လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အာဆီယံအကြို ရွေ့ပြောင်းအလုပ်သမားရေးရာ ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲ ပူးပေါင်းကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) ၊ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်။ (တောင်ကြီးတိုင်းမ်)

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားရေးရာ၏ အခြေအနေနှင့်ပတ်သက်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး ၂၀၁၅ ခုနှစ် အာဆီယံ အကြို ပြင်ဆင်မှု အလုပ်ရုံဆွေးဆွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင် ဆာယမ်ဌာနီဟိုတယ်တွင် နိုဝင်ဘာလ ၂၂ - ၂၃ ရက် နေ့များတွင် အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတို့မှ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပခဲ့ပါသည်။


ဓာတ်ပုံ - ကိုထူးချစ် facebook

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် အာဆီယံအကြို ရွေ့ပြောင်းအလုပ်သမားရေးရာ ပြင်ဆင်မှု အတွက် စူရပ်ဌာနီခရိုင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ၀မ်ချိုင်း ဦးရာဂွန် က ဖွင့်လှစ်ပေးခဲ့ပြီး၊ ထိုင်းနိုင်ငံ၏ ဝါရင့်နိုင်ငံရေးသမား၊ အစိုးရဌာနများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ လုပ်ငန်းရှင်များ၊ အလုပ်သမားများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် စူရပ်ဌာနီခရိုင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ၀မ်ချိုင်း ဦးရာဂွန်က "ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှ တရားဝင် မှတ်ပုံတင်ထားသည့် ရွေ့ပြောင်း အလုပ်သမားများ အခြေအနေ အပါအ၀င် ရော်ဘာစိုက်ပျိုးရေးနဲ့ ငါဖမ်းလုပ်ငန်းတွေမှာ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားက မရှိမဖြစ် လိုအပ်နေတယ်" ဟု အဖွင့်စကားတွင် ပြောဆိုခဲ့သည်။

စုပေါင်းကျင်းပသော အလုပ်ရုံဆွေးနွေးပွဲမှာ ပထမရက် နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခဟောင်း၊ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း၏ ဥကဌ မစ္စတာ Mr. Kraisak Choonhavan က ထိုင်းနိုင်ငံ၏ လက်ရှိအလုပ်သမားများ အခြေအနေ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အခြေအနေနှင့် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမား အခြေအနေများကို သုံးသပ် ပြောဆိုခဲ့သည်။

ထို့အပြင် "မြန်မာပြည်မှာ လက်ရှိအခြေအနေအရ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် နေပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြှင့်လိမ့်မယ်လို့ မိမိအနေနဲ့ ယုံကြည်တယ်။ (လုံးဝ) တည်ငြိမ်နေပြီလို့ ပြောလို့ မရသေးသလို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံ အတွင်းမှာ ဆက်လက် အလုပ်လုပ်ကိုင် နေကြဦးမှာဖြစ်တယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို ဥပဒေနဲ့အညီ စနစ်တကျ ကိုင်တွယ်ဖြေရှင်း သွားဖို့ လိုတယ်" ဟု Mr. Kraisak Choonhavan ပြောဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သော ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငါအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် မှ "ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေ၊ လူကုန်ကူးမှုပြဿနာနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရမှုတွေ တင်ပြဆွေးနွေးခဲ့တယ်" ဟု ပြောပါတယ်။

အဆိုပါ အလုပ်ရုံဆွေနွေးပွဲသို့ ထိုင်းအစိုးရ အဖွဲ့အစည်းများ၊ ဆူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့စည်းများ၊ ဒေသတွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံ ဥပဒေ ပညာရှင်များ၊ ထိုင်းလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေနွေးပွဲအား ဦးဆောင် ကျင်းပသောအဖွဲ့အစည်းများ(၆)ဖွဲ့မှာ
1။ Ministry of Social Development and Human Security
2။ RaK Thai Foundation
3. Foundation for education and development (FED)
4. International Organization for Migration
5. International Labour Organization (ILO)
6. Department of labour protection and welfare – Suratthani ဖြစ်ပါသည်။

ထို့အပြင် ဆူရဌာနီခရိုင်တွင် လုပ်ငန်းခွင်မျိုးစုံမှ မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် နိုင်ငံသားစီစစ်ခြင်းနှင့် ယာယီပတ်စပို့စ် ထုတ်ပေးသည့်ရုံး အခြေစိုက်သည့် ခရိုင်တစ်ခု လည်းဖြစ်သည်။

ခွန်သောမတ်စ် သတင်း ရေးသားပေးပို့ချက်ဖြစ်ဖြစ်သည်။

No comments: