ဇင်းမယ်မြို့မြန်မာနှင့် ပအိုဝ်းဘုန်းကြီးကျောင်း စုပေါင်းဘုံကထိန်သင်္ကန်းနှင့် ဆွမ်းတော်ကြီးကပ်လှူပွဲကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) | နိုင်ဝင်ဘာ ၂၈၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဇင်းမယ်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းနှင့် ၀ပ်နောင်ခမ်း ပအိုဝ်းဘုန်းကြီးကျောင်းတို့တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများ စုပေါင်းဘုံကထိန်သင်္ကန်းနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။


ဝပ်နောင်ခမ်း ပအိုဝ်းဘုန်းကြီးကျောင်းတွင် ကထိန်သင်္ကန်းလှည့်လည်စဉ်
Photo Khun Lay (Chiang Mai)

တစ်နှစ်လျှင် တစ်ကြိမ်သာ ဆက်ကပ်ခွင့်ရှိသည့် စုပေါင်းဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြန်မာရိုးရာ နှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာဖြစ် မြန်မာပြည်က ပုံစံအတိုင်းပင် ငွေပဒေသာပင် လှူဖွယ်ဝတ္တု ပဒေသာပင်းများ အသီးသီးကို ဇင်းမယ်မြို့တွင် လှည့်လည်ပြီး ဇင်းမယ်မြို့တွင် စည်းကားစွာဖြင့် ရောက်ရှိနေသည့် နိုင်ငံခြားသား ခရီးသည်များအတွက် ထူးဆန်းစိတ်ဝင်စားစွာ ဖြစ်ခဲ့ရကြောင်း သိရသည်။


ဝပ်နောင်ခမ်း ပအိုဝ်းဘုန်းကြီးကျောင်းတွင် ကထိန်သင်္ကန်းလှည့်လည်စဉ်
Photo Khun Lay (Chiang Mai)

"ဟုတ်ကဲ့ ကျမတို့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းမှာ ဒီနှစ်က အရင်နှစ်ထွေထက် ပိုပြီး ထူးဆန်းတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသက နာမည်ကြီးတဲ့ ဇင်းမယ်တက္ကသိုလ် မြန်မာစာ မြန်မာစကား လေ့လာသင်ယူနေကြတဲ့ ထိုင်းကျောင်းသား ကျောင်းသူများလည်း ပူးပေါင်းပါဝင်လာကြတယ်။ ပြီးတော့ ဒီနှစ် ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းမှာ ဗုဒ္ဓ၀င်္ကပါပွဲတော်လည်း ရှိတယ်ဆိုတော့ ပိုပြီး ထူးဆန်းတယ်" ဟု ဇင်းမယ်တက္တသိုလ်ကျောင်းတွင် မြန်မာစာ ကျောင်းဆရာမတစ်ဦးက ပြောပါသည်။

ထို့အတူ ဇင်းမယ်မြို့ညဈေးတန်းမှာ အလုပ်လုပ်နေတဲ့ ပအိုဝ်းတိုင်းရင်းသူတစ်ဦး နန်းဗွာပေး ကလည်း "ကျမတို့ ဇာတိက တောင်ကြီးပါ၊ ဒီနှစ် ဇင်းမယ်မြို့မှာ မြန်မာပြည် တောင်ကြီးက ပုံစံအတိုင်းပဲ စုပေါင်းဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခွင့်ရတော့ အရမ်းဝမ်းသာမိပါတယ်။ ဓာတ်ပုံမှတ်တမ်း ရိုက်ထားပြီးတော့ တောင်ကြီးက အမေထံလည်း ပို့လိုက်တယ်" ဟု ၀မ်းသာစွာဖြင့် ပြောသွားပါသည်။


ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းတွင် လှူဒါန်းသည့်
မြန်မာစာဌာန ဇင်းမယ်တက္တသိုလ် Photo Yamin Shwesin Htaik

အလှူရှင်ဒကာ ဒကာမများက ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်း နှင့် ၀ပ်နောင်ခမ်း ပအိုဝ်းဘုန်းကြီးကျောင်းက ပဓာနနာယကဆရာတော်ကြီးထံ မှ ကထိန်အလှူ အနုမောဒနာတရား နာယူ ကျင့်ပွားကာ ကုသိုလ်အစုစုကို အမျှပေးဝေခဲ့ကြပါသည်။

No comments: