ခရာခ်နှင့်ဗုဒ္ဓ ကိုယ့်အတွေးနှင့် ကိုယ်ချဲ့ကြပုံများ

တချိန်၌ အလွန်ရင်းနှီးကြသည့် သူငယ်ချင်းနှစ်ယောက်ရှိရာ တစ်ယောက်မှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ပြီး ကျန်တစ်ယောက်မှာ ခရာဇ်ယန်ဘာသာကို ယုံကြည်ကိုးကွယ်သူဖြစ်၏။ သူတို့ နှစ်ယောက်မှာ ကိုယ့်ဘာသာတရားကို အတော်ကိုင်းရှိုင်းကြသူများ ဖြစ်ကြ၏။

တနေ့တွင် နံနက်စာစားပြီး ကျန်ရှိနေသည့် ထမင်းအနည်းငယ်ကို ထုပ်၍ အလွန်ဝေးသည့် ခရီးတစ်ခု အတူသွားကြ၏။

လမ်းခရီးမှာ ကြမ်းတမ်းသည်ကတစ်ကြောင်း၊ တနေကုန် တနေခန်း ခြေကျင်ဖြင့် ခရီးသွားရသည်ကတစ်ကြောင်း စသည့်အကြောင်းတို့ကြောင့် မွန်လွဲပိုင်း နေစောင်းချိန်၌ နှစ်ယောက်စလုံး လွန်စွာဗိုက်ဆာ၍ တောင်စောင်းတနေရာတွင် အရိပ်ကောင်းသည့် သစ်ပင်ကြီးတပင်အောက်တွင် ထမင်းစားရန် ခရီးတစ်ထောက်နားကြ၏။

ဘာသာတရား လွန်စွာကိုင်းရှိုင်းကြသည့်သူများ ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓဘာသာဝင်ဖြစ်သူက ထမင်းထုပ်ငယ်လေးကို ဖြေ၍ ထမင်းဦးဖျားကို ဖဲ့ထုတ်လိုက်ပြီး သစ်ရွက်ထဲတွင် ထည့်ကာ သစ်ပင်ခြေရင်းတွင် ဘုရား တရား သံဃာ ရတနာသုံးပါးကို ဦးထိပ်ထား၍ ဆွမ်းတော်သွားကပ်လှူလိုက်ရာ၊ ခရာဇ်ယာန်ဘာဝင်ဖြစ်သူက ဗုဒ္ဓဘာသာဓလေ့ကို မသိသဖြင့် “ဒီလူတစ်ယောက်ရူးနေပြီလား..၊ ထမင်းက ဒီလောက်နည်းနည်းလေးပဲ ရှိနေတဲ့ကြားက သွားပြီးတော့သွန်ပစ်လိုက်သေးတယ်.. တကယ့်ကောင်ပဲကွာ..” ဆိုပြီး စိတ်ထဲတွင် မကျေမနပ်ဖြစ်နေ၏။

ထို့နောက် ဗုဒ္ဓဘာသာဝင်ဖြစ်သူက သစ်ပင်ခြေရင်း ဆွမ်းတော်ကပ်လှူပြီးပြန်လာ၍ ထမင်းစားတော့မည် အပြုတွင် ခရာဇ်ယာန်ဘာသာဝင်ဖြစ်သူက လက်နှစ်ဖက်အောက်ချ၍၊ မျက်စိမိတ်ပြီး ငြိမ်သက်စွာ အာရုံပြု ဆုတောင်းမှုပြုလိုက်ရာ၊ ဗုဒ္ဓဘာသာဝင်ဖြစ်သူက ခရာဇ်ယာန်ဘာသာဓလေ့ကို နားမလည်သဖြင့် “ဒီကောင် တော်တော်နောက်တဲ့ လူပါလား..... ဘာဖြစ်နေတာလဲ၊ ဗိုက်ဒီလောက်ဆာနေတဲ့ကြားက ထမင်းစားနေတာကို အိပ်ငိုက်အားသေးတယ်.. တကယ့်လူကွာ..” ဆိုပြီး စိတ်ထဲတွင် အစာမကျေဖြစ်နေ၏။

ယင်းခရီးသွားသူငယ်ချင်းနှစ်ယောက် စဉ်းစားကြပုံမှာ စာရှုသူတို့ ဆက်လက်၍ မည်ကဲ့သို့ စဉ်းစားကြမည်နည်း။ ဆက်၍ အတွေးများ ချဲ့ကြလေကုန်လော့။ :) :)

--------------------------------------------------------
မှတ်ရန်။ ။ ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ်လူရွယ်များကြား ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း ရေးသား တင်ပြထားခြင်းဖြစ်ပါသည်။

No comments: