ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် UPNO တရားဝင်ဖျက်သိမ်းခံရ

တောင်ကြီးတိုင်မ်း | စက်တင်ဘာလ ၁၄ ရက်၊ ၂၀၁၀ ခုနှစ် | အင်္ဂါနေ့

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (Union Pa-Oh National Organization – UPNO) အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၁၀ ခုအား တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို စက်တင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် စစ်အစိုးရပိုင်မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွင့်ဌာနများတွင် ကြေညာသွားကြောင်း သိရသည်။

တရားဝင်ဖျက်သိမ်းခံရသည့်နိုင်ငံရေးပါတီ ၁၀ ခုအနက် ၅ ခုမှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် “၀”အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ စသည့်ပါတီတို့ဖြစ်ကြပြီး ယင်းပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိသည့်အတွက် ဖျက်သိမ်းခံရဲခြင်းဖြစ်သည်။

ကျန်ရှိသည့် ဖျက်သိမ်းခံရသည့်နိုင်ငံရေးပါတီ ၅ ခုမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်တင်ခွင့်လျှောက်ထားသည့်ပါတီများဖြစ်ကြပြီး ၎င်းတို့သည် လွတ်တော်သုံးရပ်စလုံးတွင် ၀င်ရောက် မယှဉ်ပြိုင်နိုင်သည့်အတွက် ဖျတ်သိမ်းခြင်းဖြစ်ကြောင်း ဆိုသည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (UPNO) သည် ၁၉၄၆ ခုနှစ်မှ ဖွဲ့စည်းတည်ထောင်သည့် “ပအိုဝ်းလွောင်းဗူး” အဖွဲ့မှအစပြု၍ ၁၉၅၀ ခုနှစ်တွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို ပြောင်းလည်းဖွဲ့စည်းခဲ့ပြီး ၁၉၅၂ တွင်ကျင်းပသည့် ပထမအကြိမ်မြန်မာနိုင်ငံပါလီမန်ရွေးကောက်ပွဲ၊ ၁၉၅၆ ခုနှစ် ဒုတိယအကြိမ်ကျင်းပသည့် မြန်မာနိုင်ငံ ပါလီမန်ရွေးကောက်ပွဲ၊ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ စသည့်ရွေးကောက်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

No comments: