By ဗွာသ,ရာ; ၊ ဒီဇင်ဘာ ၂၈ ရက် ၊ ၂၀၁၀
သာမညတောင်ဆရာတော် ဦးဝိနာယသည် မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ် ပထမ၀ါဆိုလဆန်း ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ တောင်ဖက် (၄) မိုင်အကွာရှိ ကော့ကျိုက်ပအိုဝ်းရွာကြီးနေ ပအိုဝ်းနွယ်ဖွား တောင်သူလယ်သမားမျိုးရိုးမှ ဦးထောင်အိုး၊ ဒေါ်မအုံး တို့မှ ဖွားမြင်ပါသည်။ မွေးချင်းမောင်နှာမ (၄) ဦးအနက် အကိုကြီး ခွန်ထွန်းကျော်၊ အကိုလတ် ခွန်အောင်ငြိမ်း၊ ညီငယ် ခွန်စံမင်းတို့ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ ခွန်းမောင်ဝိုင်းဖြစ်သော်လည်း ခွန်ဝိုင်းကျော်ဟု အများက ခေါ်ဆိုကြသည်။
ဆရာတော်သည် (၆) နှစ်သားအရွယ်တွင် မိဘများက ကော့ကျိုက်ပအိုဝ်းရွာ ကျောင်းဆရာတော် ဦးဇယန္တထံတွင် အပ်နှံပြီး သင်ပုန်းကြီး၊ မင်္ဂလာသုတ်၊ လောကနိတိတို့ကို သင်ယူခဲ့သည်။ အသက် (၁၀) နှစ် ရသောအခါ မွေးရပ်မြေမှ တောင်ဘက် မိုင် (၃၀) အကွာရှိ မော်လမြိုင်မြို့ ကျိုက်သန်လန်တောင် အနောက်ခြမ်း ကြံခင်းကျောင်းဆရာတော် ဦးအာစာရထံတွင် လည်းကောင်း၊ ရတနာဘုံမြင့် ဆရာတော် ဦးတဿထံတွင်လည်းကောင်း ၀ိနည်း၊ သဒ္ဒါ၊ သဂြုင်္ိဟ်တို့ကို အခြေပြုသင်ယူခဲ့သည်။
ရှင်သာမဏေဘ၀ဖြင့် ပညာသင်ယူခြင်း။
ဆရာတော်၏ အသက် (၁၃) နှစ်အရွယ်ရောက်သောအခါ မိဘနှစ်ပါးက ပစ္စယာနုဂ္ဂဟဖြင့် ကော့ကျိုက်ပအိုဝ်းရွာ ကျောင်းဆရာတော် ဦးဇယန္တအား ဥပဇ္ဈာယ်ပြုခဲ့သည်။ ရှင်ဝိနာယ ဘွဲ့မည်ဖြင့် ရတနာဘုံမြင့်ကျောင်း၌ ပရိယတ္တိအခြေခံပညာများကို ဆက်လက် သင်ယူခဲ့သည်။ အသက် (၁၈) နှစ်အရွယ်တွင် သာမဏေဘ၀မှ လူထွက်ပြီး မိဘ၏ လယ်ယာလုပ်ငန်းကို လုပ်ကူခဲ့သော်လည်း ပျော်မွေ့ခြင်း မရှိသဖြင့် မော်လမြိုင်မြို့ ကြံခင်းကျောင်းသို့ ပြန်ရောက်ကာ သာသနာဘောင်သို့ ပြန်ဝင်ခဲ့သည်။
ရဟန်းဘ၀ဖြင့် ပညာသင်ယူခြင်း။
မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ် ကဆုန်လပြည့်ကျော် (၁၅) ရက်နေ့တွင် သက်တော် (၂၀) နှစ်အတွင်း၌ မော်လမြိုင်မြို့ ကျိုက်သန်လန်ဘုရားတောင်ပေါ်ရှိ ရတနာဘုန်းမြင့်ကျောင်း ခဏ္ဍသိမ်၌ ကြံခင်းဆရာတော် ဦးအာစာရကို ဥပစ္ဈာယ်ပြု၍ မိဘနှစ်ပါးမှ ပစ္စယာနုဂ္ဂဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ရဟန်းငယ်ဘ၀ ပထမ၀ါတွင် ကြံခင်းကျောင်း ဆရာတော်ထံမှ ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ ဒုတိယ၀ါတွင် ဘီးလင်းမြို့နယ် ရွှေရောင်ပြတောရကျောင်း တောမှီရဟန်းတော် ဦးအုန်းလှိုင်ထံ ၀ိပဿနာကျင့်ကြံအားထုတ်နည်းနှင့် “အသားလွတ်သုံးဆောင်နိုင်အောင် အားထုတ်နိုင်လျှင် တရားအားထုတ်ရာ၌ ပိုမိုထူးခြင်းမည်” ဟူသော ဆိုဆုံးမသြ၀ါဒများကို ခံယူပြီး တောင်စွန်းမြို့ ကျိုက်ထီးဆောင်းတောရကျောင်းတွင် တရားကျင့်ကြံအားထုတ်နိုင်ရန် သီတင်းသုံးခဲ့သည်။
တတိယ၀ါတွင် မုတ္တမကျွဲခြံ မရမ်းချောင်တောရ ဆရာတော် ဦးသီလထံမှ ကမ္မဋ္ဌာန်းနည်းနာများ ခံယူခဲ့ပြီး တတိယ၀ါကျွတ်ချိန်တွင် ရင်းငြိမ်ပန်းတောကျောင်း ဆရာတော် ဦးဇ၀နထံမှ ကင်္ခါဝိတရဏီအဋ္ဌကထာ ကျမ်းကို သင်ယူခဲ့သည်။ စတုတ္ထ၀ါတွင် မော်လမြိုင်မြောက်ဘက် တစ်ဘက်ကမ်း ကတိုးကော့နှပ်ရွာ ကွင်းကျောင်းဆရာတော် ဦးဥတ္တမထံတွင် ၀ိနည်းပိဋိကတ်တော်များ၊ သုတ္တန်ပါဠိတော်ကျမ်းကြီးများကို သင်ယူခဲ့သည်။ စတုတ္ထ၀ါကျွတ်ချိန်ရောက်သော် မရမ်းကုန်း၊ ဘီးလင်းတောင်စွန်းဖက်မှ တောင်ဘက်ပင်လယ် ကမ်းခြေဒေသဖြစ်သော မုသင်သို့ ရောက်ခဲ့သည်။ မုသင်ဆရာတော်ထံမှ အသုဘကမ္မဋ္ဌာန်းရှုပွားနည်းများကို သင်ယူခဲ့သည်။ ၎င်းရှုပွားနည်းအလုပ်ကို လိပ်ခုံး၊ သံပုရာစေ့၊ ရွှေလှေ နှင်းပုလဲ၊ ဇုတ်သုတ်၊ ဇွဲကလာ၊ ညောင်ပလင်ဒေသများတါင် သီတင်းသုံးပြီး ကျင့်ကြံအားထုတ်ခဲ့သည်။
ပဉ္စမ၀ါတွင် ဘီလင်းမြို့နယ် တောင်စွန်း သရက်ကုန်းကျောင်း ဆရာတော် ဦးနရိန္ဒထံတွင် ၀ိနည်းပါဠိတော်နှင့် အဘိဓမ္မာ စာပေကျမ်းကန်များကို ဆက်လက်ဆည်းပူးခဲ့သည်။ ပဉ္စမ၀ါကျွတ်သောအခါ ရင်ငြိမ်ပန်းတောကျောင်းဆရာတော် ဦဇ၀နထံမှ ၀ိနည်းကို ပဓာနထားသင်ယူသည့်အပြင် သုတ္တန်ပါဠိတော်ကိုပါ သင်ယူခဲ့သည်။ ထိုနောက် ရွှေကျင်မြို့နှင့် အထက်ဝိုင်ကျွန်းတောရ ဆရာတော်ဦးခေမိန္ဒထံမှ ၀ိပဿနာတရားကမ္မဋ္ဌာန်းကို ထပ်မံဆည်းပူးခဲ့သည်။
ဆရာတော်သည် ရဟန်းသိက္ခာ (၅) ၀ါအတွင်းတွင် တစ်ကျောင်းတစ်ရွာတည်းတွင် အတည်တကျနေထိုင်ပြီး မိမိ၏ ရုပ်ပိုင်းဘ၀ဆိုင်ရာများ ပြည့်စုံမြင့်မားရေး တစ်ခုတည်းကိုသာ လိုလားတောင့်တခြင်းမရှိဘဲ၊ စိတ်ပိုင်းဘ၀ ဆိုင်ရာအသိဥာဏ်ပညာတိုးပွားမြင့်မားရေးကိုပါ အလေးထားလျက် တွယ်တာမှု သံယောဇဉ်အားလုံးကို ဖြတ်တောက်ကာ တစ်ရွာပြီးတစ်ရွာ တစ်ဆရာပြီးတစ်ဆရာ ၀တ်ရည်ကို စားသုံးသော ပျားပမာ ဆရာစုံ၊ နည်းစုံ၊ ဟန်ကုန်အောင် လှည့်လည် ကျက်စားသွားလာဆည်းပူးခဲ့သည်။ မြို့ကြီးရွာကြီးများကို ဖဲခွာလာပြီး ပရိယတ်ပဋိပတ် မဖွံ့ဖြိုးသေးသောဒေသများ၌ ဦးစားပေး သာသနာပြုရန် ရည်သန်မျော်မှန်းလျက် မွေးရပ်မြေကို ပြန်ကြွလာခဲ့သည်။
အရှေ့ဖက်ခရီးကို ထွက်သွားခြင်း။
မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် တန်ခူးလတွင် အရှေ့ဘက်သို့ ခရီးထွက်ကာ မော်လမြိုင်၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြ၀တီလမ်းမှ သင်္ဘောတစ်ခါ၊ ကားတစ်လှဲ့၊ လှည်းတစ်တန်ဖြင့် မဲဆောက်မြို့သို့ ခရီးပေါက်ခဲ့သည်။ မဲဆောက်တောင်ကျောင်းကြီးဆရာတော်ဦးပညာထံတွင် ရောက်ရှိလာသည်။ ဆရာတော်ကြီးဦးပညာသည် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်ဒေသမှ ပအိုဝ်းမျိုးနွယ် ရဟန်းတစ်ပါးဖြစ်သဖြင့် မျိုးရိုးဗိဇ ယဉ်ကျေးမှုနှင့် ဘာသာစကားတူ ရဟန်းတစ်ပါးရောက်လာကို ၀မ်းမြောက်ကြည်နူးလျက်ရှိသည်။ ဆရာတော်ကြီးဦးပညာသည် ဆရာတော်ဦးဝိနာယ(သာမညဆရာတော်) ၏ အရှေ့ဖက်ခရီး ရောက်ရှိပြီဖြစ်ကြောင်း ဤကျောင်းသည်သာ သီတင်းသုံးပြီး သာသနာပြုသွားရန် ဆုံးမသြ၀ါဒပေးလိုက်၍ ဆရာတော်ဦးဝိနာယလည်း အရှေ့ဖက်ခရီးတွင် အဆုံးသတ်ခဲ့လေသည်။ ဆရာတော်သည် မဲဆောက်တောင်ကျောင်းကြီးတွင် သုံးမိုးသုံးဝါကာလတွင် စာပေကျမ်းဂန်များ တရားဘာဝနာအလုပ်များလေ့လာ ကျင့်သုံးပြုလုပ်ခဲ့သည်။
မွေးရပ်မြေသို့ ပြန်လာပြီး ကျောင်းထိုင်ဆရာတော်ဘ၀။
မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ် တန်ဆောင်မုန်းလတွင် ညီထွေးဖြစ်သော ခွန်စံမင်းသည် ရဟန်းဘ၀ဖြင့် မဲဆောက်တောင်ကျောင်းကြီးသို့ ရောက်ရှိလာပြီး ဖခင်နေမကောင်းကြောင်း အကြောင်းစုံ လျှောက်ထားခွင့်ပန်လာ၍ ဆရာတော်သည် မွေးရပ်မြေသို့ ပြန်ကြွခဲ့သည်။ မွေးရပ်မြေသို့ရောက်သောအခါ ရဟန်းဘ၀ (၉) ၀ါဖြင့် ကော့ကျိုက်ကျောင်းဆရာတော် ဦးဇယန္တက ကော့ကျိုက်ရွာတောင်ဘက် တစ်မိုင်အကွာရှိ ၀ါဆူးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ချပေးခဲ့သဖြင့် ထိုနှစ် တန်ဆောင်းမုန်းလတွင် ကျောင်းထိုင်ရန် ဤကျောင်းသို့ ရောက်လာခဲ့သည်။
ဆရာတော်သည် ၀ါဆူးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ်လာသောအခါ အုတ်ရိုးအကြမ်းထည်သာ ပြီးစီးခဲ့သည့် ဆောက်လုပ်ဆဲ ၀ါဆူးကျောင်းတိုက်ကြီးကို ပြီးစီးပြည့်စုံအောင် ဆရာတော်က ဆက်လက်ဆောင်ရွက်ခဲ့သည်။ ကော့ကျိုက်ကျောင်းဆရာတော် ဦးဇယန္တ ပျံလွန်ပြီးနောက်ပိုင်းတွင် ၎င်း၏ကျောင်းကိုပါ တွဲ၍ ဆရာတော်က အစစအရာရာ အုပ်ချုပ်စီမံခန့်ခွဲ့ပေးလျှက် သာသနာပြုလုပ်ငန်းကို မနေမနားဆောင်ရွက်ပေးခဲ့သည်။
ဝါဆူးကျောင်းနှင့် ကော့ကျိုက်ကျောင်းရှိ စာသင်သား သာမဏေများနှင့် ရဟန်းများ အပါးပေါင်း (၆၀)ခန့်ကိုလည်း ဆွမ်းပန်း ဝေယျာဝစ္စပြည့်စုံစေရန် ဦးစီးဦးဆောင် စီမံခန့်ခွဲ့ ဟောပြောပေးခဲ့သည်။ ဆရာတော်သည် အခြေခံမူလ ပရိယတ္တိများကို တပြည့်ရဟန်းသာမဏေတို့အား သင်ကြားပို့ချနေသည့် ကြားမှ ဆရာတော်ကြီး ဦးဇယန္တ၏ အရိုက်အရာကို ဆက်ခံလျက် ရှေးဟောင်းစေတီပုထိုး ပြုပြင်မွမ်းမံမှုများကိုလည်း ထက်သန်စွာ ဆောင်ရွက်ခဲ့သည်။ ၎င်းတို့မှာ ကော့ကျိုက်ရွာအနီးရှိ ကျောက်ကလပ် စေတီကို ဘက်စုံပြုပြင်မွမ်းမံ၍ ထီးတော်သစ် တင်လှူခြင်း၊ ၁၃၀၉ တွင် ၀ါဆူးကျောင်းဝင်းအတွင်း ကိုးန၀င်းစေတီတော် အသစ်တည်ထားခြင်း၊ ၁၃၁၂ တွင် ၀ါဆူးရွာအနီး ထရုံးပနော်စေတီကို ပြုပြင်ခြင်း၊ ၁၃၃၅ တွင် ကော့ကျိုက်ရွာတောင်ဘက် ဘုရားကုန်းတော်မှ ရှေးဟောင်းစေတီကို ပြုပြင်ပြီး ထီးတော်တင်လှူခြင်း စသည်တို့အပြင် ကျောင်းတိုက်(၂) ကျောင်းအတွင်း တိုက်ကျောင်း၊ သိမ်ကျောင်းနှင့် ဓမ္မရုံတို့ကိုလည်း ဆောက်လုပ်ပေးခဲ့သည်။
လောကုတ္တရာစာပေများကိုလည်း သင်ကြား ပို့ချပေးခဲ့ပြီး စာပေထူးချွန်ပြီး ဥာဏ်ရည်ထက်မြက်သည့် စာသင်သားများကို မော်လမြိုင်၊ မန္တလေးမြို့ကြီးများသို့ စေလွတ်ပြီး ထောက်ပံပေးခဲ့သည်။ ဆရာတော် ထောက်ပံပေးသော စာသင်သားများတွင် ဓမ္မစရိယကျမ်းဘွဲ့ရ၊ ကျမ်းစွဲ၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ် အောင်ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့သည်။
မွေးနေ့ရက်မှ သက်သားလွတ်ဘုဉ်း စတင်ပေးခြင်းနှင့် တောရဆောက်တည်ရန် အားသန်လာခြင်း။
မြန်မာသက္ကရာဇ် ၁၃၃၄ ခုနှစ် ၀ါဆိုလတွင် ကျရောက်သည့် ဆရာတော်၏ မွေးနေ့ နှစ်(၆၀)ပြည့်သည် ၀ါဆူးကျောင်းကြီးတွင် ၀ါဆူးရွာနှင့် ကော့ကျိုက်ရွာ ဒကာများ ပူးပေါင်းပါဝင်မှုဖြင့် မွေးနေ့မင်္ဂလာပွဲအလှူတော်ကို ကျင်းပခဲ့သည်။ အသက်သားလွတ်ဘုဉ်းပေးခြင်းကို ထိုပွဲတော်နှစ်မှ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဆရာတော်သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ဘာဝနာပွားခြင်း၊ မေတ္တာဘာဝနာပွားခြင်းများကို နေ့ညမပြတ် ကျင့်ကြံအားထုတ်လာသောအခါ သီလသိက္ခာ၊ သမာဓိသိက္ခာတို့ တိုးပွားလာသည်။ သီးသန့်ကမ္မဋ္ဌာန်းကျောင်းလေးမှာသာ အချိန်ပိုကုန်လာသည်။
ဆရာတော်သည် ၁၃၄၁ ခုနှစ်တွင် ရောက်ရှိလာသော သက်တော် (၆၇)နှစ်မှ စ၍ န၀ကမ္မကိစ္စ၊ ပရိဘောဂကိစ္စများကို စွန့်ပယ်ပြီး ကိုယ်အမှုအရာ နှုတ်အမှုအရာများ ထူးခြားပြောင်းလဲနူးညံ့လာကာ စိတ်သန္တာန်၌ တောရဆောက်တည်ရန် အားသန်လာလေသည်။
No comments:
Post a Comment