ကိုရင်လေး .. ဒါဆိုရင် ဆက်အိပ်တော့

တချိန်တုန်းက တောရွာက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းက ဖြစ်ပါ၏….။

“တချိန်တုန်းက” လို့ ဆိုတိုင်း လွန်လေပြီးတဲ့ ဟိုးဟိုးခေတ်တုန်းကလို့မထင်လိုက်နဲ့နော်..။ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တပါးနှင့် ကိုရင်လေး ကိုရင်ကြီး အားလုံး အပါးပေါင်း ၂၀ ကျော်လောက်ရှိ၏။ ဘုန်းကြီးကျောင်းမှာနေပြီးတော့ ရွာရှိအခြေခံမူလတန်းကျောင်းသို့ ကျောင်းတက်သည့် ကျောင်းသားပေါက်စ လေးတွေလဲ ခန့်မှန်းခြေ အယောက် ၂၀ ကျော်လောက်ရှိ၏။

အဲဒီကျေးလက်တောရွာလေးမှာ သာမန်တောရွာမဟုတ် … တောမြို့နှင့် မိုင် ၃၀ ကျော်ကျော် ၄၀ နီးပါး လောက်ဝေးကွာနေတဲ့ တောရွာ။ စကားပြော စာရေးတိုင်း “တော” ဆိုတဲ့စကားလုံး မသုံးရင်မဖြစ်။ တောမြို့နဲ့ တော်တော်အလှမ်းဝေးတဲ့ တောရွာလေ..။ တောအခြေခံမူလတန်းကျောင်းမှာ တောရွာသူ တောရွာသားများ လုပ်အားဖြင့် စုပေါင်းတည်ဆောက်ထားတဲ့ တောစာသင်ကျောင်း။

ကျောင်းမှာစာသင်တဲ့ ကျောင်းဆရာကလဲ စာသင်ကျောင်းမတက်ဖူးတဲ့ တောက ကျောင်းဆရာ.. လစာပေးစရာမလိုဘူး .. ဘုန်းကြီးပေါ့..။ တောဒေသမှာ တောကျောင်းဆရာ ရှားပါးမှုကြောင့် တောကဘုန်းကြီးပါ တောကအခြေခံမူလတန်းကျောင်းမှာ တောကျောင်းဆရာ ၀င်လုပ်ရတာပေါ့ကွယ်…။ ကျောင်းဆရာ Shortage ဖြစ်နေလို့။

တောအကျောင်း စကားပလ္လင်ခံ... အတော်အတန်ရှည်လျားသွားတဲ့အတွက် တောင်းပန်အပ်ပါ၏။ လိုရင်း ဖြစ်တဲ့ တောရွာက မွေးဖွားလာပြီး တောစာသင်ကျောင်းတက်ရန် တောဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ တောသား ကိုရင်လေးတစ်ပါးရဲ့ အိမ်မက်အကြောင်းကို ဆိုပြပါတော့မယ်။ အောက်ပါအတိုင်း ရှုစား၍ ရယ်မော ပျော်ပါး ရွှင်ပြုံးနိုင်ကြပါကုန်.....။

တောဘုန်းကြီးကျောင်း၌့ မနက် ၅ နာရီထိုးသည်နှင့် ခေါင်းလောင်းထိုးပြီး ဘုန်းကြီး၊ ကိုရင်လေး၊ ကျောင်းသား အားလုံးထပြီး ကြီးစဉ်ငယ်လိုက် ထိုင်နေရာယူ၍ဘုရားရှိကြ၏။ ဘုရားရှိခိုးရန် ခေါင်းလောင်းထိုးပြီးသည့် အချိန်တွင် အိပ်ယာက မထပဲ ဆက်အိပ်နေသည့် ငပျင်း ကိုရင်းလေး ကျောင်းသားလေးတွေ ရှိ မရှိ ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင် အိပ်ယာတွင် လိုက်လံကြည့်ရှု၏။

တစ်မနက်တွင် ခေါင်းလောင်းထိုးပြီး အားလုံးဘုရားရှိခိုးနေစဉ် ကျောင်းထိုင်ဘုန်းကြီး လိုက်လံကြည့်ရှုရာ၌ အိပ်ဆောင်တွင် ဘုရားရှိခိုးရန်မထပဲ ဆက်အိပ်နေသည့် ကိုရင်ငပျင်းလေးတပါးကို တွေ့၏။

ကျောင်းထိုင်ဘုန်းကြီးက အိပ်နေသည့် ကိုရင်လေးအနား ကျွသွားပြီးတော့ ..
“ဟေ့ ကိုရင်လေး .. ဘာလို့ ဘုရားထမရှိခိုးတာလဲ.. ကိုရင် ငပျင်း..” ဟု ပါးစပ်ဖြင့် ပြောလဲပြော .. ရိုက်ဖို့ လက်ကလေးဖြင့်လဲ ချိန်ရွယ်နေစဉ်..။

ကိုရင်လေးက ကမန်းကတန်းဖြင့်
“အရှင်ဘုရား .. အရှင်ဘုရား … အရှင်ဘုရားအကြောင်း တပည့်တော် အိပ်မက်ကောင်းတစ်ခု အိပ်မက်နေလို့ပါ အရှင်ဘုရား” ဟု ပြောပြီး…။

ကျောင်းထိုင်ဘုန်းကြီးက ကိုရင်လေးကို ရိုက်ရန် ချိန်ရွယ်နေတဲ့ လက်ကို ပြန်ရုပ်သိမ်းပြီး..
“ကဲ.. ဒါဆိုရင် ဆိုစမ်းပါဦး.. ငါ့အကြောင်းဘာတွေ အိပ်မက်နေလို့လဲ .. မြန်မြန်ပြောစမ်း ..” ဟု ဆိုပြီး..။

ကိုရင်လေးကလည်း တွက်တွက်လေးဖြင့်..
“ဟို..ဟို…ဒီလိုပါဘုရား..တပည့်တော် အိပ်မက်ထဲမှာ တပည့်တော်အမက အရှင်ဘုရားနဲ့ သာယာလှပတဲ့ ပန်းခြံတစ်ခုထဲမှာ လက်တွဲပြီး အတူလမ်းလျှောက်နေတာကို တပည့်တော် အိပ်မက်တယ် အရှင်ဘုရား..” ဟုပြောပြီး။

ကျောင်းထိုင်ဘုန်းကြီးက..
“ဟော .. အဲဒီလိုလား . နောက်ပြီးဘာဆက်လုပ်သေးလဲ … ဘယ်မှာသွားသေးလဲ..” ဟု သိချင်စောနဲ့ ဖြတ်မေးပြီး။

ကိုရင်လေးကလည်း ချက်ချက်းပဲ..
“အဲဒီနောက်ပိုင်းမမက်ရသေးပါ အရှင်ဘုရား ..။ တပည့်တော် အိပ်မက်တုံး အရှင်ဘုရားက တပည့်တော်ကို လာနိုးလို့ .. မအိပ်မက်ရသေးပဲ နောက်ပိုင်း ကျန်နေပါသေးတယ် အရှင်ဘုရား..” ဟုပြောပြီး။

ကျောင်းထိုင်ဘုန်းကြီးက..
“အို ကေ … ဒါဆိုရင် ဆက်အိပ် ဆက်အိပ်” ဟုပြောပြီး ဘုရားထမရှိခိုးတဲ့ ကိုရင်လေးကို မရိုက်တော့ပဲ ဆက်အိပ်ခိုင်းလေတော့၏။

ကိုရင်လေးကတော့ အားရပါးရဆက်အိပ်လေတော့၏။..
----------------------------------------------------
မှတ်ရန်။   ။ ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ်လူရွယ်များကြားတွင် ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း  ရေးသား တင်ပြထား ပါသည်။

No comments: