားပြီးစီးခဲ့သည်ဟု သိရှိခဲ့ရသည်။ မင်းတုန်းမင်းတရားကြီးလည်း မိုင်းပျိုးဆရာတော် ရေးသားပြုစုခဲ့သည့် ပအိုဝ်းစာပေကို အားပေးချီးမြောက်ပြီးသည့် နောက်ပိုင်းတွင် ပအိုဝ်းစာပေ မိုင်းပျိုးမူသည်လည်း ထင်ရှားခဲ့ပေသည်။
ထို့ကြောင့် ပအိုဝ်းမိုင်းပျိုးစာမူသည် မင်းတုန်းမင်းလက်ထက်ကတည်းက ပေါ်ပေါက်နေပြီဟု ပညာရှိများက ယူဆခဲ့ကြသည်။ မြန်မာ့စွယ်စုံကျမ်းအရ ပအိုဝ်းစာပေသည် လွန်ခဲ့သောနှစ်ပေါင်း (၁၇၀) က ပေါ်ပေါက်ခဲ့သည်ဟု ခန်းမှန်းယူဆကြသည်ဟု သိရသည်။
ပအိုဝ်းစာပေ တတိယခေတ်သည် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်တွင် ထီသိမ်ဆရာတော် ဦးသုနန္ဒက မိုင်းပျိုးဆရာတော် ဦးကဝိသာရရေးသားခဲ့သော ပအိုဝ်းစာမူကို အခြေခံ၍ ခေတ်နှင့် လျော်ညီအောင် ရှေးမူမပျက်စေဘဲ စကားလုံး တစ်လုံး အသံထွက်တစ်ခု ဖြစ်စေရန်အတွက် ရေးသားဟောပြောရာတွင် လွယ်ကူမှုရှိစေရန်အတွက် ပအိုဝ်းစာမူအသစ်ကို ရေးသားပြုစု ပေးခဲ့ပါသည်။
၎င်းပအိုဝ်းစာမူအသစ်ကို ၁၃၀၅ ခုနှစ်၊ ဝါတွင်းသုံးလတွင် ညောင်ရွှေစော်ဘွားကြီး ပင့်ဖိတ်ချက်အရ ပိဋကတ်စာပေ ပြန်ဆိုပို့ချသည့်ပွဲတွင် တက်ရောက်လာကြသော ပအိုဝ်းသံဃာတော်များအား တင်ပြခဲ့ပါသည်။ ဦးသုနန္ဒ ကိုယ်တိုင် ပြုစုထားသော ပအိုဝ်းစာမူအသစ်ကို တက်ရောက်လာသော ဆရာတော်များအားလုံးက ကြိုက်နှစ်သက်၍ ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် ပအိုဝ်းသင်ပုန်းကြီး စာမူသစ်အား အတည်ပြု ထောက်ခံခဲ့ကြသည်။
ထိုသင်ပုန်းကြီး စာမူသစ်အား ၁၃၁၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ပအိုဝ်းသင်ပုန်းကြီးစာအုပ်ရေ (၅၀၀၀) ပုံနိုပ်ထုတ်ဝေခဲ့ကြသည်။ ထိုအချိန်မှစ၍ ပအိုဝ်းသင်ပုန်းကြီး ဖတ်စာအား ပအိုဝ်းလူထုအတွင်းသို့ ပျံ့နှံ့နိုင်ရန် သင်တန်းများ ဖွင့်လှစ် ပို့ခဲ့ကြသည်။
ပအိုဝ်းအက္ခရာ သင်ပုန်းကြီးသစ်မှာ ဗျည်း - ၃၆ လုံး ရှိခဲ့သည်။ မြန်မာဗျည်း ၃၃ လုံးနှင့်သင်္ကေတ -. ၊ -း ၊ ( ̮ ) (လဆန်စ) လချမ်းပမာ ပါရှိခဲ့သည်။ ပအိုဝ်းသရ ၁၂ လုံး ရှိခဲ့သည်။ ၎င်းမှာ “အ အာ၊ ဣ ဤ၊ ဧ အဲ၊ အဲုင့် အဲုင်၊ သြ သြာ် အို …. ” စသည်ဖြင့် ရှိခဲ့ပါသည်။ သရလက္ခဏာ “အဲုင်” သည် မြန်မာအသံထွက် မရှိပေ။ ( ̮ ) အက္ခရာသည် တစ်ပါးသော အက္ခရာနှင့် ယှဉ်သောအခါ ပအိုဝ်းအသံထွက်ကို အထူးသဖြင့် ဖြစ်စေတတ်သောကြောင့် ဝိသေသန သင်္ကေတ အက္ခရာလည်း မည်၏ ဟု ဖော်ပြထားပါသည်။
ဆရာတော်ဦးသုနန္ဒ သင်ပုန်းကြီးဖတ်စာမူရင်း နိဒါန်းတွင် ̏ မိရိုးဖလာ ဆရာသမားတို့၏ အပြုအမူ အယူဝါဒ ထုံးစံသည် ဘုရားရဟန္တာ မဟုတ်သည်ဖြစ်၍ အကျိုးရှိ/မရှိ ဟုတ်လေသလော၊ မဟုတ်မမှန်လေသလော အတွေးတောအကြံဥာဏ် ရှိစေရမည်။ အကျိုးရှိသည် ဟုတ်မှန်ခဲ့လျှင် တိုးပြီးကြိုးစားရမည်။ အကျိုးမရှိ မဟုတ်မမှန်ခဲ့လျှင် ပါယ်ပစ်ရမည်၊ သို့မဟုတ် ခေတ်ပြောင်းပေးရမည် ̋ ဟု ဖောပြထားသည်ကို တွေ့ရသည်။
၎င်းနှင့် ပတ်သက်ပြီး ၁၃၂၃ ခုနှစ်တွင် လူအများစိတ်ဝင်စား လွယ်ကူစွာ သင်ယူနိုင်ရန်အတွက် အရုပ်ပန်းချီများ ရေးဆွဲ၍ ထိုသင်ပုန်းကြီးဖတ်စာအား အသစ်တစ်ဖန် ပြန်လည်ရိုက်နိုပ်ခဲ့ကြသည်။ ယခင် ရှိနှင့်ပြီးသော ထီသိမ်ဆရာတော် ဦးသုနန္ဒ သင်ပုန်းကြီးဖတ်စာကို မူရင်းအဓိပ္ပာယ် မပျက်စေဘဲ စက်တင် ပုံနှိပ်ရာတွင် လွယ်ကူမှု ရှိစေရန်အတွက် ယခင်အသုံးပြုသော လဆန်းစ (၃) ရက် လထွက်ပုံစံ ( ̮ ) အစား၊ “မဲုင်ငါ၊ မဲုင်ပက်ငါ” ဟူ၍ ပအိုဝ်းသံဃာတော်များ၏ သဘောတူညီချက်ဖြင့် အစားထိုး ရိုက်နှိပ်နိုင်ခဲ့ပါသည်။
အသစ်တစ်ဖန် ပြန်လည်ရိုက်နှိပ်သော သင်ပုန်းကြီးဖတ်စာသည် ဗျည်း (၃၃) လုံး၊ ပအိုဝ်းသရ (၁၆) လုံးအဖြစ် သတ်မှတ်လာခဲ့ကြသည်။ ပအိုဝ်းစာပေ၏ ထူးခြားချက်တစ်ခုမှာ ဘာသာစကားပေါင်းစုံ၏ အသံထွက်သည် ပအိုဝ်းစာပေနှင့် ပေါင်း၍ ရနိုင်သည်။ အိင်္ဂလိပ်၊ တရုတ်ကအစ တိုင်းရင်းသားဘာ သာစကားများလည်း ပေါင်း၍ ရနိုင်သည်။
ထို့ကြောင့် ပအိုဝ်းစာပေ တတ်မြောက်ကျွမ်းကျင်သော ပုဂ္ဂိုလ်များသည် တစ်ခြားဘာသာစကားကို သင်ယူရန် လွယ်ကူမှုအထောက်အကူ ပြုပေသည်။
ပအိုဝ်းစာပေသည် “ဟထိုး” မရှိခဲ့ပေ။ အကြောင်းမှာ ̏ အက္ခရာတိုင်းသည် ဟထိုး ထည့်ပြီး ရေခြင်းသည် ပညာရှိတို့ ရယ်ဖွယ်ရာသာ အဖတ်တင်၏။ သင်္ကေတဆိုလျှင် တော်သေး၏ ဆိုပြန်သော်လည်း မထူးသောကြောင့် အကျိုးမရှိ၊ သင်္ကေတတစ်မျိုးထားပြန်သော်လည်း တစ်ဘာသာတည်းမှာ သင်္ကေတနှစ်မျိုး ဖြစ်သွားမည်ဖြစ်သောကြောင့် ဖတ်ဖို့ မှတ်ဖို့ ရှုပ်ထွေးသွားမည်ဖြစ်၏။ ထို့ကြောင့် နေရာတကာ ဟအက္ခရာသာ ထိုး၍အားကိုးခြင်းမပြုဘဲ အက္ခရာတစ်မျိုးတစ်မည်ဖြင့် တီထွင်ထားပါမှ နေရာကျ အကျိုးရှိမည်ဖြစ်ကြောင်း ̋ သင်ပုန်းကြီးဖတ်စာ နိဒါန်းတွင် ဖော်ပြထားပါသည်။ ပအိုဝ်းစကားသည် ဟထိုးအသံထွက်သည့် စကားလုံးလည်း မရှိသလောက်ပင် ဖြစ်သည်။
၁၃၂၃ ခု နှစ် တပေါင်းလပြည့်ကျော် (၁၂) ရက်နေ့၊ (၂၃) ရက်၊ (၃) လ ခရာဇ်နှစ် ၁၉၆၈ ခုနှစ်တွင် ဆရာတော်ဦးကုသလ ဦးဆောင်၍ ပအိုဝ်းစာပေညီလာခံအား ကျောက်တလုံးမြို့တွင် ကျင်းပခဲ့သည်။ ၎င်းညီလာခံတွင် ပအိုဝ်းသံဃာ အပါးပေါင်း (၂၃၉) ပါး တက်ရောက်ခဲ့ကြသည်ဟု သမိုင်းတွင် ရှိခဲ့သည်။ ထိုညီလာခံတွင် ပအိုဝ်းစာပေ တိုးတက်ခိုင်မြဲရေး အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်အောင် ဆောင်ရွက်ကြမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၂၉ ခုနှစ်သို့ ရောက်ရှိသောအခါ တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် သာသနာ့ရက္ခိတသံဃာအဖွဲ့အား ပအိုဝ်းဒေသအတွင်းရှိ စာပေကျမ်းဂန် တတ်မြောက်သည့်သံဃာတော်များဖြင့် အင်အားဖြည့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပအိုဝ်းစာပေပြန့်ပွားတိုးတက် တည်မြဲရေးအတွက်လည်းကောင်း၊ လူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာ တိုးတက်ထင်ရှားစေရန်အတွက်လည်းကောင်း၊ ပညာရေး၊ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု ရရှိစေရန်အတွက်လည်းကောင်း၊ သာသနာတော် အရှည်တည်တံ့ခိုင်မြဲ ရေးအတွက် လည်းကောင်း စသည့်လမ်းစဉ်များ ချမှတ်၍ ဆောင်ရွက်ခဲ့ကြသည်။
ယခင်အသုံးပြုသော ဦသုနန္ဒထီသိမ်စာမူ သင်ပုန်းကြီးတွင် ပအိုဝ်းကို ပအိုး ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။ ယခု ပအိုဝ်းဗဟိုသံဃာပညာရှင်အပေါင်းတို့အား မူရင်းအဓိပ္ပာယ် မပျက်စေဘဲ ကျစ်လစ်လွယ်ကူစွာ ပြင်ဆင်လိုက်သောအခါ ယခု “ပအိုဝ်း” ဟု သုံးနှုန်းထားသည်ကိုလည်း တွေ့ရှိရပေသည်။ ဒါကိုလည်း ခေတ်နှင့် အညီ ပြုပြင်ပြောင်းလည်းခြင်းဟု ထင်မိသည်။ သို့သော်လည်း တစ်ခြားတိုင်းရင်းသားများက ပအိုဝ်းကို (ပအိုင်း) လို့ ဖတ်ကြသည်က များသည်။ ဒါက ပအိုဝ်းလူမျိုးများအတွက် ဝမ်းနည်းစရာတစ်ခု ဖြစ်ပေသည်။ မြန်မာနိုင်ငံ တိုင်းရင်းသားလူဦးရေ အဆင့် (၇) ရှိသော ပအိုဝ်းတိုင်းရင်းသားများသည် စာပေတစ်ခုကြောင့် ပအိုဝ်းလူမျိုးများက အသိအမှတ်ပြုခံရမှု သိပ်မရှိသေးကြောင်း ထင်ရှားပါသည်။
ပအိုဝ်းတိုင်းရင်းသား ဝတ်ဆင်ထားသော ရိုးရာယဉ်ကျေးမှုဝတ်စုံသည် တစ်ချို့တိုင်းရင်းသားများက ပအိုဝ်းဖြစ်ကြောင်းကို ထင်ထင်ရှားရှား သိရှိခြင်း မရှိသေးပေ။ အမျိုးသားဝတ်စုံသည် ခေါင်းပေါင်းပါ၍ ၎င်းကို ဇော်ဂျီ သဏ္ဍာန်ဆောင်သည်ဟု ရှေ့ပညာရှင်များက ပြောဆိုခဲ့သည်။ အမျိုးသမီးဝတ်စုံသည် ဆံထိုးနှင့် ခေါင်းပေါင်းပါ၍ နဂါးအမောက်ဆောင်သည်ဟု လည်း သိရသည်။ ဝတ်စုံနှစ်မျိုးစလုံးကို အရောင်အနက်များ ဖြစ်ကြသည်။ ၎င်းအား နက်နဲခြင်းသဘောကို ဆောင်သည်။ အမဲရောင်မဟုတ် အနက်ရောင်ဖြစ်ကြောင်း ဘိုးဘွားများက ဆိုသည်။ ခေါင်းပေါင်းတွင် အရောင်အမျိုးမျိုးနှင့် ဒီဇိုင်းမျိုးစုံ ရှိနိုင်သည်။
တစ်ခုရှိသည်မှာ မြန်မာနိုင်ငံတွင် ပအိုဝ်းလူမျိုး သီးသန့်ရှိသည်ကို တစ်ခြားတိုင်းရင်းသားများ သိရှိခြင်း နည်းပေသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးငယ်လည်းဖြစ်၊ ပြည်နယ်မရှိ ပဒေသရာဇ် စနစ်ဆိုး၏ ဖိနှိပ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းဝတ်စုံဖြစ် ရန်ကုန်မြို့သို့ သွားလာရာတွင် လူတကာ ငေးကြည့်ပြီး မည်သည့်လူမျိုးဖြစ်ကြောင်း မသိရှိကြပေ။
လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စား နိုင်ငံတကာအလှမယ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် ပအိုဝ်းတိုင်းရင်းသူစစ်စစ်ကို မီဒီယာများက ရှမ်းတိုင်းရင်းသူဟု ဖော်ပြဖူးပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ပအိုဝ်းလူမျိုးသည် မြန်မာနိုင်ငံရှိ လူတိုင်းသိရှိခြင်း မရှိသေးသည်ကို သက်သေဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားများသည် တောင်ယာများနှင့် လယ်သမားများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြ သောကြောင့် စာပေလေ့လာမှု အားနည်းကြသည်။ ပအိုဝ်းသံဃာများက ဦးဆောင်ပြီး တစ်နှစ်တစ်ခါ ကျင်းပပေးသော ပအိုဝ်းစာပေ ဆရာအဖြစ်သင်တန်းကို အမှတ်စဉ် ၂၉ ကြိမ် ရှိပြီးဖြစ်ကြောင်း သိရှိရသည်။ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသ ဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်နှစ်တစ်ကြိမ် အလည့်ကျ ပြုလုပ်ခြင်းဖြစ်သည်။ လာမည့်နှစ်တွင် ဟိုပုံးမြို့နယ်တွင် ပြုလုပ်မည်ဟု သံဃာတော်အစည်းအဝေးဆုံးဖြတ်ချက်တွင် သိရှိရသည်။ စာပေပြန့်ပွားရေးအတွက် ဗဟိုသံဃာများကသာ ဦးဆောင်ပေးသွားပါသည်။ ဆရာအဖြစ်သင်တန်းတွင် သင်တန်းသူ သင်တန်းသားများ တဖြည်းဖြည်း များသထက် များလာသည်။ ယခင် ၂၉ ကြိမ်မြောက် ပင်လောင်းမြို့နယ် ပင်ခွန် ဘုန်းတော်ကြီးကျောင်းတွင် သင်တန်းသား ၃ ထောင်နီးပါး ရှိပါသည်။ သင်တန်းကို ၈ ရက်ပြုလုပ်ပါသည်။ ဒေသခံများက လူအား၊ ငွေအား စေတနာထက်သန်စွာဖြင့် ပြုလုပ်ပေးပါသည်။
ယခု အချိန်တွင် ပအိုဝ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်မှု တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားတွင် ရောက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားများသည် ဆရာအဖြစ် ဗဟိုသင်တန်းရောက်ချိန်တွင် အွန်လိုင်းပေါ်မှ တဆင့်လည်းကောင်း၊ အသိမိတ်ဆွေ အပေါ်တွင် လည်းကောင်း၊ သတင်းအချက်အလက်များ ရသည်နှင့် အရောက်ပြန်ခဲ့ခြင်းများလည်း ရှိခဲ့သည်။ ယခုအခါ အဝေးရောက် ပအိုဝ်းတိုင်းရင်းသားများသည် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြင့် စာအုပ်မဂ္ဂဇင်းများ ထုတ်ဝေခြင်းများလည်း ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း မျိုးချစ်ပုဂ္ဂိုလ်များကလည်း စာအုပ်များ ထုတ်ဝေကြသည်။ ယခု ထွက်ရှိသော စာအုပ်ပေါင်းလည်း မနည်းတော့ပေ။ နာမည်အရဆုံးနှင့် သက်တမ်းအရှည်ဆုံး စာအုပ်မှာ ဒဲဉ်သီးလက်ဆောင် ဆိုသော စာအုပ်သည် ယခုထိ အသက်ရှင်သန် နေသေးသည်။
ကျေးရွာအုပ်စုအလိုက် ရွာအလိုက်၊ ဒေသအလိုက် ဗဟိုသံဃာတော်၏ သြဝါဒကို ခံယူပြီး ဆရာဖြစ် သင်တန်း တက်ပြီးသော ဒေသခံဆရာများက နွေရာသီအချိန်တွင် မိမိဒေသအလိုက် ပအိုဝ်းစာပေပြန့်ပွားရေးအတွက် အကျိုးဆောင်အနေဖြင့် ပြန်လည်သင်ကြားပေးကြပါသည်။ စာစစ်ဌာနက ဗဟိုသံဃာအဖွဲ့မှ ဦးဆောင်ပေးပြီး ကျေးရွာအုပ်စုအလိုက် မြို့နယ်အလိုက် ကျင်းပသွားပါသည်။
ပအိုဝ်းစာပေ ဝါသနာရှင်များလည်း တစ်ဖြည်းဖြည်းများလာပြီး စာပေ၊ စာအုပ်များလည်း ထုတ်ဝေလာကြသည်။ အားနည်းမှုတစ်ခုမှာ ပအိုဝ်းတိုင်းရင်းသားများသည် စာဖတ် အားနည်းကြသည်။ ဒါလည်း အသက်မွေးဝမ်းကြောင်းပေါ် မူတည်နေကြောင်းလည်း တစ်ခု၊ ပဒေသရာဇ် စနစ်ဆိုးကြောင့်တစ်ခု ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပဒေသရာဇ် အုပ်စိုးချိန်တွင် ပအိုဝ်းတိုင်ရင်းသားများ အဖိနှိပ်ခံဘဝဖြင့် နေထိုင်လာခဲ့ကြပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် အရေးအမျိုးမျိုး နောက်ကျကျန်ရစ်ခဲ့ရပေသည်။
“ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့” ကိုလည်း ခရာဇ်နှစ် ၁၉၇၂ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့တွင် တောင်ကြီးမြို့နယ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒုတိယအကြိမ် တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် တတိယအကြိမ် တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဆီဆိုင်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ လွိုင်လင်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ပင်လုံမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ကလောမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ရပ်စောက်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ညောင်ရွှေမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဇရပ်ကြီးဒေသ အောက်ပြည်ပအိုဝ်းစာပေနှင့်ယဉ် ကျေးမှုအဖွဲ့၊ ဘားအံမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရွာငံမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ စသည့်မြို့နယ်အသီးသီးအလိုက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။
ဗဟိုပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရုံးချုပ်သည် အမှတ် (၉၈) ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ကွက်၊ တောင်ကြီးမြို့တွင် တည်ရှိကြောင်း သိရသည်။ ၎င်းရုံးသည် ပအိုဝ်းတိုင်းရင်းသားအားလုံး ပိုင်ဆိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းတိုင်းရင်းသားပြည်သူများအပေါ် ကောက်ခံပြီး ရလာသောဘဏ္ဍာငွေဖြင့် ဝယ်ယူထားကြောင်းဖြစ်သည်။ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌနေရာတွင် လက်ရှိပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ဒုဥက္ကဌလည်းဖြစ်၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ် ဦးခွန်ဝင်းကိုက ဆောင်ရွက်လျက်ရှိသည်။
ဗဟိုပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို ၁၉၉၆ ခုနှစ် မတ်လ (၂၂) ရက်တွင် ဖွဲ့စည်းခွင့်လက်မှတ် အမှတ် (၁၇၉၅) ဖြင့် တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။ တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ရလာသော ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီသည် ၁၉၉၇ ခုနှစ် သြဂုတ်လ (၁၊ ၂) ရက်နေ့များတွင် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု၊ ဖာမွန်းဘုန်းတော်ကြီးကျောင်းတွင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ စုံညီစွာတက်ရောက်သောညီလာခံကို ကျင်းပပြုပ်လုပ်၍ ရှေ့လုပ်ငန်းစဉ် (၂၁) ရပ်ကို ချမှတ်ပြီး စာပေနှင့်ယဉ်ကျေးမှု မဖွဲ့စည်းရသေးသောမြို့နယ်များ၌ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းခြင်း၊ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်း စသောစာပေနှင့်ယဉ်ကျေးမှု လုပ်ငန်းများကို ဝိုင်းဝန်းကြိုးစား လုပ်ဆောင်လျက်ရှိပါသည်။
ယခုတွင် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသအသီးသီးသည် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရုံးများ ရှိပါသည်။ ကျေးလက်ဒေသအရ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များလည်း ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ပအိုဝ်းတိုင်းရင်းသားများ ပြုလုပ်ရန်ကျန်ရှိနေသည့် တစ်ခုမှာ စာပေဟောပြောပွဲများ ဖြစ်ပါသည်။ လက်ရှိအချိန်ထိ (၆) လတွင် တစ်ကြိမ် ဗဟိုသံဃာအဖွဲ့မှ ပြုလုပ်ပေးသော တရားပွဲသာရှိပြီး၊ စာပေဟောပြောပွဲထွန်းကားမှု မရှိသေးပေ။ ပအိုဝ်းစာရေးဆရာများ အတော်အသင့်ရှိပါသည်။ စာပေဟောပြောပွဲ အကောင်အထည်ဖော်နိုင်ရန် ပအိုဝ်းတိုင်းရင်းသားများနှင့် တာဝန်ရှိသူများက ကြိုးစားပေးသွားရန် လိုအပ်ပါသည်။
ယခုမြန်မာပြည်သူ့ဖိုရမ်တစ်ခုတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကို အရပ်ဘက်လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ဆွေးနွေးသွားသည်ကို သိရသည်။ အင်မတန်ကောင်းမွန်သည့် အစီအစဉ်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားစာပေနှင့် မီဒီယာ ပေါင်းစပ်မှုအားနည်းနေခြင်းကို ဖြေလျော့ပေးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားများသည် မြို့ကြီးများနှင့်မတူဘဲ ဘာသာစကားအားနည်းခြင်း၊ မီဒီယာများအားနည်းခြင်းများ ရှိသည်။ တိုင်းရင်းသားစာပေ ထွန်းကားလာလျှင် သူ့ဘာသာ၊ သူ့စာပေအလိုက် မီဒီယာများ ပေါင်းစပ်မှု ရရှိနိုင်ပါလိမ့်မည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်လျက်ရှိသော ပအိုဝ်းတိုင်းရင်းသားများသည် ကိုယ်ပိုင်ဓလေ့ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ခေတ်အဆက်ဆက် ရပ်တည်နေထိုင်လာပြီး ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်သမိုင်းကြောင်း၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံကို ထိန်းသိမ်းရန်၊ ပိုမိုတိုးတက် ထွန်ကားလာနိုင်ရန်လည်း ကြိုးစားရန် လိုအပ်ပါသည်။ ပအိုဝ်းလူငယ်မျိုးဆက်သစ်များ ပအိုဝ်းစာပေကို စိတ်ဝင်စားမှု အားကောင်းလာနိုင်စေရန်လည်း လိုအပ်ပါသည်။ စာပေကို အရင်းတည်ပြီး လူမျိုးတစ်မျိုး ရပ်တည်နိုင်ရန် အဓိကကျသောအချက် ဖြစ်ပေသည်။
ထိုကြောင့် “စာပေရှိလျှင် လူမျိုးမပျောက်” ဆိုသည်ကို တိုင်းရင်းသားလူမျိုးတိုင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
No comments:
Post a Comment