ကာလသားလူပျိုများအကြံနှင့် အပျိုကြီး ဖခင်၏ ပြဿနာဖြေရှင်းချက်

တစ်ချိန်တုန်းက ကျေးလက်တောရွာတစ်ရွာတွင် ရုပ်ရည်ချောမောလှပပြီး အလွန်မာနကြီးသည့် အပျိုကြီး တစ်ယောက်ရှိ၏။ ယင်းအပျိုကြီးသည် တော်တော်အရုပ်ဆိုးသည့် အပျိုပေါက်စ ညီမတစ်ယောက်ရှိ၏။

တောင်တန်းကျေးလက်ဒေသ၏ ဓလေ့အတိုင်း၊ စဉ်လာမပျက် ညအချိန်တွင် လူပျိုက အပျိုကို လှည့်လည်ကြ သည်အားလျော်စွာ၊ ယင်းအပျိုကြီးသည် မိမိကို လာလည်သည့် လူပျိုများအား ဧည့်ခံစကားမပြောပဲ ညတိုင်းလိုလို အိပ်ခန်းထဲတွင် စောစီးစွာ ပြေးဝင်အိပ်လေ့ရှိ၏။

ကာလသားလူပျိုများ လာလည်သည့်အခါ ဤကဲ့သို့ စောစီးစွာ ပြေးဝင်အိပ်သည့် ညပေါင်း များပြားလာသည့်အခါ ယင်းအပျိုကြီးကို အမြင်ကပ်လာသည့် ကာလသားလူပျိုများမှ အခြင်းခြင်းတိုင်ပင်ပြီး အပျိုကြီးကို ပညာပေးရန် နည်းလမ်းရှာလေတော့၏။

အခွင့်ကောင်းကိုစောင့်ကြည့်သည့် ကာလသားလူပျိုတစ်စုမှ ညတစ်ညတွင် ယင်းအပျိုကြီးအိမ်ကို ချဉ်းကပ်ပြီး တိုင်ပင်ထားသည့် အကြံအတိုင်း အောက်ပါကဲ့သို့ အကောင်အထည်ဖေါ်လေတော့၏။

ကျင်ကြီး (ချီး) အများဆုံး ပါချနိုင်သည့် ကာလသားလူပျိုတစ်ယောက်မှ အပျိုကြီးအိမ်၏ မီးဖိုချောင်ခန်းကို ဖွင့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် သိပ်တစိတ်ဝင်လိုက်ပြီး ထမင်းချက်သည့်မီးဖိုထဲတွင် ကျင်ကြီး ပါချလိုက်လေတော့၏။

မနက်အစောပိုင်း ကြက်တွန်သံကြားကြားခြင်း မာနကြီးသည့်အပျိုကြီးသည် နံနက်စာချက်ရန် အိပ်ယာမှထ၍ သွားလေးတိုက် မျက်နှာလေးသစ်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားသည့်အခါ၊ နံစော်နေသည့်အနံ့တစ်ခုခု ခံရ၍ မီးဖိုထဲတွင် ဓာတ်မီးဖြင့် သေချာစွာ ထိုးကြည့်လိုက်သည့်အခါ အနံ့တစ်ထောင်းထောင်းထွက်နေသည့် အပုံကြီးကို တွေ့ရလေတော့၏်။

မာနကြီးသလို တော်တော်ရွှံတတ်သည့် အပျိုကြီးအား လွန်စွာဒေါသထွက်ပြီး ကျင်ကြီးလည်းမကြုံး နံနက်စာလည်းမချက်ဟု ပါးစပ်တွင် ပူညံညံ ဖွစိဖွစိလုပ်ပြီး၊ ကျင်ကြီးကြုံးရန်နှင့် နံနက်စာထချက်ရန် အိပ်နေသည့် အပျိုပေါက်စညီမဖြစ်သူကို အကျိုးအကြောင်းပြောပြီးအတင်းသွားနိုးလေးတော့၏။

ညီမဖြစ်သူမှ အိပ်ချင်မူးတူးနဲ့ ကြောင်းကျိုးစုံလင်မသိပဲ အိပ်ယာကထပြီး မီးဖိုချောင်သို့ ၀င်သွား၍ အခြေအနေကိုတွေ့ရသည့်အခါ၊ သူ့ခမျာလည်း ရွှံရှာတတ်သည်ကတစ်ကြောင်း၊ နံနက်စာ ထချက်သည့် အလှည့် မဟုတ်တာတစ်ကြောင်းဖြစ်သည့်အတွက် ကျင်ကြီးလည်းမကြုံး နံနက်စာလည်းမချက်ဟု ပြန်ငြင်းလေတော့၏။

ညီအစ်မ နှစ်ယောက်စလုံးမှ သူမလုပ် ကိုယ်မလုပ်သည့်အဆုံး၊ “တကျော့ ကျော့” ဟောက်ပြီး အိပ်ကောင်းတုန်းရှိနေသည့် အမေကို သွားနိုးလေတော့သည်။ အမေဖြစ်သူလည်း အိပ်ချင်မူးတူးဖြင့် မီးဖိုချောင်ထဲဝင်ပြီး ကြောင်းကျိုးစုံလင်ကို သိရသည့်အခါ အမေဖြစ်သူလည်း ရွှံရှာတတ်ရာမှာ ဘုရင်မ တင်မြောက်ရလောက်အောင် ဖြစ်ပြန်သည့်အတွက် ကျင်ကြီးကြုံးခြင်းအလုပ်နှင့် နံနက်စာချက်ရန်ငြင်းပြီး သမီးနှစ်ယောက်ပဲ အဆင်ပြေသလို ပြုလုပ်ရန်ပြောလိုက်၏။

အမေဖြစ်သူနှင့် သမီးနှစ်ယောက်ဖြစ်သူ သုံးယောက်စလုံးအား၊ အမေဖြစ်သူမှ သမီးတို့ပဲကြုံးရန်၊ သမီးအငယ်တစ်ယောက်မှ အမေနှင့် အမတို့ကြုံးရန်၊ သမီးကြီးဖြစ်သူလည်း အမေနှင့် ညီမကြုံးရန် စသည့် အချင်းချင်း သူကြုံးရန် မင်းကြုံးရန် “သမီးကြုံး .. အမေကြုံး .. အငယ်ကြုံး… အကြီးကြုံး.. ငါမကြုံးဘူး…. သူမကြုံးဘူး.. ဂွင်း… ဂန်း …. ဒေါင်း.. ဒိုင်း.. ဒန်း… ကလောင်း… ဒေါင်း…ဒေါင်း..” ဤကဲ့သို့ သမီးနှင့် အမေ သုံးယောက် တမနက်လုံး စကားများ၍ တအိမ်လုံး ဆူညံပြီး.. ရန်ဖြစ်နေချိန်တွင် အိပ်ယာထဲ အိပ်မရပဲ ဖြစ်နေသည့် အဖေဖြစ်သူမှ ရုတ်တရက်ထပြီး နံရံပေါ်တွင် ချိတ်ထားသည့် ဓားမြောင်ရှည်တစ်ချောင်းကိုစွဲပြီး သမီးနှင့် အမေသုံးယောက်လုံး ဆူညံနေသည့် မီးဖိုချောင်ထဲသို့ “တုန်း…တုန်း.. တုန်း….တုန်း..” ခြေသံမြည်အောင် ၀င်သွား၍၊ မပြောမဆိုပဲ ဓားမြောင်ရှည်ဖြင့် မီးဖိုထဲတွင်ရှိသည့် မဟာကျင်ကြီးပုံကြီးကို “ ရော့ကွာ…. ရွှီး….ရှဲ….ချွင်း..ချောင်း..” ဟု တရုတ်အက်ရှင် ရုပ်ရှင်ဇာတ်ကားထဲက ဂျန်ကျောင်း၏ ဓားသံလို မြည်အောင် နှစ်ပိုင်းခုတ်ဖျတ်လိုက်ပြီး၊ “ရော့ … သမီးငယ်အတွက် ဒီတပိုင်းကြုံးလိုက်၊ ရော့… ကျန်တဲ့ ဒီတစ်ပိုင်း သမီးကြီးကြုံးလိုက်..၊ အမေက နံနက်စာချက်လိုက်၊ အဖေက ကျင်ကြီးပြေနေတဲ့ ဒီဓားမြောင်ကို ဆေးမယ်..ရှင်းပြီလား" ဟုပြောပြီး ရေချိုးခန်တွင် ဓားမြောင်သွားဆေးပြီး အိပ်ယာထဲသို့ ၀င်၍ မြိန်ရှက်စွာ ပြန်အိပ်လေတော့၏။

သမီးနှစ်ယောက်နှင့် အမေဖြစ်သူတို့လည်း ခွဲထားသည့်တာဝန်အတိုင်း တစ်ယောက်နှင့် တစ်ယောက် မျက်လုံးကလည် ကလည်ဖြင့် ကြည့်ကြပြီး၊ ရည်ရမည်လိုလို၊ ပြုံးရမည်လိုလို၊ ငိုရမည်လိုလိုဖြင့် ချီးကြုံးပွဲကို အကောင်အထည်ဖေါ်ပြီး တမနက်လုံးစကားများခြင်းအလုပ်ကို အဆုံးသတ်လေတော့ သတည်း။


မှတ်ရန်။   ။ ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ်လူရွယ်များကြားတွင် ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း  ရေးသား တင်ပြထားခြင်းဖြစ်ပါသည်။

No comments: