အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် PNLO အဖွဲ့ ထွက်ခွာ

NMG ဇော်ကြီး။ သြဂုတ်လ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ကိုယ်စားလှယ်အဖွဲ့ ယနေ့ နံနက်က ထိုင်းမြန်မာ နယ်စပ်သို့ ထွက်ခွာသွားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ပြည်နယ်အဆင့်နှင့် ဆွေးနွေးရန် ရှိပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စအပါအ၀င် ယခင်အကြိမ်များက မူအားဖြင့် သဘောတူ ထားသည့် အချက်များပေါ် အခြေခံ၍ ဆွေးနွေးမည်ဟု PNLO ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးခွန်မြင့်ထွန်းက အခုလို ပြောသည်။ “အခုသွားတဲ့ ဒီခရီးစဉ်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ နှစ်ဖက် သဘောတူနိုင်ရင် ပဏာမ လက်မှတ်ရေးထိုးမယ်။ ပြီးတော့ ဆက်ဆံရေးရုံးတွေ ဖွင့်မယ်။ အပစ်အခတ် ရပ်စဲရေး ပထမ အဆင့်ပေါ့။”

ထို့အပြင် တပ်နေရာချထားရေး ကိစ္စ၊ လက်နက်မပါဘဲ နယ်မြေဖြတ်သန်း သွားလာခွင့် စသည့် အသေးစိတ် အချက်အလက်များအား နှစ်ဖက်တွေ့ဆုံသည့်အခါ အဓိကထား ဆွေးနွေးမည်ဟုလည်း ဆိုသည်။

လောလောဆယ် ရှမ်းပြည်တောင်ပိုင်း မောက်မယ်၊ ဟိုမိန်းနှင့် နမ့်စမ် ဒေသတ၀ှိုက်တွင် PNLO တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး နှစ်ဖက်သဘောတူညီမှု ရပါက တောင်ကြီးနှင့် မွန်ပြည်နယ် သထုံမြို့တို့တွင် ဆက်ဆံရေးရုံးများ ထားရှိရန် ရွေးချယ်ထားကြောင်း သိရသည်။

အစိုးရဖက်မှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည်ဟု သိရပြီး PNLO ဖက်မှ အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း ဦးဆောင်၍ ဒု-ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်သူရိန် အပါအ၀င် အဖွဲ့ဝင် (၁၀) ဦး ပါဝင်ပြီး ယခုလ ၂၅ ရက် နေ့တွင် တွေ့ဆုံ နိုင်လိမ့်မည်ဟု ဦးခွန်မြင့်ထွန်းက ခန့်မှန်းထားသည်။

လွန်ခဲ့သည့် ဇူလိုင်လ (၂၃) ရက်နေ့က PNLO အဖွဲ့ လေ့လာရေး ခရီးသွားခဲ့စဉ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဌ ဦးအောင်မင်းနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး မူအားဖြင့် သဘောတူညီချက်အချို့ ရရှိခဲ့သည်။

ထို့အပြင် ယခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သလို ဇူလိုင်လက ဘန်ကောက်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး နယ်မြေကိစ္စနှင့် PNLO တပ်ဖွဲ့ဝင်များ အခြေချ နေထိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့အား ရဟန်းသံဃာများ အပါအ၀င် ပအိုဝ်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမားအဖွဲ့များနှင့် ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ညီလာခံ ကျင်းပ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။

No comments: