ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့

ရေးသားသူ - ဒီမင်း | ဗုဒ္ဓဟူးနေ့ | 26 ဇန်န၀ါရီလ 2011 | ကန္တာရ၀တီတိုင်း(မ်)

တစ်နေ့ထက်တစ်နေ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကရင်နီသမိုင်းဟာလည်း မှုန်ရီလာလို့ ပျောက်ကွယ်လုနီးပါး ရှိနေပါတယ်။ ခေတ်လူငယ်တွေများ လေ့လာမှုအားနည်းလို့လား ဒါမှမဟုတ် ကိုယ့်သမိုင်းအဖြစ်မှန်တွေကို လေ့လာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ပင်ထားခြင်းခံနေရလို့လား ဆိုတဲ့ မေးခွန်းတွေထုတ်ရတော့မှာပါ။

ကရင်နီပြည်မှာ ယခု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၈ရက်နေ့အထိ ကယားဒေး (ကယားပြည်နယ်နေ့) ပွဲတော် ကျင်းပပြုလုပ်တာကို တွေ့ရှိရပါတယ်။ ကယားဒေးပွဲကို ကျင်းပတာ ၅၉ ကြိမ်မြောက် ရှိသွားပေမယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလိုသာ သတ်မှတ်ကြပါတယ်။

ကရင်နီပြည်မှာ နေထိုင်တဲ့ လူငယ်တွေအဖို့ ကရင်နီသမိုင်းအဖြစ်မှန်ကို လွတ်လွတ်လပ်လပ် သင်ယူခွင့်မရကြပါဘူး။ စာသင်ကျောင်းတွေမှာလည်း ကယားဒေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ သမိုင်းအဖြစ်မှန်တွေကိုလည်း သင်ကြားခွင့်မပြုပဲ အစိုးရက ပိတ်ပင်ထားတယ်လို့ ဆိုကြပါတယ်။

ကယားဒေးပွဲ ကျင်းပတိုင်းမှာလည်း ကယားဒေး ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်အမှန်တွေကို ထင်ဟပ်စေမယ့် အကြောင်းအရာတွေ ဖုံးဖိထားခြင်းခံရတယ်ဆိုတဲ့အကြောင်း ပွဲတော်ကို လည်ပတ်ခဲ့ဖူးသူ ကရင်နီ လူငယ်တစ်ဦးက ယခုလိုပြောပါတယ်။

“အဲဒါတွေတော့ မတွေ့ဘူး ကယားပြည်နယ်မှာ ဘာတွေဖြစ်နေလဲ ဘာတွေ ထင်ရှားလဲ ပြီးတော့ ဘာတွေထွက်နိုင်လဲပေါ့နော ပြခန်းတွေမှာဆို သူတို့ရဲ့ လယ်ထွန်စက်တွေ ကြော်ငြာတယ် မြန်မာနိုင်ငံက ထုတ်တဲ့ ဟာတွေ ကြော်ငြာတာ တွေ့တာပေါ့နော”

မြန်မာနိုင်ငံမှာ နေထိုင်သူတွေ အများစုဟာ ကရင်နီပြည်ကို ကယားပြည်နယ်လို့ ပိုအသိများကြပေမယ့် ထိုင်းမြန်မာ နယ်စပ်မှာ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြတဲ့ ကရင်နီလူမှု အသိုင်းအ၀ိုင်းထဲမှာတော့ ကရင်နီပြည်လို့ ခေတ်ကာလ အဆက်ဆက်က သုံးစွဲတဲ့အတိုင်း ခေါ်ဝေါ်နေကြဆဲပါ။

ဒီလိုကွဲပြား ခေါ်ဆိုနေကြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကရင်နီ စောဖျာအမျိုးနွယ်ထဲမှ လက်ရှိကျန်ရစ် နေသေးတဲ့ ကရင်နီ အမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲက ယခုလို ရှင်းလင်းချက်ပေးပါတယ်။

“ကရင်နီဆိုတာ ရှေးကတည်းက သမိုင်းအရ ရှိတဲ့ စကားလုံး။ ကယားဆိုတာ ၁၉၅၂ ခုနှစ်မှ ဗမာပြည် လွတ်လပ်ရေး ရရှိပြီးတဲ့နောက် သူတို့ ခေါ်တာ။ ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။ သူတို့က ကျနော်တို့ သမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ကယားလို့ ပြောင်းသွားတယ်။ ကျနော်တို့ သမိုင်းအရ အခုချိန်ထိ ကရင်နီလို့ ခေါ်လာတာ အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်။ အခုချိန်ထိ တိုက်ခိုက်ကြတာလည်း အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လေ”

ကရင်နီသမိုင်းအကြောင်း လေ့လာသိရှိထားတဲ့ သူတဦးလဲဖြစ် ပြည်ထောင်စု တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ရဲ့ ဥက္ကဌလဲဖြစ်တဲ့ ခွန်းမားရ်ကိုဘန်က “ကရင်နီကို ကယား ဘာဖြစ်လို့ ပြောင်းသလဲဆိုတော့ ကယားကို ပြောင်းလိုက်တဲ့ အခါက ကရင်နီဆိုတဲ့ သီးခြားလွတ်လပ်တဲ့ သမိုင်းကို ဖဆဖလ က ဖြောက်ချင်လို့ ဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်နီကနေ ကယားပြောင်းလဲခေါ်ဆိုရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကျောင်းသား လူငယ်တဦးက “အဖိုးကြီးအဖွားကြီး ပြောတာတော့ ကြားဖူးတယ် ပြီးတော့စာအုပ် အဟောင်းစုတ်စုတ်ြပဲပြဲ တစ်အုပ်မှာဖတ်ဖူးတယ်” လို့ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ကယားဒေးပွဲကို ကျင်းပရတဲ့ အကြောင်းရင်းတွေကို စာသင်ကျောင်းတွေမှာ လေ့လာခွင့်မရတဲ့အတွက် သက်ကြီးရွယ်အိုတွေကို မေးမြန်းပေမယ့် ကယားဒေးပွဲ ကျင်းပရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိပဲ ရှိနေပါတယ်။

“အဲလိုမျိုး ကယားဒေး ဖြစ်ပေါ်လာပုံ တိတိကျကျကိုတော့ သူတို့မသိတော့ဘူးပေါ့နော ဘိုးဘွားတွေက သူတို့ ဘယ်လိုပြောလဲဆိုရင် ဒီ ကယားဒေး လုပ်ရတဲ့အကြောင်း ဟိုးအရင်တုန်းကတော့ ရှိခဲ့တာပေါ့နော ဒါတော့ ငါတို့က မသိတော့ဘူးပေါ့ ဒါပေမယ့် တစ်ချို့တွေကလည်း ကယားဒေးဘာကြောင့် လုပ်ရတာလဲလို့ မေးလို့ ရှိရင် သူတို့က ကယားပြည်နယ်နေ့ကို အထိမ်းအမှတ်ပြုလို့ ကယားဒေးပွဲ လုပ်ရတာဖြစ်တယ်” လို့ ၎င်းက ဆက်ပြီး အဖိုးအဖွားတွေရဲ့ စကားအရ ပြန်လည်ပြောတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ ၁၀ တန်းအထိ ကျောင်းတက်ခဲ့ဖူးတဲ့ လူငယ်တစ်ဦးက “စာထဲမှာ သင်တာက မြန်မာသမိုင်းနဲ့ ကမ္ဘာ့သမိုင်းလောက်ပဲကော” လို့ပြောပါတယ်။

ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းတွေမှာသာ အလယ်တန်းကနေ ၉ တန်းအထိ လေ့လာခွင့်ရတယ်ဆိုပေမဲ့လို့ ရေရှည်မှာ ဒီကရင်နီ သမိုင်းဘာသာရပ်တွေ လေ့လာသင်ကြားနိုင်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။

ကရင်နီဒုက္ခသည်တွေမှာ ကရင်နီသမိုင်းကို သင်ရတယ်ဆိုပေမယ့် တတိယ နိုင်ငံကို လျှောက်တဲ့ စီမံကိန်းကြောင့် စခန်းထဲက ကျောင်းသားလူငယ်တွေ လေ့လာဆည်းပူးနိုင်ဖို့ အခွင့်အလမ်းဟာလည်း မရှိသလောက် ဖြစ်နေပြန်ပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နေထိုင်သူ တွေအများစုဟာ နှစ်ပေါင်းများစွာ ဒုက္ခသည်ဘဝဖြင့် နေထိုင်ရတဲ့ အဖြစ်ကို ငြီးငွေ့လာတဲ့အတွက် တတိယနိုင်ငံကို လျှောက်ဖို့ ပိုစိတ်ဝင်စားကြတဲ့ အတွက်ကြောင့်ပါ။

ကရင်နီသမိုင်းတွေ တစ်စထက်တစ်စ ပပျောက်လာတာဟာ စစ်အစိုးရတွေ သွယ်ဝိုက်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနှောက်ယှက်နေတာဖြစ်တယ်လို့ ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းက ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ကျင်းပပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် ကယားဒေးပွဲရဲ့ မိန့်ခွန်းတွေမှာ ကရင်နီကိုယ်စားပြု ရပ်မိရပ်ဖတွေ မပါပဲ စစ်တပ်ကသာ နေရာယူပြီး တပ်မတော်တွေရဲ့ ကောင်းကြောင်းတွေကိုသာ ၀ါဒဖြန့် ဟောပြောခဲ့ပါတယ်။

ကယားဒေးပွဲကို ကျင်းပတိုင်းမှာလည်း များသောအားဖြင့် ကရင်နီလူငယ်တွေဟာ ပျော်ပွဲရွှင်ပွဲလို သတ်မှတ်ကြပြီး ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းရင်းထက် လာရောက် သီဆိုဖျော်ဖြေပေးမယ့် နာမည်ကြီးမြန်မာအဆိုတော်တွေနဲ့ ပွဲအတွင်း လောင်းကစားတွေကိုသာ ပိုမိုစိတ်ဝင်စား နေကြတာကို တွေ့ရပါတယ်။

“အခုကျနော်တို့ လူငယ်တွေက ကယားဒေးပွဲဟာ ပျော်ပွဲရွှင်ပွဲ လို့ပဲ မြင်တယ်လို့ပဲ တွေ့ရှိရတယ်ပေါ့လေ” လို့ ကရင်နီကျောင်းသားသမဂ္ဂ KSU ဥက္ကဌ မာတိယာလေးက ပြောပါတယ်။

ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်မှန်တွေကို လူငယ်တွေအကြား ပိုမိုသိရှိလာနိုင်ဖို့ “ကျနော်တို့ လူငယ်တွေအနေနဲ့ဆို ကျနော်တို့ သိဖို့သင့်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီပွဲကျင်းပပေးတဲ့ ကျနော်တို့ ဒီသက်ဆိုင်ရာ ပွဲကျင်းပသူကိုပေါ့လေ ကျနော်တို့ ဟို ဒီကယားဒေးနဲ့ ပတ်သက်ပြီး ဒီကယားဒေးနေ့မှာ ဟောပြောပေးဖို့လိုတယ်။ ဒီကယားဒေးနဲ့ပတ်သက်တဲ့ သမိုင်းတွေကို ပန်းချီပြိုင်ပွဲပဲ ဖြစ်ဖြစ် အဲလိုမျိုး ညဏ်ရည်နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲမျိုးတွေ လုပ်ပေးဖို့သင့်တယ်” လို့ မာတိယာလေးက အကြံပြုပါတယ်။

မိသားစုစားဝတ်နေရေး အဆင်ပြေရေးတွေကိုသာ အစဉ်ရုန်းကန်ကြရတဲ့အတွက် ကရင်နီလူငယ် အနည်းစုတွေသာ ကရင်နီသမိုင်းကို စိတ်ဝင်စားတော့တယ်လို့ ဆိုပါတယ်။

တဖက်မှာ ကိုယ့်သမိုင်းအဖြစ်မှန်တွေ ဖုံးဖိထားခြင်းခံနေရပေမဲ့လို့ ကရင်နီသမိုင်းကို လက်လှမ်းမှီပြီး သက်ရှိထင်ရှားကျန်ရစ်နေသေးတဲ့ မိဘဖိုးဘွားနဲ့ အမျိုးသားခေါင်းဆောင်တွေ ဆီကနေတဆင့် လေ့လာဖို့ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ မနောက်ကျသေးပါဘူး။

ကိုယ့်ကိုယ်ကို ကရင်နီလူမျိုးလို့ ခံယူပါလျက် ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့ အရေးကြီးတဲ့အတွက် ကရင်နီလူငယ်တွေအနေနဲ့ လက်လှမ်းမှီသလောက်တော့ ဝိုင်းဝန်းလေ့လာမှတ်သားကြပါစို့လို့ တိုက်တွန်းရင်း…

1 comment:

Anonymous said...

ႝExcellence to your point, it is good idea for your Kareni youth. As my feeling, the point you show is not only for your Karenni youth but also for other ethnic youth whow don't know their history they should start to study their real history. Youth inside they alive under SPDC bad curriculum. So they have weak point to know about their history. All of you who know about it help them to escape from bad government go back again for fighting after your charging your battery.