ပအိုဝ်းအမျိုးသားရေးအကြောင်းပြ၍ ဆိုက်ခေါင်စံပြကျေးရွာ အနောက်ဘက်ရှိ ခြံယာမြေကို အကွက်ရိုက် ရောင်းစားနေ

By ခွန်မျိုး | နိုဝင်ဘာလ 15 ၊ 2012 | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ အနောက်ဖက်ကပ်ရပ်တွင် ဒေသခံတောင်သူများ၏ ၇၅ ပေ ပတ်လည်ရှိ ခြံယာမြေ အကွက်ပေါင်း (၂၆၀) ကွက်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အမည်ခံဖြင့် ပအိုဝ်းတပ်မတော် ဗိုလ်မှူးဟောင်း ဦးချစ်လယ်နှင့် ဗိုလ်ကြီးဟောင်း လာဗွေတို့က မိမိကိုယ်ကျိုးအတွက် မတရားရောင်းစားနေပါသည်။

လွန်ခဲ့သည့် ၁၆ နှစ်ခန့်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှ တပ်စခန်းတည်ဆောက်မည်ဟုဆိုကာ ဆိုက်ခေါင်စံပြကျေးရွာ အနောက်ဖက်ရှိ သဲခင်းလမ်းမကြီး ဘယ်ဖက် ၅ ကွက်၊ ညာဖက် ၅ ကွက်ဖြင့် လမ်းတစ်လျှောက်အကွက်ပေါင်း ၂၆၀ ကျော်ရှိ ခြံယာမြေများကို သိမ်းယူခဲ့ပါသည်။

သို့သော် ယခုအချိန်ထိ တပ်စခန်းဆောက်ခြင်း၊ ဖွံ့ဖြိုးရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အပြင် ခြံယာမြေများကို အကွက်များရိုက်၍ ဒေသခံတောင်သူများအား တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ရောင်းစားနေပါသည်။

၁၉/၅/၂၀၁၁ ခုနှစ်တွင် ရွာသူ/သားများအား မိမိခြံယာမြေများကို ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နယက ဦးအောင်ခမ်းထီထံ သွားရောက်စကားပြောကြရာ “ဆိုက်ခေါင်စံပြကျေးရွာ အနောက်ဘက်ရှိ ခြံယာမြေများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ သိမ်းယူထားခြင်းဆိုသည်မှာ ကိုယ်ကျိုးအတွက် လုပ်စားနေသူများသာဖြစ်ကြောင်း၊ ယင်းသို့သိမ်းယူခြင်း၊ ကိုယ်ကျိုးအတွက် ရောင်းစားခြင်းကိစ္စများကိုလည်း မိမိမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့်သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကော်မတီအနေဖြင့်လည်းကောင်း လုံးဝမသိရှိခဲ့ရကြောင်း” ဦးအောင်ခမ်းထီက ပြောကြားခဲ့ပါသည်။

ထို့အပြင် “တလယ်(ဗိုလ်မှူးချစ်လယ်)၊ တဗွေ(ဗိုလ်ကြီးလာဗွေ)တို့ဟာ ကိုယ်ကျင့်စာရိတ္တမကောင်း သဖြင့် မိမိအဖွဲ့မှ ပယ်ထုတ်ထားရကြောင်း” ၇/၇/၂၀၁၁ ပါ တိုင်ကြားစာထဲတွင် ဦးအောင်ခမ်းထီက လက်မှတ်နှင့်တကွ ဖော်ပြထားပြီးဖြစ်သည်။

သို့သော် မြေသိမ်းသူများက ၎င်းလက်မှတ်သည် ဦးအောင်ခမ်းထီလက်မှတ် အစစ်မဟုတ်ကြောင်း ငြင်းပယ်ခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီးခွန်လာကလည်း အဖွဲ့ချုပ်အနေဖြင့် သိမ်းဆည်းထားခြင်းဆိုတာ မဟုတ်ကြောင်း၊ ကျနော်တို့လည်းမသိရကြောင်းဟု ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

သို့ပေမယ့် မြန်မာနိုင်ငံဒီမိုကရေစီစနစ် ပြောင်းလဲနေချိန်၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလည်း အများကြီးဝင်လာမည့်အချိန်၊ ခေတ်ပြောင်း၍ ဆိုက်ခေါင်စံပြကျေးရွာက ယခင်ထက် ပိုမိုစည်းကားလာသည့်အချိန်၊ မြေယာမြေများ ဈေးကောင်းရနေသည့်အချိန်တွင် လောဘတက်၍ ကိုယ်ကျိုးကြည့်သိမ်းယူ ရောင်းစားတာဖြစ်ပါတယ်ဟု ဒေသခံရွာသားများက ဆိုသည်။

ထို့အတွက်ကြောင့် ၂၈/၉/၂၀၁၂ ရက်နေ့တွင် တောင်ကြီးမြိုပေါ်ရှိ PNO ရုံးတွင် ရွာသူ/သားများမပါဘဲ ၎င်းမြေယာမြေကိစ္စကို အစည်းအဝေးတိတ်တဆိတ်ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ကော်မတီဖွဲ့ပြီး ၎င်းကော်မတီဝင်အဖွဲ့ဝင် အများစုသည် မြေကွက်ကို ၀ယ်သောသူများသာ ပါဝင်ကြောင်းသိရသည်ဟု ရွာသားတစ်ဦးက ဆိုပါသည်။

အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ၁၂/၁၀/၂၀၁၂ ရက်နေ့တွင် ဆိုက်ခေါင် PNO ရုံးတွင် ရဲဘော်လက်နက် အပြည့်အစုံနှင့် လုံခြုံရေးယူစေပြီး ဒေသခံမြေယာပိုင်ရှင်များကို အစည်းဝေးခေါ်ယူ၍ လယ်ယာမြေကိစ္စကို ဆုံးဖြတ်ပေးခဲ့သည်။

၎င်း၏ဆုံးဖြတ်ချက်များမှာ -
  • ပုံစံ (၁၀၅) ဖြင့် ၀ယ်ယူပြီးဖြစ်သော မြေယာများကို ၀ယ်သူကိုသာပေးပြီး၊ ကျန်သောမြေယာများကို ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမည်ဟု မတရားဆုံးဖြတ်ပေးခဲ့ပါသည်။ ပုံစံ (၁၀၅) ပြုလုပ်ချိန်တွင် မူလမြေယာမြေပိုင်ရှင်ကို အသိမပေးဘဲ မြို့နယ်မြေစာရင်းရုံးနှင့် အကျိုးတူ ပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်သည်။)

ထို့ကြောင့် ရွာသူ/သားများသည် မကျေနပ်ပဲ သီတင်းကျွတ်လဆုတ် ၁၁ ရက်နေ့ (၁၀/၁၁/၂၀၁၂) တွင် ဆိုက်ခေါင်မှ ရွာသူ/သားများက ကျောက်တလုံးမြို့နယ်ခွဲရှိ ဦးအောင်ခမ်းထီနေအိမ်သို့ ကန်တော့ရန်သွားခဲ့ပါသည်။ သို့သော် မကန်တော့ခင်မှာ အစောင့်တွေက မြေယာမြေကိစ္စပါ/မပါ ကြိုတင်မြေးမြန်းပြီး မပါဘူး၊ ပြောလည်းမပြောဘူးဟုပြောမှ ကန်တော့ခွင့်ပြုပါသည်။

သို့သော် မကန်တော့ခင်တွင် အဘဦးအောင်ခမ်းထီက အရင်မေး၍ “မြေယာမြေကိစ္စ အဆင်ပြေသွား ပြီသွားပြီလား စင်္ကာပူသွားတုန်းကတောင် စိတ်မချဘူးဖြစ်နေတယ်” ဆိုပြီး မေးခဲ့ရာ အဆင်မပြေသေးကြောင်း အစည်းအဝေးခေါ်၍ မတရားဆုံးဖြတ်ကြောင်း ရွာသားများကဆိုရာတွင် “ဗိုလ်မှူးမြင့်အောင်တို့ပြောတော့ ဖြေရှင်းပေးလိုက်ပြီ၊ အဆင်ပြေသွားပြီလို့ပြောတယ် အဲဒါမဟုတ်ဘူးပေါ့” ဆိုချိန်တွင် ဗိုလ်မှူးမြင့်အောင်က မျက်နှာပူ၍ အိမ်အောက်ဆင်းပြီး ပြန်သွားလိုက်သည်။

ထို့နောက် “မိမိမြေယာများကို ပြန်ယူပြီး အေးအေးချမ်းချမ်း ပြန်လုပ်ကိုင် စားသောက်ပါ၊ စိတ်မပူနှင့် ပြန်လုပ်လိုက်လို့ မြေကို သူတို့ သယ်သွားလို့မရဘူး၊ ကျနော်တို့ ပအိုဝ်းအမျိုးသားရေး လုပ်တဲ့နေရာမှာ ပြည်သူပြည်သားတွေ မျက်ရည်ကျရမယ့်အလုပ် မလုပ်ဖူးဘူး” ဟု ပြောကြားခဲ့သည်။

ယခုလက်ရှိအခြေအနေအရ ရောင်းစားခဲ့သောမြေကွက်များကို မူလပိုင်ရှင်များနှင့် ဆီဆိုင်မြို့တွင် တရားစွဲဆိုပြီး အမှုရင်ဆိုင်နေရပါသည်။

“ကျနော်တို့အိမ်က အရင်ရှိတာကို ကျနော်တို့အိမ်ဘေးမှာ တဲကလေးလာထိုးပြီး ကျနော်တို့ကို ပြန်တရားစွဲနေတာ အခုချိန်ထိ မပြီးသေးဘူး။ အမှုစဖြစ်တုန်းကဆိုလျှင် မအေး (မြေကွက်ဝယ်ထားသူ) က ဒီမြေယာကို ဘယ်သူ့ဆီက၀ယ် သလဲ မေးကြည့်တော့ ဗိုလ်မှူးချစ်လယ်ဆီက ၀ယ်တယ်ဆိုပြီးပြောတယ်။ နောက်ပိုင်းကျတော့ ဦးချစ်လယ်က သူ့ကိုဘာတွေပြောထားမှန်းလဲ မသိဘူး။ ဘယ်သူ့ဆီ ၀ယ်တာလဲမသိဘူးလို့ ပြောပြန်တယ်လေ။ ကျနော်တို့ ရုံးသွားရတာလဲ အကြိမ်ပေါင်းမနည်းဘူး တစ်ခါတစ်လေ လူကြီးတွေ မအားဘူးဆိုပြီး ပြန်လွတ်လိုက်တာတို့ ခဏခဏဖြစ်တယ်။ ခရီးစရိတ်လည်း အရမ်းကုန်နေပြီ။ မသွားချင်လည်း သွားနေရတယ်။” ဟု ယခုချိန်ထိ အမှုရင်ဆိုင်နေရသော ရွာသားတစ်ဦးကပြောပါတယ်။

ထိုနည်းတူစွာဘဲ ယခုမူလမြေပိုင်ရှင်များက မြေဂရမ် ပုံစံ (၁၀၅) ကို ပြုလုပ်ချင်သော်လည်း မြို့နယ်မြေစာရင်းကို PNO တို့က ပြုလုပ်ခွင့်မပေးကြောင်း၊ တစ်ချို့သော မူလမြေယာပိုင်ရှင်များက စီးပွားရေးကြပ်တည်းနေ၍ မိမိမှာရှိသော မြေကွက်များကို ရောင်းစားပြီး အရင်းအနှီးလုပ် ချင်ကြသော်လည်း ၀ယ်မည့်သူများက မ၀ယ်ရဲကြသည့်အတွက် အခက်အခဲတွေကြုံနေရသည်။

ကျနော်တို့ ဘိုးဘွားပိုင်မြေများ ပိုင်ဆိုင်ကြောင်းကို တစ်ရွာလုံးလိုက် မေးလို့ရတယ်ဟု ရွာသားများကဆိုသည်။

ထို့ကြောင့် ရွာသူ/သားများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ အစိုးရရုံးများကို တောင်းဆိုရာတွင်-
  • ယခုလက်ရှိ ဖြစ်ပေါ်နေသော ပြဿနာကို မူလမြေပိုင်ရှင်သို့ ရှင်းရှင်းလင်းလင်းပြန်လည် အပ်နှံဖြေရှင်း ပေးရန်။ 
  •  မြေသိမ်းသူထံမှ အသစ်ဝယ်ယူပြီးဖြစ်သော မြေယာများကိုလည်း မည်သူ့ဆီတွင် ၀ယ်ယူခဲ့သည်ကို စုံစမ်းပြီး နှစ်ဦးနှစ်ဖက် ပြန်ညှိနှိုင်းပေးပါ။ ကျနော်/မတို့ မြေကိုတော့ မူလမြေပိုင်ရှင်အနေဖြင့် မြေများကို ပြန်လည်ရယူ လုပ်ကိုင်စားသောက်သွားမည်ဖြစ်သည့်အတွက် ဤပြဿနာသည် ကျနော်/မတို့နှင့် မသက်ဆိုင်တော့ပါ။
  • ကျနော်/မတို့က မိမိမြေကို ပြန်လည်ရယူလုပ်ကိုင်စားသောက်သောအခါ မကျေနပ်ပါက ကျနော်/မတို့နှင့် အတူ အဘဦးအောင်ခမ်းထီထံသို့ သွားရောက်ဖြေရှင်းရန်။
  • မိမိဘိုးဘွားပိုင်မြေများကို ပုံစံ (၁၀၅) ပြုလုပ်ပါက ပြုလုပ်ပေးရန်။
  • ဆီဆိုင်မြို့နယ် တရားရုံးတွင် အမှုသွားရောက်ရင်ဆိုင်နေရသော ဦးခေတ်တို့မိသားစုအတွက် တရားမျှတစွာ ဖြေရှင်းပေးရန်။
စသည်တို့ ဖြစ်ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် မိမိတို့ ပအိုဝ်းတစ်မျိုးသားလုံးကို ကိုယ်စားပြု၍ ပအိုဝ်းပြည်သူလူထုများအပေါ် ရင်ဝယ် ပိုက်၍ ပြည်သူလူထုများ၏ ဒုက္ခပြဿနာများကို တရားမျှတစွာ ဖြေရှင်းပေးစေလိုပါသည်။



ဈေးဆိုင်တည်ထားသည့်အိမ်သည် မူလမြေယာပိုင်ရှင်ဖြစ်ပြီး အိမ်ဘေးက တဲကိုနောက်မှလာစိုက်၍
မူလမြေပိုင်ရှင်ကို ကျူးကျော်သည်ဟု တရားစွဲထားခြင်းဖြစ်သည်။
ဆိုက်ခေါင်အနောက်ဖက် လမ်းတောင်ဖက်တွင်ဖြစ်သည်။



ဆိုက်ခေါင်မှ အောင်ဆုဗွေ၊ တပ်စခန်း၊ ကက္ကူဘုရားသို့သွားရာ လမ်းမကြီးဖြစ်သည်။ ဆိုက်ခေါင်အနောက်ဖက် ဖြစ်သည်။


ဆိုက်ခေါင်အနောက်ဖက်မှ သိမ်းယူထားသည့်မြေကွက် ဖြစ်သည်။


ယခင်သိမ်းဆည်းထားခြင်းခံရပြီး ၁၉.၅.၂၀၁၁ ရက်နေ့တွင် ဒေသခံပြည်သူများက
ဦးအောင်ခမ်းထီဆီမှ ပြန်လည်လုပ်ကိုင် စားသောက်ရန် ဆိုသည့်အတွက်
အိမ်များ ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်သည်။
ဆိုက်ခေါင်အနောက်ဖက် လမ်းမကြီးဘေးတွင် ဖြစ်သည်။


မူလပိုင်ရှင်များက ပြန်လည်စိုက်ပျိုးထားသော ခြံယာမြေထဲတွင် သီးနှံများပေါ်သို့
ကျောက်တုံးများချထားသည့်ပုံဖြစ်သည်။ ဆိုက်ခေါင်အနောက်ဖက် လမ်းမကြီးဘေးတွင် ဖြစ်သည်။



အောင်ဆုဗွေတပ်စခန်းမှ ဆိုက်ခေါင်စံပြကျေးရွာသို့ သွားရာလမ်းမကြီး ဖြစ်သည်။
ဆိုက်ခေါင်အနောက်ဖက်။


ဆိုက်ခေါင်အနောက်ဖက်ရှိ မူလမြေပိုင်ရှင်ကို အကျိုးအကြောင်းမပြောဘဲ ၀ယ်ယူပြီး
အုတ်နံရံကာထားသည့်ပုံ ဖြစ်သည်။ သိမ်းယူသည့်လယ်မြေ အနောက်ဖက်အဆုံးတွင် ဖြစ်သည်။


၇/၇/၂၀၁၁ ပါရက်စွဲဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သို့ အဘဦးအောင်ခမ်းထီ၏ လမ်းညွှန်မှုဖြင့် တင်ထားသောစာဖြစ်သည်။ (မိတ္တူသာဖြစ်သည်)


၇/၇/၂၀၁၁ ပါရက်စွဲဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သို့ အဘဦးအောင်ခမ်းထီ၏ လမ်းညွှန်မှုဖြင့် တင်ထားသောစာဖြစ်သည်။ ဦးအောင်ခမ်းထီလက်မှတ်နှင့်တကွ အနီရောင်ဝိုင်းထားခြင်း ဖြစ်သည်။ (မိတ္တူသာဖြစ်သည်)


၇/၇/၂၀၁၁ ပါရက်စွဲဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သို့ အဘဦးအောင်ခမ်းထီ၏ လမ်းညွှန်မှုဖြင့် တင်ထားသောစာဖြစ်သည်။ (မိတ္တူသာဖြစ်သည်)

No comments: