PNLO နှင့် KNU တို့ ဦးအောင်မင်းနှင့် ဆက်လက် တွေ့ဆုံမည်

ဟင်္သာနီ (မွန်မြေ) | သြဂုတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ် | (မဇ္ဈိမ)

ပြည်နယ် အဆင့်၌ ပဏာမ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ရန် အတွက် ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် ယခု သီတင်းပတ်ထဲတွင် တောင်ကြီး မြို့၌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်း ကော်မီတီနှင့် တွေ့ဆုံမည်ဟု PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ရက်ကတော့သြဂုတ် ၂၃ ကနေ ၂၆ ရက်တွေ အတွင်း တွေ့ဖြစ်မှာပါ။ အကြောင်းကြောင်းကြောင့် ရက်တွေက အပြောင်းအလဲ ရှိနိုင်တယ်။ ဒီအပတ်ထဲမှာတော့ တွေ့မှာ သေချာပါတယ်။ ဘန်ကောက်မှာ တွေ့တုန်းက ဆွေးနွေးထား တဲ့ အချက် ၆ ချက်ကို အခြေခံ ဆွေးနွေးသွားမယ်။ နှစ်ဖက် သဘောတူရင်တော့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇွန်လကုန်ပိုင်းက ဘန်ကောက်မြို့တွင် ဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံစဉ် ဆွေးခဲ့သည့် အချက် ၆ ချက်မှာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေးရုံး ဖွင့်ရန်၊ လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ အပစ်ရပ် ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန်၊ မူးယစ်ဆေးဝါး ပြဿနာအား အစိုးရနှင့်လက်တွဲ၍ ဖြေရှင်းသွားရန် မီဒီယာများနှင့် လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်ကြသည်။

ထို့ပြင် ယခု ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာချထားရေး ဆွေးနွေးနိုင်ရန်အတွက် သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ ၁ဝ ဦးထဲတွင် တပ်မှူး သုံးဦး ပါဝင်မည် ဖြစ်သည်။

ပအိုဝ့်း ဒေသ၌ ဘိန်းစိုက်ပျိုးသည့် တောင်သူများ ယခုထက်တိုင် ရှိနေသေး၍ ဒေသခံ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါးများကို တွင်တွင်ကျယ်ကျယ် သုံးစွဲ နေခြင်းကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်ကို ပြည်နယ် အစိုးရနှင့် လက်တွဲ၍ လုပ်ဆောင် သွားရန် ရှိသည်ဟု ခွန်ဥက္ကာမှ ဆိုပါသည်။

ဇူလိုင် ၂၃ ရက်နေ့တွင်လည်း PNLO သည် အပစ်အခတ် ရပ်စဲရေး ဆွေးနွေး နိုင်ရန်အတွက် တောင်ကြီးမြို့သို့ တကြိမ် သွားရောက်ခဲ့သော်လည်း ထိုစဉ်က ဝန်ကြီး ဦးအောင်မင်း မအားလပ်၍ ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်ရသည်။ ထိုစဉ်က PNLO ကိုယ်စားလှယ် များသည် ပအိုဝ်း အမျိုးသားအဖွဲ့ (PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ အပါဝင် မြေပေါ် ပအိုဝ်း နိုင်ငံရေး ခေါင်းဆောင်များ၊ ရဟန်း သံဃာတော်များနှင့် တက္ကသိုလ် ကျောင်းသားများနှင့် တွေ့ဆုံခဲ့ပြီး အကြုံပြုချက်များ ရယူသည့် ဆွေးနွေးပွဲသာ ပြုလုပ်ခဲ့သည်။

အပစ်ရပ်ပြီး နောက်ပိုင်း၌လည်း လွတ်လပ်သည့် ပအိုဝ့်းသတင်းဌာန တခု ဖြစ်လာရန် ရည်ရွယ်ချက် ရှိပြီး လုပ်ဆောင် သွားရန် ရှိသည့်ပြင် သထုံမြို့နှင့် တောင်ကြီးမြို့၌ ဆက်ဆံရေးရုံး ဖွင့်ရန်လည်း လျာထားသည်ဟုလည်း ခွန်ဥက္ကာ က ပြောသည်။

သို့သော်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ အဆင့်များစွာ ရှိသေးသည်ဖြစ်၍ ယခု တွေ့ဆုံခြင်းသည် မဏာမ တွေ့ဆုံသည်သာ ဖြစ်၍ နောက်ပိုင်း၌ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန်၊ တပ်ပေါင်းစုများနှင့် ဆွေးနွေးရန်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးပါကလည်း ထိုအချက်အား
နှစ်ဖက်စလုံးမှ ထိန်းသိမ်းသွားနိုင်ရန် စသဖြင့် အဆင့်များစွာ ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီသည် ပအိုဝ့်းအဖွဲ့နှင့် တွေ့ဆုံပြီးနောက်တွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ဘားအံမြို့၌ ၂၈ ရက်နေ့နှင့် ၃ဝ ရက်များ အကြားတွင် ဆက်လက် တွေ့ဆုံရန် ရှိသည်။

လက်ရှိ၌မူ KNU သည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲ ထားသဖြင့် အစိုးရနှင့် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး တည်ဆောက်နိုင်ရန် ကြိုးစား နေသည်ဟု သိရှိရသည်။

သို့သော် သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင် အာဇာနည်နေ့တွင် KNU ဥက္ကဋ္ဌ
စောတာမလာဘော က အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကိုသာ အသားပေး ဆွေးနွေးနေကြောင်းနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ ချီတက်လိုပါက တိုင်းရင်းသားများနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နိုင်ငံရေး အရ အဓိပ္ပါယ် ပြည့်ဝသည့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်အား တိုက်တွန်း သည်ဟု ပြောကြား ထားသွားခဲ့သည်။

KNU သည် မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မီတီနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်၍ ယခုအကြိမ် တွေ့ဆုံခြင်းသည် တတိယ အကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်မည်။

No comments: