ချင်းမိုင်မြို့ နောင်ခမ်းပအိုဝ်းဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မူ

ဆရာတော် အရှင်ပညာ
နောင်ခမ်းခါ | သြဂုတ်လ ၈ ရက်၊ ၂၀၁၁ ခုနှစ် | တနင်္လာနေ့

ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ နောင်ခမ်းပအိုဝ်းဘုန်းတော်ကြီးကျောင်း
ကျောင်းထိုင်ဆရာတော် အရှင်ပညာအား ယနေ့ 
(၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်) နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် 
သက်ကြီးရောဂါဝေဒနာ ၉၆ ပါးဖြင့် ချင်းမိုင်မြို့ရှိ 
ဆွန်ဒေါက်ဆေးရုံကြီးတွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီလို့ သိရပါတယ်။

ဆရာတော်အရှင်ပညာ ဘ၀နတ်ထံ ပျံလွန်တော်မှုသည့်အချိန်တွင် သက်တော် ၅၈ နှစ်ရှိပြီး၊ ၀ါတော်က ၃၈ ၀ါ ရှိပြီဖြစ်ပါတယ်။


ဆရာတော်ဟာ မပျံလွန်တော်မူခင် သက်ရှိထင်ရှားနေချိန်တွင် သွေးသိုးရောဂါနှင့် ဆီးချိုရောဂါများကို နှစ်ပေါင်းကြာရှည်စွာ ခံစားနေရပြီး မကြာခဏ ဆေးရုံတက်ရောက်နေရကြောင်း ဆရာတော်နှင့် အနီးကပ်ခင်မင်ရင်းနှီးသည့် ချင်းမိုင်းမြို့ ပအိုဝ်းအလုပ်သမား ခွန်ထိလှ က ဆိုပါတယ်။

ဆရာတော်အရှင်ပညာသည် နောင်ခမ်းကျောင်းကို နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်လာခဲ့သည့် ဆရာတော်တပါးဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင် သာသနာရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်သည်မက၊ အမျိုးသားရေးလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများကိုလည်း တတ်နိုင်သရွှေ့ လုပ်ကိုင်ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း ဆရာတော်နှင့် ရင်းနှီးသည့် ပအိုဝ်းအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ခွန်သောမတ်က ဆိုပါတယ်။

ဆရာတော်သက်ရှိထင်ရှားနေစဉ်တွင် ထိုင်းနိုင်ငံကို ရောက်ရှိလာသည့် ပအိုဝ်းသံဃာတော်များ အဆင့်မြင့်ထိုင်းဗုဒ္ဓစာပေနှင့် ပရိယတ္တိကျမ်းစာများကို ဆက်လက်လေ့လာဆည်းပူးနိုင်ရန် အခြေခံထိုင်းစာပေ ထိုင်းဘာသာစကားများကို အစပျိုးသင်ကြားပေးခဲ့သည့်အပြင်၊ ထိုင်းနိုင်ငံ ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးသည့် ပအိုဝ်းလူမျိုးများနှင့် ပအိုဝ်းသံဃာတော် ဘုန်းတော်ကြီးကျောင်းများသို့ လိုအပ်သည့် အကူအညီများ ၀တ္ထုပစ္စည်းများ နှစ်စဉ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။

နောင်ခမ်းဘုန်းကြီးကျောင်းအား ဆရာတော်ကြီး စတင်တာဝန်ယူသည့်နောက်ပိုင်းမှ စ၍ ကျောင်းတွင်းပြုပြင်မွမ်းမံမှုများပြုလုပ်ခြင်း၊ ကျောင်းအတွင်း သက်ကြီးစာပေသင်တန်းများ ဖွင့်လစ်ပေးခြင်း၊ ချင်းမိုင်မြို့အတွင်း သင်္ကျန်ကာလတွင် နှစ်စဉ်ကျင်းပသည့် ထိုင်းနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ မိမိတို့ဝတ်စုံဖြင့် သင်္ကျန်ပဒေသာပင်လှည့်လည်ပွဲနှင့် အခြားသော ချင်းမိုင်မြို့တွင်းပွဲတော်များတွင် ပအိုဝ်းတိုင်းရင်းသားလူမျိုးများ ပအိုဝ်းဝတ်စုံဖြင့် ၀င်ရောက်အလှပြယှဉ်ပြိုင်စေခြင်း စသည်တို့ကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ပအိုဝ်းဘုန်းကြီးကျောင်း လူသိများလာခဲ့ပါတယ်။

ဆရာတော်အရှင်ပညာသည် ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့ ဟိုနမ်းကျေးရွာဇာတိဖြစ်ပြီး ထိုင်းနိုင်ငံကို ပညာသင်ကြားသည့်အရွယ် ငယ်စဉ်ကတည်းကပြင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ရပ်နီးရပ်ဝေးမှ ကျန်ရှိသည့် ဆရာတော်၏ ဒါယကာ ဒါယိကာမများနှင့် ဆွေမျိုးများ နောက်ဆုံးလာရောက် ဖူးမြော်ဂါရ၀ပြုနိုင်အောင် ကျန်ရစ်သည့်ဆရာတော်၏ ရုပ်ကလာပ်အလောင်းအား ယခုနှစ် ၀ါတွင်းသုံးလကုန်ဆုံးသည့်အခါမှ သဂြိင်္ုလ်မယ်လို့ သိရပါတယ်။

1 comment:

လက်ဖက်မြေ said...

တောင်ကြီးတိုင်းမ် ရေ...

အထင်ကရ ဘုန်းကြီး ဆရာတော်ပျံလါန်နော်မူသွားတဲ့အတွက် ထပ်တူထပ်မျှ ၀မ်းနည်းပါတယ်။

ဆရာတော်ဘုရားရဲ့ သက်တော် ၀ါတော်သိချင်ပါတယ်။
၉၀ လား။ ၉၅လား။

Tealand