ပင်လောင်းမြို့နယ်မှ ဘိန်းစိုက်တောင်သူတို့ရဲ့ သံသရာ

ဇန်န၀ါရီလ ၁၁၊ ၂၀၁၁ | တနင်္လာနေ့

ဒေသခံတစ်ဦး၏ ရင်တွင်းစကား စာရေးသားပေးပို့ချက်ဖြစ်သည်။

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စုနှင့် ဖယ်ခုံမြို့နယ် အစပ်တွင် ဘိန်းခင်းစိုက်ပျိုးသည့် ရွာသူရွာသားများ ရှိပါသည်။

လုံးပျဉ်ကျေးရွာရှိ ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ်သန်းထွန်းမှ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ၉ လပိုင်း၊ ၁၀ လပိုင်းနှင့် ၁၁ လပိုင်းတို့တွင် ၎င်းဘိန်းခင်းစိုက်ပျိုးသည့် ရွာသူရွာသားများအပေါ် ကျပ်ငွေသိန်းပေါင်းများစွာ ကောက်ယူ တောင်းခံထားပြီးဖြစ်သည့်အတွက် ယင်းရ.ယ.က ဥက္ကဌနှင့် ရဲနယ်ထန်းသန်းထွန်းတို့ထံ ဘိန်းစိုက်ပျိုးခွန်ပေးဆောင်ထားပြီးဖြစ်သည်။

၂၀၁၀ ခုနှစ် ၁၂ လပိုင်းတွင် တောင်ကြီးမြို့တွင်ရှိသည့် ဒုပြည်နယ်မှူးနှင့် အဖွဲ့သား ရဲအင်အား (၆၀) ကျော်ဖြင့် ယင်းဘိန်းစိုက်ခင်းများအား လာရောက် ဖျက်ဆီးခဲ့ပါသည်။ ဤကဲ့သို့ ဘိန်းစိုက်ခင်းများကို လာရောက်ဖျက်ဆီးခြင်းကြောင့် ဘိန်းစိုက်ပျိုးသည့် ဒေသခံများအနေဖြင့် နှစ်ထပ်ကွမ်းအထိနှာစေခဲ့ပြီး အကြီးအကျယ် ဆုံးရှုံးနှစ်နာစေခဲ့ပါသည်။

ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ် သန်းထွန်းတို့ထံ ဘိန်းစိုက်ခွင့် ဘိန်းအခွန်သိန်းချီပေးဆောင်ခဲ့ပြီးဖြစ်သည့်အတွက် တစ်အချက် နှစ်နာမှုဖြစ်သည်။ နှစ်အချက်အနေဖြင့် ဘိန်းစိုက်ဖို့ ရင်းနှီးခဲ့ရသည့် အရင်းအနှီးမတည်မှုနှင့် ရင်းနှီးခဲ့သည့်အချိန်နှင့် လူအား ငွေအား စသည့်ခွန်အားတို့ အလဟဿဖြစ်သွားပါသည်။

ရဲတပ်ကြပ်သန်းထွန်းမှာလည်း  သူ့ဆွေမျိုးများ စိုက်ပျိုးထားသည့်ဘိန်းခင်းများ များစွာရှိပါသည်။ သို့သော် ၎င်းဆွေးမျိုးစိုက်ထားသည့် ဘိန်းခင်းများကို ဖျက်ဆီးခြင်းမပြုလုပ်ပဲ အခြားသော ဘိန်းခင်းကိုသာ ဖျက်ဆီးပါသည်။

ထို့အတူ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အစပ်ရှိ အခြားသောကျေးရွားများဖြစ်သည့် ခေါင်အိကျေးရွာ၊ လွယ်လုံကျေးရွာ၊ ကန်လကျေးရွာ၊ စက်တော်ကျေးရွာ၊ ကောင်ထိုကျေးရွာ၊ ကောင်ဟွပ်ကျေးရွာ စသည့်ကျေးရွားများမှ စိုက်ပျိုးသည့်ဘိန်းခင်းများတွင်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ တောင်ကြီးမြို့ ဒုပြည်နယ်မှူးမှ တပ်အင်အား (၈၀) ဖြင့် လာရောက်ဖျတ်ဆီးခဲ့ပါသည်။

ထို့နည်းတူ ၎င်းရွာများမှ ဘိန်းစိုက်ပျိုးသည့်သူများမှ ရ.ယ.က ဥက္ကဌနှင့် ရဲနယ်ထိန်းသန်းထွန်းတို့ထံ ကျပ်ငွေ သိန်းပေါင်းများစွာ ဘိန်းခွန် ပေးစောင်ထားပြီး ဖြစ်ပါသည်။ ထို့ထက်မက ဖယ်ခုံမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့အားလုံးနှင့် အာဏာပိုင်အဖွဲ့အားလုံး ဘိန်းစိုက်ရန်အခွန်ငွေ ယူပြီးဖြစ်ပါသည်။

ထို့ကြောင်း ဤမတရားသော လုပ်ရပ်များအား အားလုံးသိနိုင်ရန်အတွက် အသိပေးပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။ 

စာရေးသားပေးပို့သူ
တောသားလေး
ပင်လောင်းမြို့နယ်ဒေသခံတစ်ဦး

ရက်စွဲ။  ။ ဇန်န၀ါရီ ၁၁၊ ၂၀၁၁ 

မှတ်ချက် ။   ။ ဤစာအား ၀ါကျများစီလျှော်အောင် မူရင်းရေးသားပေးပို့သူ၏ စာသားအဓိပ္ပါယ်အတိုင်း ပြန်လည်တည်းဖျတ်ထားပါတယ်။

No comments: