သမ္မတဦးသိန်းစိန် ကျော်သူ့ ပရိသတ်ပါတဲ့

ကျော်ခ | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် 

Photo:
http://www.facebook.com/ShweZeeKwet
ချင်းမိုင် (မဇ္ဈိမ) ။        ။ ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ဆိုကြသည့် ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲ နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးခွင့်နှင့် သရုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရသည့် နောက် လူမှုကူညီရေး လုပ်ငန်းများ ဇောက်ချလုပ်နေသည့် အကယ်ဒမီ ကျော်သူ သည် သမ္မတကြီးဦးသိန်းစိန် အားပေးနှစ်သက်ခဲ့သည့် မင်းသားဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး၊ အသင်း အဖွဲ့အစည်းများနှင့်
“တွေ့ဆုံပွဲ” တက်ရောက်ခဲ့သည့် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်အား နှုတ်ဆက်စဉ် သမ္မတ ဦးသိန်းစိန် က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သမ္မတကြီး ပြောတာက ကျော်သူဟာ ဟိုတုန်းက သူသိပ်သဘောကျခဲ့ရတဲ့ သိပ်ချောတဲ့ သိပ်ခန့်တဲ့ မင်းသားပါတဲ့ အဲလိုပြောပါတယ်” ဟု ဒေါ်ရွှေဇီးကွက် က မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာနှင့် အတူ ဆွမ်းကပ် လှူဒါန်းခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရ လက်ထက်မှ ယခု ဦးသိန်းစိန် အစိုးရ လက်ထက်ထိ ပိတ်ပင်ထားဆဲ ဖြစ်သည်။

အနုပညာ လောကထဲ လှုပ်ရှားခွင့် မရသည့်နောက် ဦးကျော်သူက ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးများ ထားရှိလာခဲ့သည်။

သမ္မတ ဦးသိန်းစိန်က ကျော်သူ့ အနေဖြင့် ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွေးများကို ရိတ်ပြီး မင်းသားပုံစံဖြင့် နေစေချင် ကြောင်းကိုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“အရင်တုန်းကပေါ့လေ သူတို့ သိပ်သဘောကျခဲ့တဲ့ သိပ်ချောတဲ့ မင်းသားက ဘာဖြစ်လို့ လှလှပပ မနေတော့တာလဲ ပေါ့။ အရင်တုန်းက မင်းသားလေးလိုပဲ နေပါလို့ ပြောတာပါ” ဟု ဒေါ်ရွှေဇီးကွက် က သမ္မတပြောဆိုမှုကို ပြန်ပြောပြသည်။

အကယ်ဒမီ ၂ ဆုပိုင်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ ဦးကျော်သူ သည် ၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှု အသင်းကို ထူထောင်ခဲ့ပြီး ဆင်းရဲချမ်းသာ မရွေး အခမဲ့ သဂြုင်္ိလ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ နောက်ပိုင်းတွင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းများကိုပါ ဖွင့်လှစ်ပြီး ပရဟိတ လုပ်ငန်းများကို စိုက်လိုက်မတ်တပ် လုပ်ကိုင်နေသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပင်ထားသည့် ရုပ်ရှင် ရိုက်ကူးခွင့်နှင့် သရုပ်ဆောင်ခွင့်ကို အကယ်၍ ပြန်လည် ခွင့်ပြုခဲ့ပါက ခင်ပွန်းဖြစ်သူ အနေဖြင့် လူထုအကျိုး ဖြစ်ထွန်းစေမည့် ရုပ်ရှင်ကားများ၊ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကား
များကို စီးပွားရေးအရ မဟုတ်ပဲ ရိုတ်ကူး စေလိုကြောင်း ဇနီးသည် ဒေါ်ရွှေဇီးကွက် ကပြောသည်။

ဦးကျော်သူကမူ “ဖြစ်ရပ်မှန်တွေကို ရိုက်ခွင့် ရခဲ့ရင်လည်း တပိုင်းပေါ့ဗျာ သို့သော်လည်း ဆင်ဆာ အဖွဲ့ အပြောင်း အလဲ ဖြစ်မှ သာလျင် ကျနော်တို့က လုပ်လို့ရမယ်။ ကိုယ်က သမိုင်းအစစ်ကို ဘယ်လောက်ပဲ ရိုက်ရိုက် ဆင်ဆာ
အဖွဲ့က အမျိုးမျိုး ဖြတ်တောက်လိုက်ရင် သမိုင်းအစစ်က ဘယ်လိုမှ ရမှာ မဟုတ်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယခုအချိန်တွင် သူ့အနေဖြင့် ရုပ်ရှင်လောကထဲတွင် သရုပ်ဆောင်နေခြင်းထက် အများအကျိုးကို ချက်ချင်း ထိရောက်စေမည့် ပရဟိတ လုပ်ငန်းတွင် အချိန်ကုန်ဆုံးစေရန် ဆုံးဖြတ်ထားပြီး မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးများကို ရိတ်ကာ လှလှပပ ပြုပြင် နေထိုင်ဘို့ အတွက်လည်း စိတ်ဆန္ဒ မရှိတော့ဟု ဦးကျော်သူက ဆက်ပြောသည်။

“ကျနော်တို့က အများအတွက် နာရေးကိစ္စတွေ လုပ်နေရတော့ နေ့တိုင်း အနိစ္စတရားကို မြင်နေရတယ်။ အတွင်းစိတ်က အရေးကြီးပါတယ်။ အပေါ်ယံတွေက အရေးမကြီးပါဘူး။ အဲဒါကို ကျနော်သိတဲ့ အတွက် ကျနော် ကိုယ့်ကိုကိုယ် လည်း မပြုပြင်တော့ပါဘူး” ဟု ဆက်ပြောသည်။

ကျော်သူသည် ၁၉၈ဝ ပြည့်လွန် နှစ်ဦးပိုင်းများတွင် ရုပ်ရှင်လောကသို့ ဝင်လာခဲ့သည်။

ယင်းမှ မြန်မာနိုင်ငံတွင် ကျော်ကြားသည့် ရုပ်ရှင်မင်းသား တဦး ဖြစ်လာခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်
“တစ်ပြည်သူမရွှေထား” ဇာတ်ကားဖြင့် အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီဆု ရရှိခဲ့သည်။
တဖန်၂ဝဝ၃ ခုနှစ်တွင်“အမေ့နို့ဖိုး” ရုပ်ရှင်ကားနှင့် အကောင်းဆုံး ဒါရိုက်တာ ဆု ချီးမြှင့်ခံရသည်။
သူသည် အစိုးရဝါဒဖြန့် ရုပ်ရှင်ကားများ ရိုက်ကူးပေးရန် ကမ်းလှမ်းမှုကို
တတ်နိုင်သမျှ ငြင်းဆိုလေ့ရှိသူဟု ရုပ်ရှင်အသိုင်အဝိုင်းက ပြောဆိုကြသည်။

1 comment:

ပိုး said...

သမ္မတကြီးက အခုမှများပြောနေသေးတယ်
အရင်ကပြောပါလား
ဒီအချိန်မှာပြောရမယ့်စကားလား
အရေးကြီးတာတွေအများကြီး
အနည်းဆုံးတော့..ကိုကျော်သူခင်ဗျားကျွန်တော်တို့ကော နာရေးကူညီမှုအသင်းမှာအကူအညီတောင်းလို့ရနိင်မလားမေးထားရမှာ....