သာမညတောင်ဆရာတော် ဦးဝိနာယ၏ ထေရုပ္ပတ္တိအကျဉ်း - အပိုင်း(2)

ဗွာသ,ရာ; ၊ ၃ ဇန်န၀ါရီလ ၂၀၁၁ ၊ တနင်္လာနေ့

သာမညတောင်၏ နောက်ခံအကြောင်း။
ပေပေါင်း (၆၅၃) မြင့်သော “သာမညတောင်” ၏ မူလအမည်မှာ “ဒေးမဲ့စောတောင်” ဟု မွန်ဘာသာစကားဖြစ်ပြီး ၎င်းကို “စပါးပုံတောင်”ဟု မြန်မာလို အဓိပ္ပာယ်ရသည်။ သုဝဏ္ဏဘုမ္မိသထုံပြည်ကြီး ပျက်ပြား၍ မနုဟာမင်း၏ မိဖုရားတစ်ပါးဖြစ်သော မုတ္တမစား မိဖုရားသည် စစ်ဘေးစစ်ဒဏ်ကို တိမ်းရှောင်ရင်း သထုံနှင့် မနီးမဝေး ကော့ကွန်းဂှုသို့ ခိုအောင်းရာမှ ဒေးမဲစောတောင်သို့ ရောက်ရှိလာသည်။

ထိုတောင်ပေါ်တွင် စေတီ(၂)ဆူ တည်ထားကိုးကွယ်ခဲ့သည်။ နောင်နှစ်ပေါင်းများစွာ ကြာလာသောအခါ ဤတောင်သည် လူသူအနေကင်းဆိတ်၍ တောအတိဖြစ်သွားပြီး ဒါယကာ မဲ့သွားသော စေတီ(၂)ဆူလည်း ပြိုလဲကာ အုတ်ပုံဘ၀ရောက်ရှိခဲ့လေသည်။ ထိုနေရာကို တောင်ကြမ်း တောကြမ်းသည်ဟု ဆိုကာ လူသူများ ဝေးဝေးရှောင်ကြလေရာမှ ယင်းတောင်ကို “သာမညတောင် မဟုတ်ဘူး” ဟု ပြောဆိုကြရာမှ “ဒေးမဲ့စော တောင်”အမည်မှ “သာမညတောင်” အမည်အဖြစ်သို့ ပြောင်းလဲလာကြောင်း သိရသည်။ “သာမည” ဟူသော ပါဠိဘာသာစကားမှာ “ရိုးရိုးသာမန်” ဟု မြန်မာလို အဓိပ္ပာယ်ရသည်။

သာမညတောင်သို့ တောထွက်ခြင်း။
မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်နေ့ နံနက်ပိုင်းတွင် ဆရာတော်သည် သပိတ်တစ်လုံးကိုယူ၍ သာမညတောင်သို့ ခရီးစတင်ခဲ့သည်။ သာမညတောင်ခြေမှ သာယာကုန်းရွာသို့ရောက်သော် ခရီးတစ်ထောက်နားပြီး ရွာ၏လှည်းလမ်းအနီးရှိ ကိုးန၀င်းစေတီတွင် ဆွမ်းပန်းကပ်လှူ၍ နောင်ရွှေရွာသို့ ခရီးဆက်ခဲ့သည်။ ညောင်ရွှေရွာဘုန်းကြီးကျောင်းတွင် ညဘက်စခန်းဖွင့်ပြီး ကမ္မဋ္ဌာန်းတရားထိုင်ကာ ဤကျောင်းတွင် ညအိပ်ရပ်နားခဲ့သည်။ နောက်နေ့ နံနက်စောစောအချိန်တွင် ဆရာတော်သည် နောင်ရွှေရွာဘုန်းကြီးကျောင်းမှ ကိုရင်နှစ်ပါးဖြစ်သော ကိုရင်အောင်ဘော်နှင့် ကိုရင်အပိုက်တို့ လိုက်ပါပြီး သာမညတောင်ပေါ်သို့ လူသွားလမ်းအတိုင်း တစ်ထစ်ထစ်နား၍ တက်ရောက်ခဲ့ရာ နံနက် (၇)နာရီအချိန်တွင် ရှေးဟောင်းစေတီရှိရာ တောင်ထိပ်သို့ ရောက်ခဲ့လေသည်။ တောင်ပေါ်သို့ ရောက်သောအခါ ဋ္ဌာပနာပစ္စည်းများကို ဖောက်ထွင်းယူထားခြင်းခံရသည့် ပျက်စီးစရှေးဟောင်း စေတီ(၂)ဆူကို တွေ့ရသည်။ ဆရာတော်သည် သာမညတောင်ပေါ်၌ စတင်ခြေချချိန်တွင် သင်္ကန်း (၃)ထည်နှင့် သပိတ် (၁)လုံးသာ ပါသည်။

ထိုတောင်ပေါ်တွင် ဆရာတော် မရောက်လာမှီ ယခင်ကတည်းကပင် ဒါလီစိန် အမည်ဖြင့် ရသေ့တစ်ပါးက ရောက်နှင့်နေပြီးဖြစ်သည်။ ၎င်းရသေ့သည် စေတီတောင်ဘက် မြေနိမ့်ပိုင်းအရပ်တွင် မိုးဒဏ်၊ လေဒဏ်ကြောင့် မခိုင်တခိုင် ပျဉ်လေးငါးချပ်သာ မြေပြင်တွင် ခင်းထားသည့် မြေစိုက်တစ်ဘက်ရပ် ဖက်မိုးရှည်တန်းတစ်လုံး ဆောက်၍ နေသည်။ ဆရာတော်သည် တောင်ပေါ်သို့ရောက်ခါစတွင် ရသေ့ကြီး ဒါလီစိန် နေထိုင်ခဲ့သည့် တဲ၌ ခေတ္တသီတင်းသုံးခဲ့သည်။ ထို့နောက် ဆရာတော်နှင့် လိုက်လာသည့် ကိုရင်(၂)ပါး၏ ဆောက်လုပ်ပေးသော အင်ဖက်မိုး၊ အင်ဖက်ကာ လေးတိုင်စင် ကျောင်းလေး၌ သီတင်းသုံး၍ (၃)ရက်ကြာ အဓိဋ္ဌာန်ဆောက်တည်ခဲ့လေသည်။ ထိုသို့ (၃)ရက်ဆောက်တည်ပြီးနောက် ဆရာတော်သည် သာမညတောင်အား မိမိ၏ မှီရာတောတောင်အဖြစ် သတ်မှတ်လိုက်ပြီး အဓိဋ္ဌာန်တစ်ခုကို လေးနက်စွာ ချမှတ်လိုက်သည်။ ၎င်းအဓိဋ္ဌာန်သည် “ယနေ့မှစ၍ သုံးနှစ် သုံးမိုး သာမညတောင်မှ အောက်သို့ မည်သည့်အကြောင်းနှင့်မျှ မဆင်းဘဲ တရားကိုသာ နှာလုံးသွင်း ကျင့်သုံးတော့မည်” ဟု အဓိဋ္ဌာန်ပြုခဲ့သည်။

ဆရာတော် ရောက်ရှိလာသော ပထမနွေနှောင်းကာလ အချိန်အတွင်းမှာပင် သာမညတောင် အောက်ခြေရွာများမှ ရွာသူရွာသားများ လူငယ်လူရွယ်များ ဥပုသ်သီလ ဆောက်တည်ရန် ဆရာတော်ခြေရင်းသို့ ရောက်ရှိလာပြီး တရားနာယူရင်း လုပ်အားဒါနပြု ကန်တော့ပန်းဆင်ကြသည်။ သာမညတောင်ပေါ်မှ သစ်ပင်ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဇရပ်ဆောက်လုပ်ရန် မြေနေရာများ မြေဖို့မြေညှိခြင်း၊ တောင်ပေါ်မှ တောင်အောက်ကျေးရွာများသို့ တက်ဆင်းရာတွင် လွယ်ကူစွာ ဆင်းတက်နိုင်ရန် လမ်းအူကြောင်းများဖောက်လုပ်ခြင်း စသည့် သာသနာပြုလုပ်ငန်း အခြေခံတည်ဆောက်မှုကိစ္စရပ်များကို ဆောင်ရွက်ပြီးစီးခဲ့သည်။ ဤလုပ်ငန်းနှင့် တပြိုင်တည်း သာယာကုန်း၊ ကော့ကဒါး၊ နောင်ရွှေ၊ ၀င်းစိန် စသည့် ပအိုဝ်းကျေးရွာများမှ ယာယီကျောင်း၊ ဇရပ်၊ ဆွမ်းစားကျောင်း ၀လုံးကျောင်း ဆောက်လုပ်ခြင်းကိစ္စများကိုပါ ဆောင်ရွက်ပြီးစီးခဲ့သည်။

ပထမနှစ်ဦး မိုးရက်များ ကုန်လွန်ပြီး၍ ဒုတိယနွေရက် ရောက်လာချိန်တွင် ၀င်းစိန်ရွာမှ ဆောက်လုပ်လှူဒါန်းသော အထူးကျောင်းကို ပြီးစီးခဲ့သည်။ ထိုကျောင်းပေါ်မှ ဂုဏ်တော်ပွားများခြင်း၊ ကမ္မဋ္ဌာန်ရှုပွားခြင်း၊ မေတ္တာဘာဝနာပွားပို့ခြင်း ပြုလေသည်။ အဓိဋ္ဌာန်ဝင်သည့် (၃)နှစ်ကာလအတွင်းမှာ ဆရာတော်သည် ကျိန်းစက်ချိန်၊ ဆွမ်းစားချိန်၊ ဒါယကာ ဒါယိကာမများအား သီလပေး တရားဟောကြားချိန်မှ လွဲ၍ ကျန်အချိန်များတွင် တရားဘာဝနာ စူးစိုက်ခြင်းကိုသာ အဓိဋ္ဌာန်ပေါက် ဆောင်ရွက်ခဲ့လေသည်။

ထို့နောက် ဆရာတော်၏ ဂုဏ်တော်တန်ခိုးနှင့် မေတ္တာဓါတ်အရှိန်အဟုန်ကြောင့် အနောက်ဘက် ဇွဲကပင်မြေတစ်လွား၊ သံလွင်မြစ်ကို ကျော်ဖြတ်၍ အရှေ့ဘက်ဒေါနတောင်ခြေ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြ၀တီမှ ဒါယကာ ဒါယိကာမများသည် ဆရာတော်အား ဖူးမြော်ရန် သာမညတောင်ပေါ်သို့ တစ်စတစ်စ ရောက်ရှိလာကြသည်။ လာရောက်ဖူးမြော်ကြသော သူများသည် ဆရာတော်၏ တရားအလုပ်ကို အနှောင့်အယှက်မဖြစ်စေဘဲ ဥပုသ်သီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်ကဲသို့ သက်သတ်လွတ် စားသုံးခြင်းတို့ကို ပြုလုပ်လာကြသည်။ ဆရာတော်၏ အလိုဆန္ဒအတိုင်း စေတီ၊ ကျောင်းဆောင်နှင့် ဓမ္မရုံများကို တည်ဆောက်လှူဒါန်းကြသည်။ ထိုသို့ပြုလုပ်ရာတွင် သာယာကုန်း၊ ကော့ကဒါး၊ ၀ါးဆူး၊ နောင်ရွှေ၊ ၀င်းစိန်ရွာတို့ပါဝင်ပြီး ဟိန္ဒူဘာသာဝင်များလည်း ဆရာတော်အား ဆည်းကပ်ကြည်ညို ကြသည့်အလျောက် ကျောင်းတစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။

ဆရာတော်၏ မေတ္တာရိပ်မှ သတ္တ၀ါများ ချမ်းသာမှုရကြခြင်း။
ဆရာတော်၏ (၃)နှစ် အဓိဋ္ဌာန် ပြည့်မြောက်အောင်မြင်ပြီးနောက် ၁၃၃၇ ခုနှစ် နောက်ပိုင်းမှ စ၍ “သာမညတောင်” “သာမညဆရာတော်” ဟူသော အမည်ထင်ပေါ်ကျော်ကြားလာပြီး မြန်မာတစ်ပြည်လုံးသို့ ပျံ့နှံသွားခဲ့လေသည်။ မြန်မာပြည်အောက်ပိုင်း ကျိုက်ထီးရိုးစေတီအား ဖူးမြော်လျှင် သာမည ဆရာတော်အား ဖူးမြော်ရန် ခရီးတစ်ခု တစ်ခုအပါအ၀င် ဖြစ်လာကြသည်။ ဆရာတော်၏ မေတ္တာဓါတ်သည် သတ္တ၀ါအားလုံးအပေါ် ဖြန့်ဝေထားသည့်အလျောက် သာမည ဆရာတော်ဖူးမြော်ရအောင် သွားမည်ဟု ကားလက်မှတ်ဝယ်ထားသောနေ့ရက်မှစ၍ သက်သတ်လွတ် စားနှင့်ကြသည်။ ခရီးတစ်လျှောက် ပြန်ရောက်သည်အထိ သက်သတ်လွတ်စားကြကာ ဆရာတော်နည်းတူ သတ္တ၀ါများအပေါ် မေတ္တာဓါတ် ဖြန့်ဝေပြီး ဖြစ်ကြသည်။

ဆရာတော်၏ ဘုန်းရိပ်တည်ရာ သာမညတောင် ဖားအံမြို့ကုန်းဆိပ်၊ ရေဆိပ် ယခင်မြိုင်ကလေး ဆိပ်ကမ်းမှစ၍ ခရီးတစ်လျှောက် သားငါးချက် ရောင်းသည့် ထမင်းဆိုင်များ စားမည့်သူ မရှိသဖြင့် အားလုံးနီးပါး သက်သတ်လွတ် ထမင်းဆိုင်ချည်း ဖြစ်ကုန်ကြ၏။ သာမညတောင်သို့ ရောက်ရှိလာသူအပေါင်းအားလည်း ဆရာတော်က တပည့်ဒါယကာများ အကူအညီယူ၍ သက်သတ်လွတ် ထမင်းဟင်းဖြင့် စားနိုင်သလောက် ကျွေးမွေးဧည့်ခံခဲ့လေသည်။ ဆရာတော်၏ သုံးမိုင်ပတ်လည်ရှိ သာမညနယ်မြေသည် စင်စစ်သက်သတ်လွတ် မေတ္တာလွှမ်းခြုံထားသော တိရစ္ဆာန်တို့၏ ဘေးမဲ့နယ်မြေပင် ဖြစ်ပါတော့သည်။ ထိုဘေးမဲ့အရပ်ရှိ သာသနိက အဆောက်အအုံ နှစ်ထပ်ကျောင်းပေါင်း (၂၀)ကိုလည်း ဆောက်လုပ်ပေးခဲ့သည်။

ဆရာတော်၏ ဘုန်းဂုဏ်၊ သီလ သမာဓိ ပညာသိက္ခာပြည့်ဝသော သာသနာပြုစွမ်းအင်နှင့်တကွ ဂုဏ်အင်္ဂါအဖြာဖြာတို့အား ကြည်ညိုလေးစားသဖြင့် အစိုးရမှ ဆရာတော်အား သာသနာပြုဘွဲ့တံဆိပ် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကကို ၁၉၉၂ တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

No comments: