ရန်ကုန်မှာ ပအိုဝ်းအမျိုးသားတစ်ယောက် စစ်သားရိုက်လို့ ဆေးရုံတက်ရ

နောင်ခမ်းခါ  | ဧပြီလ ၁၀ ရက်နေ့၊ ၂၀၁၂ |  တောင်ကြီးတိုင်းမ်

ရန်ကုန်မြို့မှာ လာရောက်အလုပ် လုပ်ကိုင်တဲ့ ပအိုဝ်းအမျိုးသားတစ်ယောက်က မြန်မာစစ်သားမှ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကြောင့် သွားနှစ်ချောင်းကြိုးပြီး ဦးခေါင်းမှာဒဏ်ရာရလို့ ဆေးရုံတက်ပြီး ရှစ်ချက် ချုပ်ရတယ်လို့ သိရှိရပါတယ်။

ရိုက်နှက်ခြင်းခံခဲ့ရသူကတော့ အသက် (၂၆) နှစ်ရှိ ခွန်စောဖေ လို့သိရပါတယ်။ သူဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တလုံးမြို့နယ် ပင်တွန်းရွာမှ ဇာတိဖြစ်ပြီး၊ ရန်ကုန်မြို့မှာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ရိုက်နှက်သူ မြန်မာစစ်သားရဲ့ အမည်ကတော့ အသက် ၄၀ ကျော်အရွယ်ခန့် ကျော်မြင့်ဦး လို့ သိရပါတယ်။

အခင်းဖြစ်ပွားတာကတော့ ပြီးခဲ့တဲ့ မတ်ခ်ျလ ၂၆ ရက်နေ့မှာ ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်းရှိ နာဝဒေးအိမ်ယာ ဧရာဝတီရေတပ်စခန်း အိမ်ထောင်သည်လိုင်းအတွင်းရှိ အသိမိတ်ဆွေတစ်ယောက်ကို ဘုန်းကြီးကျောင်းဆွမ်းကပ်လှူပွဲကိစ္စအတွက် အခြားသူငယ်ချင်းတစ်ယောက်နှင့်အတူ သွားရောက်ဖိတ်ကြားခဲ့ကြရာကနေအပြန် ဂိတ်အမှတ် (၁) အနားမှာ ခွန်စောဖေ အရိုက်ခံခဲ့ရတာပါ။

အခင်းဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီးတော့ “အသွားတုန်းကအဆင်ပြေပြေနဲ့ဝင်သွားတယ်၊ ပြန်ထွက်လာတာ နဲနဲနောက်ကျသွားတယ်၊ ညနေ ၁၀ နာရီလောက်ရှိမယ်။ အဲတာနဲ့ ဂိတ်စောင့်က မင်းတို့ဘယ်ကပြန်လာလဲလို့ မေးတာ၊ ဘုန်းကြီးကျောင်းအလှူပွဲအတွက် အသိတစ်ယောက်လာဖိတ်တာ စကားဆက်သွားတော့ ကြာသွားတာလို့ပြန်ဖြေပြီးတော့ ခွန်စောဖေ အပြင်ကိုထွက်လာတယ်။ တံခါးပြန်ပိတ်တာ အသံကျယ်တယ်ဆိုပြီးတော့ မင်းတို့ဘာကောင်တွေလဲလို့ ဂိတ်စောင့်က အပြင်ဘက်အထိလိုက်ရိုက်တာ” လို့ အမည်မဖေါ်လိုတဲ့ မျက်မြင်သက်သေတစ်ယောက်က ဆိုပါတယ်။

ခွန်စောဖေ အရိုက်ခံရပြီးပြီးခြင်း ဆေးရုံးသွားရန် တက္ကဆီကား တစ်စီးပြီးတစ်စီးလိုက်ငှါးရာမှာ တစ်စီးမှမလိုက်ပို့ရဲဘူးလို့သိရပါတယ်။ နောက်ဆုံးမှာ အသိမိတ်ဆွေတစ်ယောက်ကို ဖုန်းခေါ်ပြီး မိတ်ဆွေကားနဲ့ဆေးခန်းမှာ ရောက်တဲ့အခါ ခေါင်းဒဏ်ရာကို ၈ ချက်ချုပ်ခဲ့ရပြီး၊ သွား ၂ ချောင်းကြိုးခဲ့တယ်လို့ သိရှိရပါတယ်။

ဆေးခန်းတွင် ဆေးဝါးကုသမှုခံယူဖို့အတွက် ရိုက်နှက်တဲ့သူရဲ့ ထောက်ခံစာ သို့မဟုတ် ၀န်ခံလက်မှတ် သွားတောင်းခဲ့တာကို ရိုက်တဲ့သူ ကျော်မြင့်ဦးက မပေးသည့်အပြင် “ဒါစစ်တပ်ကွ မင်းတို့ လုပ်ချင်တိုင်းလုပ်လို့မရဘူး” လို့ ပြောခဲ့ကြောင့် သိရပါတယ်။

1 comment:

ဝေးခွန်သိန်း said...

စစ်သားကသူမှားတာကိုဝန်မခံဘဲနဲဘာလို့ အဲလိုပြောရတာလဲ ကျနော်နားမလည်ဘူးဗျာထင်တာကသူတို့ အုပ်ချူပ်တဲ့မြန်မာနိုင်ငံကိုသူတို့  လုပ်ချင်သလိုလုပ်လို့ ရတယ်လို့ ထင်တာပေါ့နော် ယုတ်မာလိုက်တာဗျာ အလှည့်ဆိုတာရှိပါတယ် သွပေးတို့ အားမငယ်ကြနဲ့ နော် မိုးကောင်းတုန်းက၇ွာထားပေါ့နော်