ဒေါက်တာ တူးဂျာ ကြံ့ဖွံ့ပါတီ ၀င်မလား

By မင်းနိုင်သူ, Tuesday, 29 March 2011, ဧရာဝတီ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီဖွဲ့စည်းခွင့် မရခဲ့သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာသည် မကြာမီ ရက်ပိုင်းများက စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်အဖြစ် လျှောက်ထားခဲ့သည် ဆိုသော သတင်းများ ပေါ်ထွက်နေသည်။

ဒေါက်တာတူးဂျာနှင့်နီးစပ်သူတဦးဖြစ်သည့် KSPP အတွင်းရေးမှူး ဦးတူးရော်က“ဒေါက်တာတူးဂျာအနေနဲ့က မြေပေါ်နိုင်ငံ ရေးကိုပဲ ဆက်လုပ်ဖို့ စဉ်းစားတာလည်း ဖြစ်နိုင်တယ်။ နောက်တချက်က KSPP ပါတီဖွဲ့စည်းခွင့်မရတော့ သူ့ရဲ့ ကိုယ်ကျိုးစီးပွား ကျဉ်းမြောင်းသွားလို့ နအဖ ဆွယ်တဲ့ဘက်ကို ပါသွားတာလည်းဖြစ်နိုင်တယ်။ ဒါဟာ ကချင်လူထုရဲ့အကျိုးစီးပွားဆိုတာထက် သူ့အကျိုးစီးပွားကို ရှေ့ထားပြီး လုပ်ဆောင်သွားတာဖြစ်မယ်လို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာတူးဂျာနှင့်အတူ KSPP ပါတီခေါင်းဆောင် ၅ ဦးလည်း ကြံ့ဖွံ့ပါတီဝင်အဖြစ် လျှောက်ထားခဲ့သည်ဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း ပါတီခေါင်းဆောင် ၅ ဦးပါဝင်ခြင်းမရှိဟု ဦးတူးရော်က ပြောသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၏ ဒု ဥက္ကဌဟောင်းဖြစ်ကာ စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော အမျိုးသားညီလာခံကို ထောက်ခံအားပေးခဲ့သူတဦး ဖြစ်ပြီး ညီလာခံ ပြီးမြောက်သည် အထိတက်ရောက်ခဲ့သည့် ညီလာခံ ကိုယ်စား လှယ်တဦးလည်းဖြစ်သည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့ပြီးသည့်နောက် ဒေါက်တာတူးဂျာသည် KSPP ပါတီကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင်ထူထောင်ကာ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း သြ ဂုတ်လ တွင် ပယ်ချခံရသည်။

ပါတီဖွဲ့စည်းခွင့်မရခဲ့သည့် KSPP ပါတီဝင်များသည် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်း ခဲ့သော်လည်း ထပ်မံပယ်ချခံရသည်။

“ဒေါက်တာတူးဂျာဟာ KIO ဒု ဥက္ကဌ နဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ခေါင်းဆောင်အဖြစ် စစ်အစိုးရရဲ့ အမျိုးသားညီလာခံကို ထောက် ခံခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ထွက်လာတော့လည်း ထောက်ခံခဲ့တယ်။ အခုလည်း ကြံ့ဖွံ့ပါတီဝင်တော့မယ်ဆိုရင်တော့ သူ့ကို ကချင်လူထုက ဘယ်လိုမှ နားလည်ပေးလို့ရတော့မှာမဟုတ်ဘူး”ဟု ဦးတူးရော်က ဆိုသည်။

ကြံ့ဖွံ့ပါတီဝင်အဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန် ဒေါက်တာတူးဂျာအား ဆက်သွယ်၍ မရခဲ့ပေ။

ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်အဖြစ် လျှောက်ထားသည်ဆိုသော သတင်းပေါ်ထွက်ပြီး မရှေးမနှောင်းမှာပင် KIO အရပ်ဘက် အုပ်ချုပ်ရေးအရာရှိ ၃ ဦးကို နအဖ စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စိုင်းတောင်ဒေသ KIO အရပ်ဘက်အုပ်ချုပ်ရေးအရာရှိ ၂ ဦးသည် ရွှေခြင်္သေ့စက်သုံးဆီ အရောင်း ဆိုင်တွင် မတ်လ ၂၄ ရက်က အခွန်ကောက်ခံနေစဉ် နအဖ စစ်တပ် ခြေလျင်တပ်ရင်း(ခလရ) ၄၇ က လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၊ မတ်လ ၁၀ ရက်နေ့ကလည်း နမ်ကွေ့မြစ်အနီးတွင် KIO အရာရှိတဦးကို နအဖ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများကို နအဖ စစ်တပ်က ရိုက်နှက်စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းဌာနက ယမန်နေ့က ရေးသားထားသည်။

ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက“နအဖ စစ်အစိုးရက ရန်စ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ KIO ဘက်က သတင်း ရတယ်။ အခုချိန်ထိတော့ ကချင်လွတ်လပ်ရေးတပ်(KIA) ဘက်က စစ်ရေးတုံ့ပြန်မှုတွေ မလုပ်သေးပါဘူး။ ဒါပေမယ့် လည်း နအဖစစ်အစိုးရက သတ်မှတ်နယ်မြေတွေကို ကျော်လာရင်တော့ ပစ်ခတ်မှုတွေဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်”ဟု ပြောသည်။

ဒုတိယအကြီးမားဆုံး တိုင်းရင်းသားအဖွဲ့အစည်းဖြစ်သည့် KIO ၏ လက်နက်ကိုင်တပ် KIA ကို ၂၀၁၀ ပြည့်နှစ် သြဂုတ် ၃၀ ရက်နောက်ဆုံးထားကာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် နအဖ စစ်အစိုးရ၏ တောင်းဆိုချက်ကို KIOက ပယ်ချခဲ့အပြီးတွင် KIO အဖွဲ့ဝင်များကို နအဖ စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

2 comments:

Aungsoe said...

အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ကြံ့ဖွတ်ပါတီထဲ ဒူးထောက် လက်မြောက်ပြီးဝင်မှတော့...သမိုင်းကွေးသွါး
တာပေါ့...ဒေါက်တာတူးဂျာရယ်..။

Aungsoe said...

အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကြံ့ဖွတ်ပါတီထဲ ဒူးထောက် လက်မြောက်ပြီးဝင်သွားတော့ သမိုင်းကွေး
သွားတာပေါ့...ဒေါက်တာတူးဂျာရယ်..။