မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းစာသင်ကျောင်းနှင့် ထိုင်းလူထုအကျိုးပြု အလှူငွေများပေးအပ်

ခွန်စိမ်းမောင်(တောင်ကြီး)၊ ဇန်န၀ါရီ ၃ ရက်၊ ၂၀၁၃ ခုနှစ်၊ တောင်ကြီးတိုင်းမ်

ဖန်ငါခရိုင်၊ တကိုထုန်းမြို့နယ်၊ ခုတ်ကလွယ်ရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ တစ်ရာကျော် စာသင်နေတဲ့ ဆောက်လုပ်ဆဲအခြေခံပညာမူလတန်း ၀ပ်ထာနွန်စာသင်ကျောင်းအတွက် ၀ပ်ထာနွန်ကျောင်းထိုင် ဆရာတော်မှတဆင့် ကျောင်းအုပ်ဆရာကြီးအား စာသင်ကျောင်း တည်ဆောက်ရေး မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းအလှူငွေ ဘတ် (၂၀၀၀၀၀) နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။


ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆောက်လုပ်ဆဲ မူလတန်းကျောင်းအတွက် ကျောင်းအုပ်ကြီးအား
အလှူငွေ ဘတ် (၂၀၀၀၀၀) နှစ်သိန်းကို ပေးအပ်လှူဒါန်းစဉ်။ (ဓာတ်ပုံ ၊ ကျော်စွာဝင်း)

"ဟုတ်ကဲ့ ကျနော်တို့ ဖန်ငါခရိုင်မှာ ကျင်းပတဲ့ အခုတရားပွဲကတော့ ပထမဆုံးတစ်ကြိမ်ပဲ ဖြစ်ပါတယ်။ သွားရေးလာရေးနဲ့လုံခြုံရေးမှာ အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ နောက်ဆိုရင်လည်း မြန်မာနိုင်ငံက ဓမ္မကထိက ဆရာတော်ကြီးများ ပင့်ဖိတ်ပြီး တရားပွဲကျင်းပဖို့ ဆက်ပြီးကြိုးစားသွားမယ်" ဟု တရားပွဲ အလှူရှင်တစ်ဦးက တောင်ကြီးတိုင်းမ် ကို ပြောသွားပါတယ်။

တရားပွဲ ကျင်းပစဉ်အတွင်းမှာ ကား၊ ဆိုင်ကယ် ယာဉ်သွားလာမှု လုံခြုံရေးအတွက်၊ လာရောက် ကုသိုလ်ယူ ကူညီပေးတဲ့ (အော်ပေါဖေါ်ရော်) ထိုင်းအဖွဲ့ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ခရီးသွားလာရေးမှာ အဆင်ပြေစွာ အကျိုးဆောင်ပေးတဲ့ ခုတ်ကလွယ်ရဲစခန်းမှ ရဲမှူးကြီးကိုလည်း နှစ်သစ်လက်ဆောင် ပေးအပ်ခဲ့ကြောင်း တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါတရားပွဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆၊ ၂၀၁၂ ခုနှစ်မှာ ဖန်ငါခရိုင်၊ တကိုထုန်းမြို့နယ် ၊ ခုတ်ကလွယ်ရပ်ကွက်၊ ၀ပ်ထာနွန် တောရဘုန်းကြီးကျောင်းတွင် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) အထူးတရားပွဲကြီးကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ တစ်သောင်းကျော် လာရောက် မှတ်သားနာယူပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။


တရားပွဲကျင်းပပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားမှ ခုတ်ကလွယ်မြို့နယ် ရဲမှုးကြီးအား
နှစ်သစ်လက်ဆောင် ပေးအပ်စဉ်။ (ဓာတ်ပုံ ၊ ကျော်စွာဝင်း)


ထိုင်း-မြန်မာ ချစ်ကြည်ရေး လူထုအကျိုးပြု သက်ကြီးရွယ်အို
ကျန်းမာရေးဂေဟာ အတွက် အလှူငွေ ပေးအပ်စဉ်။ (ဓာတ်ပုံ ၊ သားကြီး)

No comments: