အင်းလေးဟိုတယ်ဇုန်စီမံကိန်း ဒေသခံများ၏ တောင်းဆိုမှုအရ ခေတ္တရပ်နားလိုက်ရ

By ဖိုးဇေ | ဇန်န၀ါရီ ၃၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိ
ဟိုတယ်စီမံကိန်းနေရာတွင် (၂၉-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်တွင် မြေသားလမ်းဖောက်လုပ်နေသော မြေထိုးစက်များအား ဆက်လက်လုပ်ကိုင်မှု မပြုလုပ်ရန် အင်ကြင်းကုန်းကျေးရွာနေ ကိုအောင်ကျော်မျိုး ဦးဆောင်သော ရွာသူရွာသား (၄၀) ဦးခန့်တို့နှင့် ဟဲယာရွာမကျေးရွာရှိ အနောက်ရွှေကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒ ဦးစီးသော သံဃာတော် (၁၅) ပါးခန့်တို့သည် မြေထိုးစက်၏ရှေ့မှ ပိတ်ဆို့တားဆီးခဲ့သဖြင့် ဟိုတယ်ဇုန်စီမံကိန်း
မြေသားလုပ်ငန်းအား ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ နေ့လည် (၁၂: ၀၀) နာရီကျော်ခန့်တွင် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်အေးနှင့် တာဝန်ရှိသူများ ရောက်ရှိလာကြပြီး ပိတ်ဆို့တားဆီးထားသည့် သံဃာတော်များနှင့် ရွာသူရွာသားများအား အကြောင်းစုံမေးမြန်းခဲ့ရာ ရွာသူ ရွာသားများမှ “ဟိုတယ်စီမံကိန်းမြေနေရာအတွင်း ပါဝင်နေသော လယ်ယာ ခြံမြေများအတွက်
လျော်ကြေးငွေ မယူလိုပဲ မြေကိုသာ ပြန်ရလိုကြောင်း၊ မြေသိမ်းဆည်းထားသည့်အတွက် မိမိတို့အနေဖြင့် လုပ်ကိုင်စားသောက်၍ မရနိုင်ကြောင်း၊ မည်သည့်စီမံကိန်း လုပ်သည်ကိုလည်း မိမိတို့အား အသိမပေးသည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြထားသဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ရမှသာလျှင် ဆက်လက်၍ လုပ်ကိုင်ရန်” စသဖြင့် ပြန်လည်ပြောဆိုခဲ့ကြောင်း
သိရှိရပါတယ်။

ယင်းကဲ့သို့ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးမှ ဟိုတယ်ဇုန်တည်ဆောက်ရေး စီမံကိန်း လုပ်ကိုင်လျှက်ရှိသော တာဝန်ခံ ဦးတိုးအား ခေါ်ယူ၍ လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

No comments: