အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် တိမ်ကောလာသည်ကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ငွေကြေးများအနက်မှ ဒေါ်လာ (၅) သန်းကို ဂျပန်နိုင်ငံမှ ပုဂ္ဂလိက အလှူရှင်အမျိုးသမီးတဦးက တနှစ်လျှင် (၁) သန်းစီ လှူသွားမည်ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (ဖရီဒါ) မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

“(၅) နှစ်စီမံကိန်းအတွက် ငွေတကယ်လိုတာက ဒေါ်လာ (၁၀) သန်းလောက်ဖြစ်ပေမယ့် အခု တနှစ်ကို ဒေါ်လာ (၁) သန်းနဲ့ အရင်စရမှာပဲလေ၊ ရတဲ့ငွေနဲ့ပေါ့။ လှူတဲ့သူကိုတောင် ကျေးဇူးတင်ရဦးမှာပါ” ဟု ၎င်းက ပြောသည်။

အင်းလေးကန် တိမ်ကောလာသည်ကို ပြုပြင်ထိန်းသိမ်းရန် (၅) နှစ်ခန့် အချိန်ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀) သန်း လတ်တလော လိုအပ်နေကြောင်း ဖရီဒါအဖွဲ့မှ ဦးအုန်းက ပြီးခဲ့သည့် ဇွန်လအတွင်းကပင် ပြောဆိုခဲ့ပြီးဖြစ်သည်။

အင်းလေးကန် ပြုပြင်မှုအစီအစဉ်ကို လာမည့်အောက်တိုဘာလတွင် စတင်မည်ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်မှုကို အစီအစဉ် (၄) ခုဖြင့် စတင်လုပ်ဆောင်မည်ဟု ဦးအုန်းက ပြောကြားသည်။

ယင်းအစီအစဉ် (၄) ခုမှာ လူမှုစီးပွားရေးစစ်တမ်း ကောက်ယူခြင်း၊ သီးနှံနှင့်သစ်တော ရောနှောစိုက်ပျိုးရန်အတွက် နေရာလေ့လာစစ်ဆေးမှုများ ပြုလုပ်ပညာပေးခြင်း၊ ဆည်မြောင်းဌာနနှင့်ပူးပေါင်းကာ ဆည်ပြုလုပ်မည့်နေရာ ရွေးချယ်ခြင်း၊ ရေညစ်ညမ်းမှုအခြေအနေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းတို့ ပါဝင်မည်ဟု သိရသည်။

ထို့အပြင် အင်းလေးဒေသရွာများတွင် ဇီဝမြေသြဇာလုပ်နည်းများကိုလည်း ပညာပေးသွားမည်ဖြစ်ပြီး သင်တန်းများ ဖွင့်လှစ်ပို့ချသွားရန်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ်များအတွက် ယခုလောလောဆယ်တွင် အင်းလေးဒေသရှိ ဟိုတယ်များက ငွေကျပ် သိန်း (၁၈၀) လှူဒါန်းကြကြောင်း ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ဆောင်ရွက်နေကြသော်လည်း နအဖစစ်အစိုးရဘက်မှ မည်သို့ဆောင်ရွက်မည်ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မတွေ့ရကြောင်း ရန်ကုန်ရှိ ၀ါရင့်သတင်းစာဆရာတဦးက ဝေဖန်ထောက်ပြသည်။

၎င်းက “အင်းလေးကန်ကိစ္စကို လူတွေက စိတ်လည်းဝင်စားကြတယ်၊ ပြီးတော့ ဘယ်လို လုပ်ရင်ကောင်းမလဲဆိုတာ နည်းလမ်းရှာကြတယ်။ ဒါပေမယ့် ကျနော် သိသလောက်ကတော့ အစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကို ပြောလာတာမရှိသေးဘူးဗျ။ ဂျာနယ်တွေကရေးရင်တောင် အင်းလေးကန်အကြောင်း တော်တော်များများကို စာပေစိစစ်ရေးက ပယ်တာဖြတ်တာတွေ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ဇူလိုင် (၁) ရက်၌ နေပြည်တော်တွင် အင်းလေးကန်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ရာ၌ ဖရီဒါ (FREDA) နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန၊ သစ်တောရေးရာ ၀န်ကြီးဌာနတို့နှင့် UNDP မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ် နွေရာသီတွင် ရာသီဥတု (၃၀) ရာခိုင်နှုန်း ပိုမိုပူပြင်းခြင်း၊ မိုးနောက်ကျခြင်း၊ နုန်းမြေကျမှုများကာ အနည်ထိုင်မှုများလာပြီး မြေသားမြင့်တက်မှု ပိုလာခြင်းတို့ကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ခဲ့ရသည်။

လာမည့်အောက်တိုဘာလတွင် အင်းလေးကန်အတွင်းရှိ နာမည်ကြီးဖောင်တော်ဦးဘုးရားပွဲ ကျင်းပမည်ဖြစ်ရာ ရေနည်းနေသဖြင့် အခက်အခဲရှိနေကြောင်း ဘုရားပွဲကျင်းပရေး တာဝန်ရှိသူက ပြောကြားသည်။

“ရေကတော့ (၄) ပေလောက် လိုနေသေးတယ်။ ဒါပေမယ့် ကျနော်တို့မှာ ယုံကြည်မှုရှိတယ်။ ပွဲတော်ရက်နီးလာရင် အလိုလို ရေကတော့ အဆင်ပြေမှာပါ” ဟု အဆိုပါတာဝန်ရှိသူက ၎င်း၏ယုံကြည်ချက်ကို ပြောသည်။

အင်းလေးဒေသခံများသည် ဖောင်တော်ဦးဘုရားပွဲနှင့်ပတ်သက်၍ ယုံကြည်မှုအစွဲများရှိကြကြောင်း၊ အဆိုပါပွဲတော်မတိုင်မီ သူ့အလိုလို ရေပြည့်သည်ဟူသည့် ယုံကြည်ချက် ရှိကြကြောင်း ဖရီဒါ ဒု-ဥက္ကဋ္ဌ ဖြစ်သူ ဦးအုန်းကလည်း ပြောဆိုသည်။

အင်းလေးကန် အကျယ်အ၀န်းသည် ယခုအခါ မိုးရာသီတွင် အလျား (၅၇.၆) ကီလိုမီတာ၊ အနံ (၁၇.၆) ကီလိုမီတာရှိပြီး နွေရာသီတွင် အလျား (၂၀.၉၃) ကီလိုမီတာ၊ အနံ (၄.၄) ကီလိုမီတာသာ ကျန်လေ့ရှိသည်ဟု သိရသည်။

သို့သော် ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု အပြည့်အ၀ မရရှိနိုင်ဘဲ ဖြစ်နေသဖြင့် ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်သည်။ တောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။

အင်းလေးကန်သည် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းအတွက် နိုင်ငံခြားငွေရရှိစေသည့် မြန်မာနိုင်ငံ၏ အဓိကထင်ရှားသည့် နေရာတခုအဖြစ် ပါဝင်ကာ အင်းသားတို့ရိုးရာ ခြေဖြင့်လှေလှော်သော ယဉ်ကျေးမှုကို ကမ္ဘာလှည့်ခရီးသွားတို့က နှစ်သက်ကြသည်။

No comments: