NLD မှ “အန်ကယ်ကြီး” များကို အမေရိကန်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်

 
အမေရိကန် သံတမန်တဦး၏ လျှို့ဝှက် အစီအရင်ခံစာတစောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ “အန်ကယ်ကြီး” များ၏ ခေါင်းဆောင်မှုအား ပြင်းပြင်းထန်ထန် ဝေဖန်ထားကြောင်း ဝီကီလိစ်က ဖွင့်ချလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူ လူထုက ထောက်ခံအားပေးနေသော်လည်း သူ၏ NLD ပါတီသည် အလားတူ ထောက်ခံမှုရရှိသည်ဟု မဆိုနိုင်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးတွင် ၂၀၀၈ ခုနှစ်အထိ အမှုထမ်းသွားသည့် အမေရိကန် သံတမန်၏ လျှို့ဝှက်အစီရင်ခံစာ တွင်ပါရှိသည်။ 
ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပနေစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
အမေရိကန်အစိုးရ၏ လျှို့ဝှက် အချက်အလက်များကို ဖွင့်ချနေသည့် ၀ီကီလိစ်မှ ပေါက်ကြားလာသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်များထဲတွင် NLD ပါတီကို စိတ်ပျက်စွာ ဝေဖန် ပြောဆို ရေးသားထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုကြားမှာ ရေပန်းစားပြီး ချစ်ခင်မှုရနေပါတယ်။ ဒါပေမယ့် သူ့ ပါတီကတော့ အလားတူ ထောက်ခံမှု မရဘူး။ ပါတီခေါင်းဆောင် အန်ကယ်ကြီးတွေရဲ့ ရိုးတွင်းခြင်ဆီခမ်းနေတဲ့ ခေါင်းဆောင်မှုတွေကို  ပြည်သူလူထုက တော်တော်လေး စိတ်ပျက်နေကြပါပြီ” ဟု အဆိုပါ သံတမန်၏ သတင်းပို့ချက်တွင် အပြစ်တင် ဝေဖန် ထားသည်ကို တွေ့ရသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလက လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို NLD မှ လူကြီးတချို့က အဆိုပါ အရေးအခင်းနှင့် ပတ်သက်၍ မထောက်ခံသည့်အပြင် လူသိရှင်ကြား အပြစ်တင် ဝေဖန်မှုများပင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

“၈၈ ကျောင်းသား ခေါင်းဆောင်တွေဟာ NLD ပါတီကို ကမ်းလှမ်းခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။ အဲဒီ အန်ကယ်ကြီးတွေဟာ မြန်မာပြည်သူလူထုရဲ့ လူမှု စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်းကို စိတ်ဝင်တစား မရှိပါဘူး။ ဒါကြောင့်လည်း မြန်မာ လူမျိုးတွေကြားမှာ NLD ကိုအရေးပါတယ်လို့ သဘော မထားကြဘူး” ဟု အဆိုပါ ဝီကီလိစ်တွင် ပါရှိသည်။

NLD မှ အန်ကယ်ကြီးများသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မည်သို့ အနိုင်ရရှိခဲ့သည်ကိုသာ အချိန်ဖြုန်း ဆွေးနွေးလျက်ရှိပြီး အကောင်အထည် ဖော်မရသည့် စိတ်ကူးယဉ်ဆန်သော အတွေးအခေါ်များအား တိုင်ပင် ဆွေးနွေးနေကြသည် ဟုလည်း ဆိုသည်။

NLD ပါတီသည် အထက်အောက်ပုံစံဖြင့် တင်းကျပ်စွာ ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊ အတွေးသစ်၊ ဉာဏ်သစ်များ ရှာဖွေခြင်း မရှိသည့်အပြင် အန်ကယ်ကြီးများက ငယ်ရွယ်တက်ကြွသည့် လူငယ်များပေါ်ထွက်လာပါက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မှုများ ရှိခဲ့ကြောင်း၊ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကို အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များက လာရောက် ပြောပြခြင်းများ ရှိကြောင်း ဝီကီလိစ်က ဖော်ပြထားသည်။

“NLD လူကြီးတွေက အောက်ခြေက လှုပ်ရှားတဲ့သူ၊ ငယ်ရွယ်တက်ကြွပြီး နည်းပညာ၊ အင်တာနက် ကျွမ်းကျင်တဲ့ သူတွေ၊ ဘလော့ဂါ ကို ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့တယ်” ဟုလည်း ၎င်းမှတ်တမ်းတွင် ပါရှိသည်။

တိုင်းရင်းသား အရေးကိစ္စနှင့် ပတ်သက်၍ စစ်အစိုးနှင့် NLD စကားပြောရန် အရေးကြီးသည်ဟုသာ ပြောဆိုနေခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ရန်ကိုမူ မပြောဆိုကြောင်း၊ ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စကားပြောဆိုရန် လည်း NLD က လက်လွှတ်ခဲ့ကြောင်း ရေးသားထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော် အမတ်လောင်းများ စုစည်းထားသော CRPP မှ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း NLD မှ အန်ကယ်ကြီးများက အဆင်မပြေကြောင်း အမေရိကန် သံတမန်၏ သတင်းပေးပို့ချက်၌ ပါရှိသည်။

အမေရိကန် သံတမန် ပေးပို့ခဲ့သည့် မှတ်တမ်းအရ NLD ပါတီအပေါ် ဝေဖန်ပြောဆိုထားသည်များ ရှိသော်လည်း၊ ၂၀၀၈ ခုနှစ် NLD ခေါင်းဆောင် ဦးဝင်းတင် လွတ်မြောက်လာပြီး နောက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုများ ရှိခဲ့ကြောင်း၊ အမေရိကန် သံရုံးက ဝေဖန် ပြောဆိုထားသည့် “အန်ကယ်ကြီး” များသည်လည်း သံရုံးသို့ သွားရောက်ခြင်း မရှိတော့ကြောင်း ပါတီ သတင်းရပ်ကွက် များ၏ အဆိုအရ သိရသည်။

လေ့လာသုံးသပ်သူများက အဆိုပါ “အန်ကယ်ကြီးများ” ဆိုသည်မှာ NLD ပါတီ ခေါင်းဆောင်များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် အသက်အရွယ် အလွန်အိုမင်းနေသူ ပါတီခေါင်းဆောင်များကို ရည်ညွှန်းသည်ဟု ဆိုကြသည်။

ယင်းကဲ့သို့ အန်ကယ်ကြီးများ ဟု သတ်မှတ်ထားသူတို့သည် NLD ပါတီက ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် ချပြီးနောက် ပါတီရုံးခန်းသို့ မလာကြတော့ကြောင်းလည်း သိရသည်။

ထို့အပြင် အကျဉ်းကျ ခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ကိုမင်းကိုနိုင်တို့ ထံမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောဆိုမှုများ ကိုလည်း အမေရိကန် သံတမန်၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

၂၀၁၀  ရွေးကောက်ပွဲကို ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ၀င်ရောက်သင့်သည်ဟု ပြောဆိုခဲ့သော်လည်း ကိုမင်းကိုနိုင်ကမူ မထောက်ခံခဲ့ကြောင်း ရေးသားထား။

မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ပေါ်လာစေရန် အဓိက အားနည်းချက်မှာ ဒီမိုကရေစီအင်အားစုများ အချင်းချင်း ညီညွတ်မှု မရှိသောကြောင့်ဟုလည်း ဝီကီလိစ်တွင် ဝေဖန် ရေးသားထားသည်။

No comments: