မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့

ခိုင်လင်း(မေဃ၀တီ) | နိုင်ဝင်ဘာ (12) 2012

ရခိုင်ပြည် ပြဿနာရဲ့ ရင်းမြစ်

ဂျွန်နဲ့ အောက်တိုဘာ ရခိုင်ပြည်အရေးအခင်းဟာ ပညာမတတ်မှု ၊ ဥပဒေပညာ နားမလည်မှုတွေကြောင့် ဖြစ်ပွားရတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေထွက်ပေါ်လာတယ်။ ဒီသုံးသပ်ချက်တွေဟာ အပေါ်ယံအားဖြင့် ကြည့်လျှင် ဖြစ်နိုင်မယ် ထင်ရပေမယ့် သေချာရဲ့လားလို့ ထပ်မေးရင် ခိုင်မာတဲ့ အချက်အလက် အထောက် အထားတွေနဲ့ ချပြနိုင်မယ်မထင်ပါဘူး။

ဆိုတော့ ရခိုင်ပြည်အရေးအခင်းဟာ ပညာမဲ့ခြင်း ၊ ဥပဒေကို နားမ လည်ခြင်းကြောင့် မဟုတ်ဘူးလို့ ပြောချင်တယ်။ ဒါဆိုရင် ဘာကြောင့်လဲဆိုတဲ့ အမေးရဲ့ အဖြေကို ပြောလိုတယ်။


ရခိုင်ပြည်ရဲ့ တခြားတဘက်မှာရှိတဲ့ မွတ်ဆလင်များ ရပ်တည်ချက်

မြန်မာနိုင်ငံမှာ ယခုဖွဲ့ စည်းထားတဲ့အတိုင်းပြောရရင် ပြည်နယ်(၇)ခုနဲ့ တိုင်း(၇)ခုရှိပါတယ်။ စုစုပေါင်း (၁၄) ခုပေါ့။ အဲဒီ (၁၄)ခုထဲမှာ ရခိုင်ပြည်က လွဲရင် ကျန်တဲ့ ပြည်နယ်(၆)ခုနဲ့ တိုင်း(၇)တိုင်းမှာလည်း အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့လူတွေရှိပါတယ်။ အဲဒီ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့လူတွေဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားပေါင်းစုံနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲတွေမှာ ဆင်နွှဲခဲ့တယ်။ လွတ်လပ် ရေး ရပြီးနောက်ပိုင်းမှာလည်း မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ကိစ္စကို စိုးစဉ်းမျှ မပြောဆိုခဲ့ပါဘူး။

ထို့ အတူ ဦးနေ၀င်းအာဏာသိမ်းကာလနဲ့ မဆလခေတ်တလျောက်လုံးမှာဘဲဖြစ်ဖြစ် ၁၉၈၈ လူထုအရေး တော်ပုံ ကာလတွေကနေ ဒီနေ့ အချိန်ထိဘဲဖြစ်ဖြစ် မြန်မာတိုင်းရင်းသားတွေ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ စစ်အာဏာ ရှင်စံနစ် ချုပ်ငြိမ်းရေး ၊ ဒီမိုကရေစီအရေး ၊ လူ့ အခွင့်ရေး ၊ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် ၊ စစ်မှန်တဲ့ ပြည်ထောင် စုတည်ဆောက်ရေးစတဲ့ မူတွေအပေါ်မှာဘဲ ရပ်ပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။

တနည်းအားဖြင့် ပြောရရင် မြန်မာနိုင်ငံရှိတိုင်းရင်းသားပေါင်းစုံနှင့်အတူ တိုင်းပြည် ကောင်းစားရေးကို ရှေ့ရှုခဲ့တယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိပြခဲ့တယ်။ ဒါတွေကို ငြင်း၍ မရနိုင်သလို သမိုင်းအဖြစ်နဲ့လည်း ကျန်ရစ်ခဲ့တယ်။ မြန်မာနိုင်ငံရှိတိုင်းရင်းသားပေါင်းစုံကလည်း အသိအမှတ်ပြုခဲ့ကြတယ်။

ဒီအထောက်အထားတွေဟာ ရခိုင်ပြည်ကလွဲပြီး ကျန်တဲ့ ပြည်နယ် (၆)ခုနဲ့ တိုင်း(၇)ခုထဲက မွတ်ဆလင်တွေရဲ့ ရပ်တည်မှုတွေဖြစ်တယ်။


ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်

ရခိုင်ပြည်ထဲမှာ ရှိတဲ့ မွတ်ဆလင်ကတော့ အခြားပြည်နယ်နဲ့တိုင်းတွေမှာ ရှိတဲ့ မွတ်ဆလင်တွေနဲ့ကွားပြားပါ တယ်။ သူတို့ ရဲ့ အိပ်မက်ဟာ မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မှတဆင့် သီးခြားမွတ်ဆလင်နိုင်ငံ တည်ထောင်ရေးဖြစ်တယ်။ ဒီ အိပ်မက်မျိုးကို အခြားပြည်နယ်နဲ့တိုင်းတွေမှာ ရှိတဲ့ မွတ်ဆလင်တွေ မက်ခဲ့တဲ့ အိပ်မက်(လှုပ်ရှားမှုသမိုင်း)ကို မတွေ့ သေးပါဘူး။ ရခိုင်ပြည်မှာ ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက တော့ မြန်မာနိုင်ငံ လွတ်လပ်ရေးမရေးခင်ကပင် ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။


မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်

ဒုတိယကမ္ဘာစစ်မဖြစ်ခင် အန္ဒိယနိုင်ငံရှိ မွတ်ဆလင်များက သီးခြားမွတ်ဆလင်နိုင်ငံတည် ထောင်ရေးလှုပ်ရှားမှုဟာ ရခိုင်ပြည်မှာ ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် ပုံဖော်စရာ အိပ်မက်တခုရရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်တယ်။ သူတို့ အိပ်မက်က အိန္ဒိယနိုင်ငံက ခွဲထွက်ပြီး ပါကစ္စတန်နိုင်ငံသစ် ထူထောင်ရေးကြိုးပမ်းနေတဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ရန်ဖြစ်တယ်။

ဆိုလိုတာက ပါကစ္စတန်နိုင်ငံသစ်ဖြစ်ပေါ်လာရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ ကို ထည့်ပြီး နိုင်ငံသစ်တည်ဆောက်ရေးဖြစ်တယ်။ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ် ကရာချီမြို့ မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ ပါကစ္စတန်နဲ့ ပေါင်းစည်းရေးအဆိုကို တင်သွင်းခဲ့ဖူးတယ်။

ဆိုတော့ ဖြစ်နိုင်ချေရှိရဲ့လားလို့ မေးရင် ရှိတယ်ဖြေရပါလိမ့်မယ်။ အကြောင်းကတော့ ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဦးပုကလေးရေးထားသော ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ တတိယတွဲမှာ ပါတဲ အောက်ပါရေးသားချက်က ခိုင်မာတဲ့အထောက်အထားလို့ ပြောရပါလိမ့်မယ်။

“ စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့်တွေ့ ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့်ပူးပေါင်းခွင့်ပြုရန်တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိအောင်လုပ်ပေးရန်ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင်ခေါင်းဆောင် မစ္စတာဂျင်းနားနှင့်တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင့်မောင်တော ဒေသမှ မွတ်ဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံကြောင်း ပြောကြားခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားက ရခိုင်ပြည် မောင်တောနှင့်ဘူးသီး တောင်နယ်များကို ဘင်္ဂလားပြည်(ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်းမူဆလင်အချို့က တောင်းဆို ချက်နှင့်ပတ်သက်၍ ဤသို့ လုံးဝမဖြစ်စေရပါဟုပြောရင်း ဗမာပြည်သာမက မည်သည့်အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူဆလင်လိ(ခ်)၌ ရည်ရွယ်ချက်မရှိကြောင်း ၊ ထိုကဲ့သို့ ဘင်္ဂလားပြည်အရှေ့ပိုင်းမှ လက်တဆုပ်မျှလောက်သော မူဆလင်လူမျိုးအချို့၏ တောင်းဆိုချက်ဆိုသည်မှာလည်း ဘာမှ ဂရုစိုက်စရာမလိုကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။ “

ဒီနေရာမှာ စကားချပ်အနေနဲ့ပြောချင်တာက ၂၀၁၁ က ကျနော်ရေးသားခဲ့တဲ့ ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ ဆောင်းပါးမှာ ဂျင်းနားက ဘူးသီးတောင်၊ မောင်တောကို တောင်းဆိုခဲ့တယ်လို့  အမှတ်မှားစွာ ဖော်ပြခဲ့ဖူးပါတယ်။ အမှန်ကရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက တောင်းဆိုခဲ့တာလို့  အမှန်ကို ပြင်ပါတယ်။ ဆိုတော့ ဂျင်းနားရဲ့ ငြင်းပယ်မှုကြောင့် ဘင်္ဂလီတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ပြီး ၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ မူဂျာဟစ်ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ Jami- a – tul Ulema-e Islam အဖွဲ့နဲ့ချိတ်ဆက်ခဲ့ကာ ငွေကြေးကို ဒီအဖွဲ့ က နည်းမျိုးစုံနဲ့ရှာပေးပြီး မူဂျာဟစ်ပါတီကို ပံ့ပိုးပေးခဲ့ပါ တယ်။

အဲဒီအဖွဲ့ကဘဲ ဘော်တွန်မလေထံ စာရေးပြီး သူတို့ဟာ Indo-Burma Frontier မှာ ရှိတဲ့အတွက် ပင်လုံညီလာခံမှာ Frontier ရပိုင်ခွင့်ကို တင်ပြတောင်းဆိုလိုကြောင်း အကြောင်းကြားခဲ့ပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေ ပင်လုံဆီမလှမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့  အခြားပြည်နယ်တွေထဲမှာ နေထိုင်တဲ့ ဦးဖေခင်ကတော့ ပင်လုံကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိမှု နဲ့ တိုင်းပြည်ကို ဖဲ့ထုတ်ရေးရဲ့ ကွာဟမှုဘဲဖြစ်ပါတယ်။

ကနေ့ ရိုဟင်ဂျာလို့အမည်ခံထားတဲ့ ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် လွတ်လပ်ရေးအကြိုကာလကပင် မက်ခဲ့တဲ့ အိပ်မက်မျိုးနဲ့ အခြားပြည်နယ်ခြောက်ပြည်နယ်နဲ့ တိုင်းခုနှစ်တိုင်းမှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒ သဘောထားဟာ ကွာခြားပါတယ်။ ရခိုင်ပြည်ဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒသဘောထားဟာ ဒေသ ခံရခိုင်တွေနဲ့ရော ပြည်ထောင်စုကို လိုလားတဲ့ တိုင်းရင်းသား ပေါင်းစုံကိုပါ ခြောက်ခြားစေပါတယ်။ ရခိုင်ပြည်ထဲမှာ ရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေအားလုံးဟာ ဒီလိုဘဲလားလို့မေးရင် မဟုတ်ဘူးလို့ ဖြေရပါလိမ့်မယ်။ ၁၉၃၁ ၀န်းကျင်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများသမဂ္ဂရဲ့ ဥက္ကဋ္ဌဦးထွန်းစိန်ဟာ ရခိုင်ပြည်ထဲက မွတ်ဆလင်တယောက်ပါ။

တိုင်းပြည်ဖဲ့ထုတ်ရေးကို မကြိုးပမ်းခဲ့ပါဘူး။ အဲဒီလို မျိုးဆက်တွေရှိပါတယ်။ ဒါပေမယ့်လို့  ကနေ့အချိန်မှာ အကြမ်းဖက် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်ခြင်း ၊ တိုင်းပြည်ဖဲ့ထုတ်လိုခြင်းတွေကြောင့် အပြစ်မဲ့ ရခိုင်ပြည်ထဲက မွတ်ဆလင်တွေပါ အရောင်တွေစွန်းထင်းခံခဲ့ရသလို အရောင်တွေချယ်သခြင်းကို ခံလိုက်ရပါတယ်။ ထို့ အတူ မြန်မာနိုင်ငံတနံ တလျားမှာ ရှိတဲ့ မွတ်ဆလင်ထုကိုပါ ထင်ယောင်ထင်မှား မယုံသင်္ကာစိတ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖဲ့ထုတ်လိုတဲ့ အကြမ်းဖက် ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေကို ဆန့်ကျင်ကြောင်း မြန်မာပြည်ထဲမှာ ရှိတဲ မွတ်ဆလင်တွေ ပြသဖို့ လိုအပ်ပါတယ်။


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဘင်္ဂလီတွေရဲ့ရပ်တည်ချက်

ဆက်ပြောရရင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ဖွဲ့ စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့ ဟာ ၁၉၄၈ ခုနှစ်မှာ တရားဝင်ဖွဲ့  စည်းပြီး အဲဒီအဖွဲ့ က
(က) ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နစ်မြစ်အရှေ့ ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တွေရဲ့ National Home အဖြစ်သတ်မှတ်ပေးရန်
(ခ) ရခိုင်ရှိမွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်း ပေးရန် စသည်ဖြင့် တောင်းဆိုခဲ့ကြတယ်။

ဒီတောင်းဆိုချက်တွေကို ခွဲခြမ်းကြည့်ရင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာရော ရပြီးနှစ်မှာပါ တိုင်းပြည်ဖဲ့ ထုတ်ရေး ကြိုးပမ်းခဲ့ခြင်းကို တွေ့ရပါတယ်။နောက်တချက်က မြန်မာနိုင်ငံလွတ်လပ်ကာစမှာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံ တိုင်းရင်းသား စာရင်းမှာ ထည့်သွင်းထားခြင်းမရှိဘူးဆိုတာ ထင်ရှားစေသလို ဘင်္ဂလီတွေဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးဘူးဆိုတာလည်း ထင်ရှားစေပါတယ်။

၁၉၅၁ ခု ဇွန်လမှာ နယ်ပယ်အသီးသီးက ပါဝင်တဲ့ မွတ်ဆလင်ညီလာခံကို ရခိုင်ပြည် မောင်တောမြို့နယ် အလယ်သံကျော်ရွာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အလယ်သံကျော်ညီလာခံက ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပြီး အစိုးရသို့အိပ်ဖွင့်ပေးစာအဖြစ်တင်ပြခဲ့တယ်။ ညီလာခံရဲ့ဆုံးဖြတ်ချက်တွေထဲမှာ အရေးကြီးတဲ့အချက်တွေကတော့ ---

(က) ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင် တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊
(ခ) စစ်တွေမြို့ကို ရခိုင်ပြည်နယ် တောင်ပိုင်း မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ကာ မြို့နှင့်ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့်မွတ်ဆလင်(၅၀)ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးမှ ခန့်ထားရန်၊
(ဂ) လက်နက်ကိုင်တပ်ဖွဲ့စည်းပေးရန် ထိုတပ်ဖွဲ့မှ မွတ်ဆလင်(၅၀)ရာခိုင်နှုန်းပါဝင်ရန် ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်၊
(ဃ) တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်များနှင့် တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွတ်ခွင့်ရရန်၊
(င) မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန် စတဲ့အချက်များပါဝင်ပါတယ်။

ဒီညီလာခံကို ပါလီမန်အမတ်များဖြစ်တဲ့ စူလတန်မာမွတ်၊ ဦးဖိုးခိုင်(မွတ်ဆလင်)၊ ဒေါ်မြညွန့်(မွတ်ဆလင်)တို့ ပါတက်ရောက်ခဲ့ပါတယ်။ ဒီပါလီမန်အမတ်များဟာ ဘာသာရေးလမ်းညွန်ချက်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာထင်ရှားပါတယ်။

ဒါကြောင့် ကနေ့ လွှတ်တော်ကို ရောက်ရှိနေတဲ့ ဘင်္ဂလီအမတ်တွေကို သတိကြီးစွာ ထားရမယ်ဆိုတာ ထင်ရှားစေပါတယ်။ တဘက်မှာလည်း လက်နက်ကိုင်နေတဲ့ မူဂျာဟစ်ပါတီကလည်း ၀န်ကြီးချုပ်ဦးနုထံသို့ တင်သွင်းခဲ့သည့်စာတမ်းထဲမှာ ပါဝင်တဲ့ တောင်းဆိုချက်များအနက် အရေးကြီးသည့် တောင်းဆိုချက်တွေကတော့ --

(က) ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ ရခိုင်မွတ်ဆလင်များအဖြစ် လက်ခံရန်၊
(ခ) မူဂျာဟစ်များကို အမြဲတမ်း တပ်မတော်တွင် ရခိုင်မွတ်ဆလင်သေနတ်ကိုင်တပ်အဖြစ် သီးခြားထားပေးရန် စတဲ့ အချက်များပါဝင်ပါတယ်။


သုံးသပ်ချက်

အထက်က တင်ပြခဲ့တဲ့ တောင်းဆိုချက်နှစ်ရပ်စလုံးမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲကာလမှာလည်း ရိုဟင်ဂျာပါတီအဖြစ်မှတ်ပုံတင်ခဲ့ပေမယ့် ဒီစကားလုံးကို သုံးစွဲရင် မှတ်ပုံတင်ခွင့် မပြုခဲ့တဲ့အတွက် အခြားနာမည်ကို ရွေးခဲ့ရတဲ့ သာဓကတွေရှိတယ်။ ရွေးကောက်ပွဲကော်မရှင်က အဲဒီစကားလုံးကို ပယ်ထားခဲ့ပေမယ့် ဘင်္ဂလီတွေဟာ နိုင်ငံတကာကို ခြေဆန့်ပြီး ရိုဟင်ဂျာဆိုတဲ့စကားလုံးကို နိုင်ငံတကာက သိအောင် ငွေတွေခင်းပြီး ပြုလုပ်လာခဲ့တယ်။

တဘက်မှာလည်း မီဒီယာအချို့ကို အသုံးချခဲ့ တယ်။ နောက်ဆုံး ပြဿာနာတွေ ဖန်တီးပြီး ဘာသာရေးအရ ဖိနှိပ်ခံနေရပါတယ်။ လူမျိုးတုန်းသတ်ဖြတ် နေပါတယ်လို့  အော်ဟစ်ခဲ့တယ်။ OIC လို အဖွဲ့ကိုတောင် မြန်မာပြည်ထဲ ၀င်အောင်နိုင်အောင်ထိ ထိုးဖောက်လှုပ်ရှားနိုင်တယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ချိတ်ဆက်နိုင်သလို ပြည်တွင်း ပြည်ပ ဟန်ချက်ညီညီလှုပ်ရှားမှုဟာ လွှတ်တော်ထဲထိရောက်အောင် လှုပ်ရှားပြခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကာလတွေက မြန်မာနိုင်ငံ တနံတလျားမှာ ရှိနေတဲ့ မြန်မာမွတ်ဆလင်တွေကို မစည်းရုံးနိုင်ခဲ့ပေမယ့် ကနေ့ အချိန်မှာ တသားထဲဖြစ်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ပြောမယ်ဆို ပြောနိုင်တယ်။

အထက်က တင်ပြခဲ့တဲ့ ရခိုင်ပြည်ထဲက ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ဟာ လွတ်လပ်ရေးမရခင်ကပင် ဒီနေ့အချိန်ထိ မြန်မာနိုင်ငံ တိုင်းရင်းရင်းသားဖြစ်ရေးလှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ မွတ်ဆလင်ပြည်နယ်မှသည် မွတ်ဆလင်နိုင်ငံထူထောင်ရေးဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အာဏာမဲ့နေတဲ့ ရခိုင်လူထုက ခေတ်အဆက်ဆက် ထိတွေ့ခံစားလာရခြင်းဖြစ်တယ်။

ဒါကြောင့် ရခိုင်လူထုရဲ့ တုန့်ပြန်မှုဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအပေါ်မှာ ရပ်ပြီးတုန့်ပြန်ခဲ့တာဖြစ်တယ်။ ပညာမတတ်မှု ၊ ဥပဒေကို နားမလည်မှု ၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဖြစ်ရပါတယ်ဆိုတဲ့အဖြေဟာ ခိုင်မာတဲ့အထောက် အထားမရှိတဲ့ ယိုင်နဲနဲ အထောက်အထားတွေသာဖြစ်တယ်ဆိုတာကို အထက်က အထောက်အထားတွေနဲ့ ချပြခဲ့တာဖြစ်တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အလယ်သံကျော်ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီနေ့အချိန်ထိ သက်ဝင်လှုပ်ရှားနေပြီး ဟန်ချက်ညီညီလှုပ်ရှားနေဆဲဖြစ်တယ်ဆိုတာကို ပြောလိုပါ တယ်။ပါလီမန် ခေတ်ကလည်း လွှတ်တော်ထဲထိ တင်သွင်းဆွေးနွေးခဲ့ဖူးသလို ကနေ့အချိန်မှာလည်း လွှတ်တော်ထဲထိ သယ်ဆောင်လာကာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကိုင်လှုပ်ခဲ့ပါတယ်။ဒါဟာ ခေတ်သစ်မြန်မာနိုင်ငံအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတရပ်လို့ပြောရပါလိမ့်မယ်။ ။

2 comments:

Unknown said...

ဒါတွေဟာအမှန်တွေကြီးဖြစ်တော့ မြန်မာနိုင်ငံအတွင်း တစိတ်တ၀န်းတည်း နေလိုသူများအားလုံး စုပေါင်း တွန်းလှန်ရပါလိမ္မည်။ မဟုတ်ရင်တော့ ငါ့သမီး၊ သူ့သမီး
အားလုံးဟာ ရခိုင်မှာဖြစ်တဲ့ မသီတာထွေးလို ဖြစ်လာရနိုင်တယ်ဆိုတာ မြေကြီးလက်
ခတ်မလွဲသလိုဖြစ်သွားနိုင်တယ်။

Unknown said...

ဒါတွေဟာအမှန်တွေကြီးဖြစ်တော့ မြန်မာနိုင်ငံအတွင်း တစိတ်တ၀န်းတည်း နေလိုသူများအားလုံး စုပေါင်း တွန်းလှန်ရပါလိမ္မည်။ မဟုတ်ရင်တော့ ငါ့သမီး၊ သူ့သမီး
အားလုံးဟာ ရခိုင်မှာဖြစ်တဲ့ မသီတာထွေးလို ဖြစ်လာရနိုင်တယ်ဆိုတာ မြေကြီးလက်
ခတ်မလွဲသလိုဖြစ်သွားနိုင်တယ်။