ရလလဖ ဥက္ကဌဟောင်း ဦးစောတာခဲလယ် ကွယ်လွန်


ချင်းမိုင် (မဇ္ဈိမ) ။        ။ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ဥက္ကဌဟောင်း ဦးစောတာခဲလယ်သည် သြဂုတ်လ ၁ ရက်နေ့ ညတွင် တောင်ကြီးမြို့၊ ရတနာသီရိ ရပ်ကွက်ရှိ သူ၏နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန် အသက် ၉၅ နှစ် ရှိပြီ ဖြစ်သည်။

အသက် ၁၆ နှစ်ကစ၍ တိုင်းရင်းသားအရေးအတွက် စလုပ်ခဲ့ရာမှ မကွယ်လွန်ခင် ၂ဝဝ၈ ခုနှစ်အထိ ရလလဖ
အဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။

“ပအို့ပ်လူထုအတွက် သာမကပဲ၊ ရှမ်းပြည် လူမျိုးပေါင်းစုံ၊ လူထု အကျိုးစီးပွားအတွက် လက်ခံထားတယ်၊ သူ့မှာ ရန်သူမရှိဘူး၊ အာလုံးက မိတ်ဆွေတွေပဲဆိုပြီး သူပြောလေ့ရှိတယ်” အတွင်းရေးမှူး လုပ်ခဲ့သူ ဗိုလ်မှူး စိုင်းလင်းထွဋ် က ပြောသည်။

ဦးစောတာခဲလယ်၏ သမီးအကြီးဆုံး ဖြစ်သူ နော်ရှီးလာ က “ သူအမြဲတမ်း ပြောနေကျ စကားကတော့ အလုပ်သမား၊ လယ်သမား လူတန်းစား၊ လူမျိုးပေါင်းစုံအတွက် တိုက်ပွဲဝင်သွားမယ်လို့ ” ဟု ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်အစပိုင်းတွင် ခရစ်ယာန် ဘာသာဝင်အဖြစ် နှစ်ခြင်း ခံယူခဲ့သည့် အတွက် ယခု ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် သြဂုတ်လ ၆ ရက်၊ စနေနေ့၌ တောင်ကြီးမြို့ရှိ နှစ်ခြင်းခရစ်ယာန် သုဿန်တွင် သင်္ဂြိုလ်မည် ဖြစ်သည်။

ပအိုဝ့်နီ  အမျိုးသားရေး ခေါင်းဆောင် တဦးဟု လူသိများသည့် ဦးစောတာခဲလယ် သည် တောင်ငူမြို့နယ်၊ ဘောဂလိ ဇာတိဖွား ကရင်လူမျိုး ဖြစ်သည်။ မွေးချင်း မောင်နှစ်မ ၅ ဦးအနက်၊ ညီ အငယ်ဆုံးဖြစ်သည်။

ဦးစောတာခဲလယ်၏ အကိုများဖြစ်သူ ဦးစပါယ်ရှယ်နှင် ဗိုလ်သာမော်စိတို့က တော်လှန်ရေး ခေါင်းဆောင်များ
ဖြစ်ကြပြီး ၎င်းအသက် ၁၆နှစ် ကျော် ရှမ်းပြည်နယ်သို့ ရောက်ရှိလာသည့်နောက် ပအို့ပ်တော်လှန်တွင် ပါဝင်လာခဲ့ခြင်း ဖြစ်ကြောင်း နော်ရှီးလာက ပြောသည်။

နာမည်အရင်း စောတာခဲလယ်မှာ ကရင်လို အငယ်ဆုံးသားဟု အဓိပ္ပါယ်ရပြီး တောခိုသည့်အခါ စောတာကလယ်ဟူ၍ အမှတ်မှား အခေါ်မှားရာက စောတာကလယ်ဟု ခေါ်တွင်လာခဲ့ကြောင်း နော်ရှီးလာက ပြောသည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင် တဦး အဖြစ် လူအများ၏ လေးစားမှု ရရှိခဲ့ကြောင်းကို ဦးစောတာခဲလယ်နှင့် နီးစပ်သူ တဦးက “ ဘယ်သူနဲ့မဆို ပေါင်းသင်း ဆက်ဆံရေး ပြေပြစ်တယ် ” ဟု ပြောသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့် လက်ထက်က လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့နှင့် အပစ်ခတ် ရပ်ဆဲရေး ဆွေးနွေးစဉ် ကာလ  ဦးစောတာခဲလယ်နှင့်လည်း ရင်းနှီးခဲ့သော်လည်း ထိုရင်းနှီးမူကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ နိုင်ငံရေး ယုံကြည်ချက်ဖြင့် ရပ်တည်ခဲ့သည်ဟု ပြောသည်။

“ ခင်ညွန့်က သူ့ကို ဖထီးလို့ပဲ ခေါ်တယ်၊ အစိုးရ၊ တိုင်းမှူးခေါ်တွေ့ခဲ့ရင် စကားသိပ်မပြောဘူး၊ စကားတလုံးထဲနဲ့ ထိထိမိမိ ပြောတက်လို့ ငြိမ်းချမ်းရေးအဖွဲ့တွေ့ဆုံပွဲတွေမှာ သူ့ စကားကိုပဲ စောင့်ပြီး နားထောင်ကြတယ်” ၎င်းက ပြောသည်။

ရလလဖ အဖွဲ့သည် ၁၉၉၄ အောက်တိုဘာတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ဖြစ်ပြီး ယခင်က တပ်ဖွဲ့ဝင် အင်အား (၃၇ဝဝ) လောက် ရှိခဲ့သော်လည်း ၂ဝဝ၃ တွင် စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူသော ခွန်ချစ်မောင်က တပ်တွင်းမှ အစဉ်အလာ ရှိသူများကို ဖယ်ရှားခဲ့သည့် နောက်ပိုင်းတွင် အုပ်စုငယ်(၃) စုအဖြစ် ကွဲထွက်သွားခဲ့သည်။

ဦးစောတာခဲလယ်အား ဦးအောင်ခမ်းထီမှ ကွန်မြူနစ်ဟု စွပ်စွဲရာက အစပြု၍ ပအို့ဝ်နီ၊ ပအို့ပ်ဖြူ ဟူ၍ ထပ်မံ ကွဲခဲ့ကြသည်။ ဦးစောတာခဲလယ် က ပအိုဝ့်နီဟူ၍ လူသိများခဲ့သည်။

ယင်းမှတဖန် နောင်ထော်တွင် အခြေစိုက်သော စောတာခဲလယ် ဦးဆောင်သော အဖွဲ့၊ ၂၀၀၇ ခုနှစ်ကမှ ပြန်လည် တောခိုခဲ့သော ခွန်သူရိန် အဖွဲ့နှင့် စစ်အစိုးရထံ လုံးဝ လက်နက်ချသွားသော ခွန်ချစ်မောင်ဦး ဆောင်သောအဖွဲ့ဟူ၍ ကွဲနေသည်။

စောတာခဲလယ်သည် ၁၉၄၉ ခုနှစ် မှ ၁၉၅၈ ခုနှစ်အထိ ပအို့ပ် တော်လှန်ရေးအစ (ပအလဖ) ဌာနခွဲမှူး ၊ ၁၉၆၆ တွင် ဒုတိယ (ပအလဖ) ဒုတိယ ခေါင်းဆောင်၊ ယင်းနောက် ၁၉၈ဝ မှ ၁၉၉၄ ထိ လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်း ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။

အသက်ရှင်စဉ်တွင် ဇနီးဖြစ်သူ ဒေါ်နန်အောင်နှင့် သား နှစ်ဦး၊ သမီး လေးဦး၊ ထွန်းကားခဲ့ပြီး ကွယ်လွန်ချိန်တွင် သမီး သုံးဦးနှင့် မြေး ၁၇ ဦးတို့ ကျန်ရစ်သည်။

No comments: