အထက်ပေါင်းလောင်းဆည်ကြောင့် ဒေသခံနစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို

သြဂုတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

၂၀၁၂ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည်ဖြစ်သောသျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာ ၂၃ရွာမှာ အန္တရာယ်ကြုံတွေ့နိုင်ပြီး နစ်နာမှုများရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ် -KYNG က မန္တလေးမြို့၌ ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးမြို့ ၇၁လမ်း၊ လမ်း ၃၀ထောင့်၊ ယူနီဆမ်လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်ခဲ့သည့် KYNG ၏ သတင်းစာရှင်းလင်းပွဲ၌အထက်ပေါင်းလောင်းဆည် တည်ဆောက်ခြင်းကြောင့်ရွာ ၂၃ရွာမှ လူ ၈ထောင်ကျော် ပြောင်းရွှေ့ရန်ရှိသလိုမြေဧက ၆ထောင်ကျော် ပျက်စီးသွားနိုင်ကြောင်းယင်းစီမံကိန်းကိုစောင့်ကြည့်လေ့လာသည့် KYNG အတွင်းရေးမှူးခွန်းဘီထူးကရှင်းလင်းခဲ့သည်။

၎င်းအပြင် သူက “အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးတာမျိုးမရှိဘူးဆိုရင် အဲဒီရေကာတာအနီးတ၀ိုက်မှာရှိတဲ့ ရွာ ၂၃ရွာကို စည်းရုံးပြီး ၀ိုင်းဝန်းလက်မှတ်ထိုးမှုတွေ၊ သပိတ်မှောက်တာတွေ ဆက်လုပ်သွားမယ်”ဟုကေအိုင်စီသို့ ပြောသည်။

ဒီမိုကရက်တစ်မြန်မာအသံ-DVB အပါအ၀င် ပြည်တွင်းသတင်းဂျာနယ်များဖြစ်သည့် Popular News ၊ Myanmar Independence, Sky Net,Shwe Mandalay စသည့်သတင်းဌာန ၁၃ဖွဲ့ တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် KYNG မှ ခွန်းဘီထူး၊ မူထွေးငယ်နှင့် ဒေသခံတဦးတို့ကရှင်းလင်းခဲ့ပြီးလာမည့်အပတ်တွင်၎င်းဆည်ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး အပါအ၀င် ရန်ကုန်ရှိသံရုံးများ၊ လျှပ်စစ်ဝန်ကြီးရုံး၊ လူ့အခွင့်အရေးကော်မရှင်ရုံးနှင့် သက်ဆိုင်ရာအစိုးရရုံးအချို့သို့အိတ်ဖွင့်ပေးစာတစ်စောင် ပေးသွားမည်ဟုသိရသည်။

အလားတူပင်လောင်းမြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်အမတ် ခွန်းမောင်သောင်းက လက်ရှိအထက်ပေါင်းလောင်းဆည် တည်ဆောက်ချိန်တွင် အစိုးရဘက်က လုပ်ဆောင်ပေးမှုများ၊ ကတိပေးမှုများအပေါ် ဒေသခံများ၏ မေးမြန်းထားမှုများနှင့်အတူ အိတ်ဖွင့်ပေးစာကိုလည်း တပြိုင်နက် ပေးပို့သွားရန်ရှိကြောင်းခွန်းဘီထူးကပြောသည်။

အထက်ပေါင်းလောင်းဆည်ဒေသရှိကျေးရွာများသည် အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်းများမှယခုနှစ်အတွင်းဆည်ပိတ်ရေး၊ မပိတ်ရေးသတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် ရေနစ်မြှုပ်ဧရိယာ ကျရောက်သောလယ်ယာမြေများကိုဒေသခံများကမစိုက်ပျိုးရဲကြသလိုသက်ဆိုင်ရာတာဝန်ရှိများကလည်း ယနေ့အထိ တာဝန်ယူဖြေရှင်းမပေးသေးကြောင်းဇူလိုင်လ၌ KYNG က ပြောသည်။

၂၀၀၄-၂၀၀၅ခုနှစ်မှစ၍ အထက်ပေါင်းလောင်းဆည်ဆောက်လုပ်ရန် ဆွီဇလန်နိုင်ငံရှိအေအက်ဖ် ကိုလင်ကို (AF Colenco) ကုမ္ပဏီကိုငှားရမ်း၍ ကြီးကြပ်စေခဲ့ပြီးလန်ဒန်အခြေစိုက် မဲလ်ကွမ်နှင့် လုပ်ဖော်ကိုင်ဖက် MDA အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ယူနန်အကြီးစားစက်မှုပစ္စည်းများ ပြည်ပတင်ပို့ရေးကုမ္ပဏီ-YMECတို့ကစီမံကိန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်ဟု ၂၀၁၁ခုနှစ်၊ဇွန်လထုတ် KYNGအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတရုတ်ကုမ္ပဏီများ၏ ငွေကြေးနှင့် တည်ဆောက်ရေးအကူအညီပံ့ပိုးမှုဖြင့် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်တွင် ပေါင်းလောင်းမြစ်အောက်ဖက်ဆည်ကို၂၀၀၅ခုနှစ်၊ မတ်လတွင် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

No comments: