မြန်မာနိုင်ငံ ဟူကောင်းဒေသတွင် ကမ္ဘာ့အကြီးဆုံး ကျားဘေးမဲ့တောအဖြစ်သတ်မှတ်

တောင်ကြီးတိုင်းမ်| သြဂုတ်လ ၅ ရက်၊ ၂၀၁၀| ဗုဒ္ဓဟူးနေ့

မြန်မာနိုင်ငံမြောက်ပိုင်းအစွန် ကချင်ပြည်နယ်ရှိ ဆွစ်ဇာလန်နိုင်ငံ တစ်ဝက်ခန့် အကျယ် အ၀န်းရှိသည့် ဟူကောင်းချိုင့်ဝှမ်း လွင်ပြင်ဒေသ တစ်ခုလုံးကို ရှားပါးသည့် တောရိုင်းတိရိစ္ဆာန်ဖြစ်သည့် ကျားများအတွက် ကမ္ဘာ့အကြီးဆုံး ကျက်စားရာ ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကီလိုမီတာပေါင်း ၂၁၉၇၀ နှင့်ညီမျသည့် စတုရန်းမိုင်ပေါင်း ၈၄၅၀ အကျယ်အ၀န်းရှိသည့် ယင်းဒေသအား ကမ္ဘာပေါ်တွင် အကောင်ရေပေါင်း ၃၀၀၀ ခန့်သာ ကျန်ရှိတော့သည့် ရှားပါးကျားရိုင်းများကို ထိမ်းသိမ်းစောင့်ရှောင်ရန်အတွက် ဘေးမဲ့တောအဖြစ် သတ်မှတ်လိုက် ရာတွင် ကြီးမားသည့် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း တောရိုင်းသတ္တ၀ါ ထိမ်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်သည့် Wildlife Conservation Society မှ ဆိုသည်။

ထုတ်ပြန်ခဲ့သည့် ယင်းသတ်မှတ်ချက်သည် ရှားပါးကျားများ ကျက်စားသွားလာရန်အတွက် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်မှ သတ်မှတ်ခဲ့သည့် စတုရန်းမိုက်ပေါင်း ၂၅၀၀ ကို အခြေခံ၍ တိုးချဲ့သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း Panthera အဖွဲ့အကြီးအကဲ Alan Rabinowitz က ဆိုသည်။

“ဒီသတ်မှတ်ထားတဲ့နေရာဟာ ကမ္ဘာ့အပေါ် အရေးအပါဆုံး ကျားများ သွားလာကျက်စားတဲ့ နေရာ များအနက် တစ်ခုဖြစ်ပါတယ်၊ စောင့်ရှောင်မှုရဲ့ အရေးပါမှုတွေကို မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရတို့ သဘောပေါက်နားလည်ထားတဲ့အပေါ် ကျနော်သိပ်ကို ကျေနပ်အားရပါတယ်” ဟု ၎င်းက AFP ကို ပြောသည်။

လွန်ခဲ့သည့် ရာစုနှစ်တစ်ခုအတွင်း၌ အာရှဒေသရှိတောတောင်များတွင် အကောင်အရေပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) ခန့် ကျက်စားသွားလာနေထိုင်သည့် ကျားအရိုင်းများသည် လူသားတို့ တရားမ၀င် တောလိုက်ဖမ်းဆီးသတ်ဖြတ်မှုနှင့် ကျက်စားမြေပျက်ဆီးမှုတို့ကြောင့် အကောင်ရေ အဆမတန် လျှော့ကျခြင်း ဖြစ်ကြောင့် AFP သတင်းဌာနမှ အစီရင်ခံသည်။

No comments: