ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် PNLO ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့

ကျော်ထင်/ ၂၅ ဖေဖော်ဝါရီ ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ယင်းသို့ တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းသည် ပြိုကွဲနေသော အမျိုးသားညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရန် အစပြုခြင်းဖြစ်သည်ဟု PNLO က ပြောသည်။

PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က နိုင်ငံရေးစနစ်များကြောင့် အစိတ် စိတ်အမြွှာမြွှာ ဖြစ်ခဲ့မှုများကို ပြန်လည်စုဖွဲ့နိုင်ခြင်းသည် ပြည်တွင်းပြည်ပတွင်ရှိသော ပအိုဝ်း လူထုနှင့် အဖွဲ့အစည်းများ ညီညွတ်ရေး တည်ဆောက်ရန် အစပြုခြင်းဟု ပြောသည်။

PNLO ကို နယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PNDO)၊ ပအိုဝ်း အမျိုး သမီးသမဂ္ဂ (PWU)၊ ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ့ (PYDO) တို့မှ ကိုယ်စားလှယ်များဖြင့် ယမန်နေ့က တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ဗိုလ်မှူးကြီး ခွန်သူရိန်က “ကျနော်တို့အားလုံး စုစည်းဖွဲ့စည်းပြီးတဲ့ နောက်မှာဆိုရင် အခန်းကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူငယ်ပိုင်းဆိုင်ရာမှာဆိုရင်လည်းပဲ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အောက်မှာ အတူတကွ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ယခု ပေါင်းစည်းမှုတွင် နယ်စပ်အခြေစိုက် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ခေါင်းဆောင်သော PPLO နှင့် ပအိုဝ်းလူငယ်အစည်းအရုံး PYO တို့ မပါဝင်သေးပေ။

ကျန်ရှိသော အဖွဲ့အစည်းများနှင့် ပတ်သက်၍ PNLO ဗဟိုကော်မတီဝင် ဖြစ်လာသည့် နန်းယဉ် သွယ်က “ကျမတို့ရဲ့ပေါင်းစည်းမှုမှာ တချို့ကျန်နေတဲ့ အဖွဲ့တွေကိုလည်း ပိုပြီးတော့မှ ပေါင်း စည်းလာစေချင်တယ်။ ပေါင်းစည်းပြီး လုပ်တဲ့အခါ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် ယုံကြည်မှုတွေ ရှိလာနိုင်မယ်။ အကောင်းဘက်ဆောင်တဲ့ အကြံဥာဏ်ပေးမှုတွေ ရလာနိုင်မယ်ပေါ့” ဟု ပြောသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဥက္ကဋ္ဌ ခွန်ကောဝိန်က ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ပေါင်း စည်းရေးအတွက် အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းမှု မလုပ်ရသေး၍ သဘောထားမပေးနိုင် သော်လည်း ပအိုဝ်းအဖွဲ့အစည်းများ တစုတစည်းတည်း ဖြစ်လာမှုကို ကြိုဆိုလိုက်သည်။ ။

No comments: