ပအိုဝ်းများ သထုံမြို့ရွှေစာရံစေတီမှာ ဆွမ်းဆန်စိမ်းနဲ့ ကြာသင်္ကန်းကပ်လှူပွဲကျင်းပ

နောင်ခမ်းခါ | နိုဝင်ဘာလ ၂၉ ရက် ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှူအဖွဲ့ (ဗဟို) ဌာနခွဲသထုံဒေသနှင့် ခွန်တန်နွယ်လူငယ်ကွန်ယက်တို့ ဦးစီးပြီးတော့ ၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်) နေ့ သထုံမြို့လည်ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းမှာ လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့ လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ကြာသင်္ကန်းကပ်လှူပွဲ အခန်းအနားတရပ် ကျင်းပခဲ့ကြပါတယ်။


သထုံမြို့ရွှေစာရံစေတီတော်မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ။ (၂၈.၁၁.၂၀၁၂)

နံနက် ၆ နာရီမှ စပြီးတော့ ၁၀ နာရီအထိ ကျင်းပတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအစီအစဉ်မှာ ခွန်တန်နွယ်လူငယ်ကွန်ယက်မှ ပထမဆုံးအကြိမ် ဦးစီးပြုလုပ်တာဖြစ်ပြီး ပအိုဝ်းလူငယ်များအပါဝင် ပအိုဝ်းပြည်သူလူထုများနှင့် အခြားအလှူရှင်များစုပေါင်းပြီးတော့ ဆန်နဲ့ အခြားလှူဖွယ်ဝတ္ထုများ စည်ကားစွာ စည်တန်းလောင်းလှူခဲ့ကြောင်း သိရပါတယ်။

“မစိုးတို့ ခွန်တန်နွယ်ကွန်ယက်က ပထမဆုံးအကြိမ်ကို ဦးဆောင်ပြီး စလိုက်တာလေ၊ အောင်မြင်တယ်။ မစိုးတို့ဆန်လောင်းတာက လူငယ်ကော စေတနာရှင်တွေရော အားလုံးလှူပေးတဲ့ ဆန်တွေပါ။ လှူတာတွေကတော့ ပအိုဝ်းတွေပေါ့ လူငယ်တွေလည်း နိုင်သလောက် ထည့်ကြတယ်လေ။ ဆွမ်းလောင်းပွဲကတော့ နံနက် (၁၀) ပြီးတယ်လေ” ဟု ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဦးစီးကျင်းပသူ နန်းစိုး က တောင်ကြီးတိုင်းမ်ကို ပြောပါတယ်။

အဲဒီဆွမ်းဆန်စိမ်းကပ်လှူပွဲဟာ သထုံမြို့နှင့် သထုံခရိုင်အတွင်းရှိ ပင့်ဖိတ်သည့် ဘုန်းကြီးကျောင်းပေါင်း ၃၃၄ ကျောင်းမှ သံဃာတော် ၁၆၈၆ ပါးနှင့် သီလရှင်ကျောင်း ၅၃ ကျောင်းမှ သီလရှင် ၂၀၈ ပါး ကျွရောက်လာခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ညနေပိုင်း ၃ နာရီအချိန်မှာ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၏ စုပေါင်းကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခန်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ယင်းသမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးအတွက် ကြာသင်္ကန်းကပ်လှူတဲ့အခန်းအနားကတော့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှူအဖွဲ့ (ဗဟို) ဌာနခွဲ သထုံဒေသ မှ ဦးဆောင်ကျင်းပခဲ့တာပါ။

အခန်းအနားမှာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှူအဖွဲ့ (ဗဟို) ဌာနခွဲ သထုံဒေသ က ခေါင်းဆောင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က လူကြီးနှင့် ပါတီဝင်များ၊ ခွန်တန်နွယ်လူငယ်ကွန်ယက်က လူငယ်များအပါအ၀င် ဘားအံဒေသက သာမည၊ ၀ဲကြီးကျေးရွာ၊ ဘီးလင်းဒေသက ညောင်ပလ္လင်ကျေးရွာ၊ ပေါင်ဒေသက ကျောက်ရေတွင်းကျေးရွာနှင့် သထုံဒေသ ဒေသခံများ စုစုပေါင်း အင်အား ၄၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“လုပ်တာကတော့ စာယဉ်ပေါ့။ အဓိက ငွေကြေးပံ့ပိုးတာက စာပေနှင့်ယဉ်ကျေးကော ပါတီကောလေ။ လူငယ်တွေက အားအင်အပြည့်နဲ့လိုက်လုပ်ရတယ်လေ။ လူကြီးတွေက လူငယ်တွေကို နေရာပေးပြီး စီမံခိုင်းတာလေ။ ဘုရားတက်တဲ့ အချိန်က ညနေ (၆) လောက်မှာပြီးတာလေ။ ဘုရားတက်တာကတော့ အဖွဲ့စုံတယ်လေ။ မွန်တွေကော ဗမာတွေကောပေါ့။ လုပ်တာကတော့ နှစ်တိုင်းပဲ ဒါပေမယ့် ဒီနှစ်ကတော့ အမျိုးသားသွင်ပြင်လက္ခဏာ ပိုပြီးပေါ်လွင်အောင်လုပ်တာပေါ့” ဟု နန်းစိုးက ပြောသွားပါတယ်။


သထုံမြို့ရွှေစာရံစေတီတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ။(၂၈.၁၁.၂၀၁၂)

ရွှေစာရံစေတီတော်မြတ်ကြီးဟာ ပအိုဝ်းဘုရင်ဖြစ်တဲ့ သူရိယစန္ဒာမင်းကြီးတည်ခဲ့တဲ့စေတီဖြစ်ပြီး ပအိုဝ်းအဖွဲ့အစည်းအနေနဲ့ ဦးစီးဦးဆောင်ပြီးတော့ ယခုလို သထုံမြို့ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးမှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့ စေတီတော်မြတ်ကြီး ကြာသင်္ကန်းကပ်လှူပွဲပြုလုပ်ရတာဟာ ပအိုဝ်းမျိုးဆက်သစ်လူငယ်တွေ အမျိုးသားသမိုင်းကို သိရှိလာစေရန်နှင့် ထိန်းသိမ်း ရှာဖွေဖေါ်ထုတ်လာအောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

သထုံမြို့ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ဟာ ပအိုဝ်းလူမျိုးများဖြစ်တယ်လို့ သိရပါတယ်။

No comments: