အောင်လံတော်ကို လွှင့်ထူကြလော့ ခွန်ပအိုဝ်း

အမြင်ဆောင်းပါး | ခမ်းစဲ့ဟောဝ် | မတ်ခ်ျလ ၁၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ယနေ့ကာလသည် ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲစပြုနေသည့်အချိန်ကာလအတွင်း ရောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။ ခေတ်သစ်၊ စနစ်သစ်ဆီသို့ ပြောင်းလဲ နေချိန်တွင် မိမိတို့လည်း အလိုက်သင့် လိုက်ပါပြောင်းလဲနိုင်ရန်အတွက် ကြိုးစားကြရမည်။

ထိုကဲ့သို့ လိုက်ပါပြောင်းလဲနိုင်ရန်အတွက် မိမိတို့လူမျိုးများ၏ ဘ၀အခြေအနေမှန်ကို သိရှိနားလည်ထားရမည် ဖြစ်သလို မိမိတို့ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက် ပန်းတိုင်ကို ဘယ်လိုအရောက် လှမ်းသွားမလဲဆိုတာကို စဉ်းစားတွေးခေါ် ပြင်ဆင် လုပ်ဆောင်ကြရတော့မည့်ကာလ ရောက်နေပြီဖြစ်သည်။ အထူးသဖြင့် ပြည်သူတစ်ဦးချင်းစီ၏ အခန်းကဏ္ဍမှ အစပြုပြီး ပြင်ဆင်ထားကြရမည့် အမျိုးသားရေး အသိစိတ်ဓါတ်တာဝန်တွေက ပိုမိုအရေးကြီးနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုက အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်သလို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ပြည်သူလူထုက သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုတိုင် လွတ်လပ်စွာ ဖန်တီးခွင့်၊ ရွေးချယ်ခွင့်ရှိသည့် အုပ်ချုပ်ရေးစနစ် တစ်ခုဖြစ်သည်။ ဒီမိုကရေစီ (Democracy) ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဂရိဘာသာစကားမှ ဆင်းသက်လာသည့်(demos= ပြည်သူ၊ kratos= အုပ်ချုပ်ရေး) ပြည်သူတို့၏ အုပ်ချုပ်ရေးဖြစ်သည်။

ထိုသို့ ပြည်သူလူထုအုပ်ချုပ်တဲ့ စနစ်ကို ထူထောင်ကြမည်ဖြစ်သဖြင့် ပအိုဝ်းပြည်သူများ အနေဖြင့်လည်း မိမိတို့ကိုယ်ကို အုပ်ချုပ်မဲ့မိမိတို့ မိမိတို့ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်ကို ၀ိုင်းဝန်းထူထောင် သွားကြရမည်။ မိမိတို့အကျိုးကို ဆောင်ရွက်ပေးမည့် ခေါင်းဆောင်များကို မှန်မှန်ကန်ကန် ရွေးချယ်ကြရမည်။ မိမိတို့လိုလားတဲ့ဆန္ဒကိုလည်း ရဲရဲတင်းတင်း သတ္တိရှိရှိ ဖေါ်ထုတ်ကြရမည်။ ဒီမိုကရေစီစနစ်မှာ လူတစ်ဦးချင်းစီရဲ့တာဝန်တွေက ဘာတွေလဲ၊ အခွင့်အရေးတွေက ဘာတွေလဲ ဆိုတာကို သိရှိနားလည်ထားရမည်။

ယခုလက်ရှိသတင်းမီဒီယာများမှလည်း မကြာခဏကြားနေရသည့် မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူသည့်သတင်း ဖြစ်သည်။ ဒီနေရာတွင် အထက်က နိဒါန်းအပိုဒ်တွင် တင်ပြခဲ့သည့်အတိုင်း မိမိတို့ ပအိုဝ်းလူမျိုးများ၏ ဘ၀အခြေအနေမှန်ကို သိရှိနိုင်ရန်အတွက် ပထမဆုံးအခြေခံအကျဆုံးမှာ မိမိတို့လူမျိုးရဲ့ လူဦးရေစာရင်းကို မိမိတို့ကိုယ်တိုင် တိတိကျကျ သိရှိထားပြီး အရွယ်ရောက်ပြီး မဲပေးခွင့်ရှိသည့်လူဦးရေစာရင်းက ဘယ်လောက်၊ ကျောင်းနေပညာသင် အရွယ်က ဘယ်လောက်၊ ခလေးသူငယ်အရွယ်က ဘယ်လောက်၊ သက်ကြီးရွယ်အိုစာရင်းက ဘယ်လောက်၊ အစရှိသဖြင့် ပအိုဝ်းပြည်သူလူထုရဲ့ လူဦးရေစာရင်းကို ပအိုဝ်းလူမျိုးများကိုယ်တိုင် သိရှိမှတ်တမ်းတင် ထားရမည်ဖြစ်သည်။

ပအိုဝ်းလူမျိုးများ မိမိကံကြမမာကို မိမိတို့ကိုယ်တိုင် စတင်ဖန်တီးဖို့ အခြေအနေသို့ ရောက်ရှိစေဖို့ စတင်ကြိုးစား ပြင်ဆင်ရတော့မည်။ ပအိုဝ်းလူဦးရေ သန်းခေါင်စာရင်း ကောက်တဲ့လုပ်ငန်းမှာ အစိုးရနှင့် ပူပေါင်းဆောင်ရွက်သွားမည်ဟု သတင်းတစ်ပုဒ်တွင် ဖတ်လိုက်မိပါသည်။ ထိုကိစ္စနှင့် စပ်လျဉ်းပြီး ကရင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်က အင်အယ်ဒီအယ်အေ မူဝါဒရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို ပြန်လည် သတိရမိပါသည်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေဟာ တစ်ခါတစ်လေ ကိုယ့်ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို သူများလက်ထဲ ၀ ကွက်အပ်လိုက်သလို ဖြစ်သွားတတ်တယ်။ ဒါကို အထူးသတိထားရမယ်” ဟု ပြောကြားခဲ့ဖူးသည်။

အင်မတန်မှ မှတ်သားနာယူဖွယ် ကောင်းသည်။ အဓိက ဆိုလိုသည်မှာ ပအိုဝ်းလူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် အလျှင်စလို မလုပ်သင့်၊ ယခင်အစိုးရ အဆက်ဆက်က စာရင်းတွေအရ ကြည့်ပြီး ဂုဏ်ယူနေလို့မဖြစ်၊ မိမိလူမျိုးရဲ့ လူဦးရေစာရင်းအား မိမိတို့ကိုယ်တိုင်ကိုယ်ကြ ပါဝင်ပြီး စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက် လေးလေးနက်နက် ဆောင်ရွက်သင့်ပြီး၊ မိမိတို့လူဦးရေ ကျန်းမာရေးအခြေအနေ၊ ပညာရေးအဆင့်အတန်း၊ စီးပွားရေး အခြေအနေအစရှိသည့် တစ်မျိုးသားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ပါမှ မိမိတို့လူမျိုးရဲ့ဘ၀ အခြေအနေမှန်ကို နားလည်သိရှိနိုင်မည် ဖြစ်သည်။ သို့မှသာ တစ်မျိုးသားလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များသို့ အောင်မြင်စွာ တက်လှမ်းနိုင်ကြမည်။

လွန်ခဲ့သည့်ကာလက ပအိုဝ်းအမျိုးသားရေးလှုပ်ရှားမှု သမိုင်းအား ယနေ့ပအိုဝ်းပြည်သူလူထုများ အတုယူသင့်ပါသည်။ ထိုအချိန်က ထင်ရှားသည့် အမျိုးသားရေးလှုပ်ရှားမှုများမှာ ၁၉၄၈ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့မှ သထုံဦးလှဖေ (ခ) ဖြားဗွာလှဖေ ခေါင်းဆောင်သော “ပအိုဝ်းလူထုဆန္ဒပြပွဲ” တစ်ရပ်ကို သထုံခရိုင်၊ သထုံမြို့၊ မော်ကျော့ရပ်၊ ရေကျော်ဘုန်းတော်ကြီး ကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြသည်။ ထိုလူထုဆန္ဒပြပွဲမှ ပအိုဝ်းလူမျိုးများအား တောင်သူလူမျိုးဟု ခေါ်ဆိုနေခြင်းမှ ပအိုဝ်းလူမျိုးဟု ခေါ်ဆိုပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရထံသို့ တောင်းဆိုခဲ့ကြသည်။

ထိုတောင်းဆိုချက်အား သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြု လက်ခံခဲ့သည်။ ထိုကဲ့သို့သော ပအိုဝ်းအမျိုးသားရေး နိုင်ငံရေးနိုးကြားမှုကြောင့် ယနေ့အချိန်ထိ ပအိုဝ်းလူမျိုးတစ်မျိုးအဖြစ် ရပ်တည်နေနိုင်ခဲ့ပါသည်။ အလားတူနောက်ထပ် ပအိုဝ်းလူထုဆန္ဒပြပွဲ တစ်ရပ်အား ၁၉၅၀ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ထိုလူထုဆန္ဒပြပွဲတွင် ပဒေသရာဇ်စနစ် အလိုမရှိ၊ ပအိုဝ်းအရေး ချက်ချင်းပေး၊ ပြည်ထောင်စုတည်မြဲပါစေ၊ ဒီမိုကရေစီအရေး တို့အရေး၊ အစရှိသည့် ကြွေးကြော်သံများဖြင့် လူဦးရေတစ်သောင်း နီးပါးခန့် တောင်ကြီးမြို့ပေါ်တွင် လှည့်လည်ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ကို အထင်အရှားတွေ့ရပေမည်။

ထို့ကြောင့် ယနေ့ပအိုဝ်းပြည်သူတစ်ရပ်လုံး အနေနှင့်လည်း ယခင်ဘိုးဘွားများ သမိုင်းပေးတာဝန် ကျေပြွန်ခဲ့ကြသလို ယနေ့ပအိုဝ်းတစ်မျိုးသားလုံးအနေဖြင့်လည်း သမိုင်းပေးတာဝန်၊ အမျိုးသားရေး တာဝန်များကို ထမ်းရွက်ကြဖို့ အချိန်တန်နေပြီ။

အထူးတိုက်တွန်းလိုသည်မှာ တစ်မျိုးသားလုံးရဲ့ ဘုံရည်မှန်းချက်ကို တက်လှမ်းနိုင်ဖို့ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပအိုဝ်းအမျိုးသားကွန်ရက် တစ်ခုကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ပြီး ပအိုဝ်းပြည်နယ် ရရှိရေးအတွက် “ပအိုဝ်းလူထုဆန္ဒပြပွဲ” တစ်ရပ်ကို ဥပဒေဘောင်အတွင်းက ကျင်းပပြီး ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းပြည်နယ် သတ်မှတ်ပြဌာန်းပေးရေးကို တရားဝင်တောင်းဆိုကြစို့၊ ပအိုဝ်းပြည်နယ် ရရှိရေးအတွက် ပအိုဝ်းပြည်သူလူထုတစ်ရပ်လုံး တာဝန်ကျေကြစို့ ခွန်ပအိုဝ်း တို့။

No comments: