ထိုင်းနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာပြည်ကိုယ်စား သွားရောက်မည့် ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့ ရန်ကုန်တွင် ပဏာမဖျော်ဖြေတင်ဆက်ခဲ့

By ခွန်ထီးခမ်း | ဇန်န၀ါရီလ ၁၄ ၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ရန်ကုန် (တောင်ကြီးတိုင်းမ်)။ ။ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖျော်ဖြေ တင်ဆက်ကပြမည့် ပအိုဝ်းအမျိုးသားကိုယ်စား အကအဖွဲ့က ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့၌ ရန်ကုန် ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်တွင် ပဏာမ ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။


နန်းခင်ဇေယျာမှ မိမိအတွေ့အကြုံကို ဝေငှဖလှယ်နေစဉ် (ဓာတ်ပုံ၊ ခွန်ထီးခမ်း)

နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်မည့် (Surin International Folklore Festival ) ပွဲကို ယခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုယ်စားအနေဖြင့် လာရောက်ဖျော်ဖြေပေးရန် ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲက ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် အရှေ့နှစ်များတွင်မူ ကရင်၊ မွန် စသည့် တိုင်းရင်းသား လူမျိုးများ သွားရောက်ခဲ့ပြီး၊ ယခုနှစ်၌ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ ပထမဆုံးအကြိမ် သွားရောက်ဖျော်ဖြေ ယှဉ်ပြိုင်မည်ဟု သိရသည်။

အကအဖွဲ့များကို တောင်ကြီးမြို့မှ ပအိုဝ်းတိုင်းရင်းသားအမျိုးသမီးပညာရေးနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး စည်းရုံးလှုံ့ဆော် ဦးဆောင်ဦးရွက်ပြုပေးသည်။ ရိုးရာဓလေ့အက (၂) မျိုး၊ ရိုးရာခေတ်ပေါ်အက (၄) မျိုး နှင့် ယဉ်ကျေးအလှမောင်မယ်လျှောက်ခြင်း နှင့် ပအိုဝ်းရိုးရာယဉ်ကျေးမှု မင်္ဂလာလက်ထပ်ပွဲကို သရုပ်ဖော်ခြင်းများ ပါဝင်သည်။ အကအဖွဲ့တွင် ယောက်ျားလေး (၁၄) ဦး နှင့် မိန်းခလေး (၁၁) ဦးပါဝင်သည်ဟု သိရသည်။


ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့နှင့် လာရောက်အားပေးသည့် ပရိသတ်များ (ဓာတ်ပုံ၊ ခွန်ထီးခမ်း)

ယဉ်ကျေးမှုအကများကို တောင်ကြီးမြို့တွင် တစ်လခန့် ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး၊ ယခုအခါ ရန်ကုန်မြို့ ပအိုဝ်းတိုင်းရင်းသားများဘုန်းကြီးကျောင်းဖြစ်သည့် တောင်ကြီးကျောင်းတိုက်တွင် ဖျော်ဖြေရာ နိုင်ငံတကာ Miss Myanmar နှင့် နိုင်ငံတကာ Miss Internet ဆုရှင် ပအိုဝ်းတိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ရန်ကုန်ရောက်ပအိုဝ်းလူငယ်များ၊ ပအိုဝ်းအမျိုးသားဓမ္မာရုံမှ လူကြီးများ၊ ရွှေကျွှန်းမျောဟိုတယ် ၀န်ထမ်းများ၊ RUBY DRAGON မှ ၀န်ထန်းများနှင့် အခြားမိသားစုများ တစ်ရာကျော်ခန့် လာရောက်အားပေးခဲ့သည်ဟု သိရသည်။

ပဏာမဖျော်ဖြေပွဲအခန်းအနားတွင် အကအဖွဲ့ဝင်များက ဖျော်ဖြေပွဲအပြီး မိတ်ဆက်ခြင်းနှင့် နန်းခင်ဇေယျာက နိုင်ငံတကာတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရသည့် သူမ၏ အတွေ့အကြုံများကို ဝေမျှပေးခဲ့သည်။ “ဘာဖြစ်ဖြစ် ယုံကြည်မှုရှိရှိ လုပ်သွားကြပါ။ သူများက မေးလာရင် ဘယ်တော့မှ I don’t know ဆိုတာ မပြောဖို့ပဲ” ဟု သူမက မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ နန်းခင်ဇေယျာက မိမိတို့ပအိုဝ်း လူမျိုးအကြောင်းကို နိုင်ငံပေါင်း ခြောက်ဆယ်ခန့်ကို နိုင်ငံတကာရောက်တုန်းက ပြောပြ၊ မိတ်ဆက်ပေးခဲ့ပြီ ဖြစ်သည်။ ပအိုဝ်းလူမျိုးဆိုတာ လူတိုင်းသိလာအောင်လုပ်ဆောင်ရမယ်ဟု သူမကဆက်ပြောသည်။

ထို့နောက် နန်းခင်ဇေယျာက ရိုးရာမောင်မယ်အလှလှမ်းလျောက်ရန် နည်းလမ်းပြ သင်ပေးခဲ့သည်။ ပွဲတက်ရောက်သူများလည်း အကအဖွဲ့အတွက် အသီးသီး အလှူငွေထောက်ပံ့ကြေး ထည့်ဝင်ကြရာ စုစုပေါင်း ၉ သိန်းခွဲ ခန့်ရရှိခဲ့ကြောင်း သိရသည်။

“အားလုံးတော့ ခရီးစရိတ်က ကိုယ့်ဘာသာကို စိုက်ထုတ်ကြတယ်။ နှစ်ပတ်လောက်တော့ ကြာမယ်” ဟု စကားပြန် နန်းစုစုခင်က ပြောသည်။ ယဉ်းကျေးမှုအကအဖွဲ့အား ဇန်န၀ါရီလ ၁၅ ရက်တွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး၊ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ဘန်ကောက်လေဆိပ်မှ မြန်မာပြည်သို့ ပြန်လာမည်ဟု သိရသည်။


ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့မှ တင်ဆက်ကပြစဉ် (ဓာတ်ပုံ၊ ခွန်ထီးခမ်း)

နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲကို ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး၊ ၂၃ ညနေအထိ ဘန်ကောက်မြို့တွင် ဖျော်ဖြေတင်ဆက် ကပြသွားမည် ဖြစ်သည်။ အကအဖွဲ့များက ၅ ရက်ခန့် ထိုင်းနိုင်ငံကို လည်ပတ်ခရီးစဉ်လည်း ရှိသည်ဟု သိရသည်။

ယဉ်ကျေးမှုအကဖလှယ်ပွဲကြီးအား ပါဝင်သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ၊ နီပေါ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ယူကရိန်း၊ အစ္စရေး၊ အိန္ဒိယ (ပန်ဂျာရတ်နယ်)၊ အိန္ဒိယ (မနီမုရနယ်)၊ သီရိလင်္ကာ၊ အီတလီနှင့် ဖီလစ်ပိုင် စသည့်နိုင်ငံများ ပါဝင်ကြသည်။

No comments: