အမျိုးသားအတွက်အကြောင်းပြပြီး တောင်ကြီးအနီးရှိမြေယာများကို အကွက်ချ၍ရောင်းဖို့ရန်ပြင်

အမြင်ဆောင်းပါး | ဇွန်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ တောင်ဘက် ဂနိုင်ရေးရပ်ကွက် ကန်ကြီးရပ်ကွက်၊ (ယခင် ကန်ကြီးရွာ) ကန်ကြီးနယ် မြေတွင် PNO က အများနှင့် သက်ဆိုင်သည့် သဘာဝရေထွက်ရာ ရေကန်ဧရိယာကို ပအိုဝ်းအမျိုးသား တပေါင်းကွင်း လုပ်ငန်းခွင်ကို အကြောင်းပြ၍ အကွက်ချ ရောင်းချရန် ပြုလုပ်နေကြပါသည်။ (ပုဂ္ဂိုလ်တချို့၏ ပုဂ္ဂလိက စီးပွားရေး အကွက်ထွင်ခြင်းသာ ဖြစ်ပြီး တကယ့် PNO အတွက် ပအိုဝ်းအမျိုးသား အတွက် မဟုတ်ဟု အခိုင်အမာ ပြောဆို သူများလည်း ရှိသည်။)

ဂနိုင်ရေး နယ်မြေခံများနှင့် ကန်ကြီးရွာသားများက မကျေနပ်ကြသော်လည်း ဘာမှမပြောရဲကြပေ။ အုပ်ချုပ်ရေးမှူးကို တိုင်ချင်ကြသော်လည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင် PNO ကို မလွန်ဆန်နိုင်ကြောင်း သိနေကြသည့်အတွက် မတိုင်ရဲကြပေ။ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ထိုမြေကွက်ကိစ္စကို ကန့်ကွက်လိုသော်လည်း အာဏာရှင်ဆန်သော PNO မှ ပုဂ္ဂိုလ်တစ်ချို့ကို ကြောက်ရသောကြောင့် တရားဝင် မကန့်ကွက်ရဲချေ။ တတ်သိနားလည်သူ တစ်ချို့ကမူ PNO ရုံးသို့ တရားဝင် ကန့်ကွက်စာ ပို့သင့်ကြောင်း ပြောဆိုကြပါသည်။ သို့သော် ဦးဆောင်ဝံ့သူ မရှိသောကြောင့် (မောက်စံရွာကိစ္စကဲ့သို့ ဥပဒေမဲ့ ရမ်းကားမည်ကို စိုးရိမ်ကြသောကြောင့်) အခက်တွေ့နေကြရသည်။

ထိုရေကန်သည် ယခင်က ကန်ကြီး ဂနိုင်ရေး ဒေသခံများ သုံးစွဲနေသော သဘာဝစိမ့်စမ်းရေထွက် ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ရေကန်မှာ အတော်အတန် ကြီးမားသောကြောင့် ကန်ကြီးဟု ခေါ်ဆိုခဲ့ကြရသည်။ ယင်းရေကန်ကို အစွဲပြု၍ အနီးနားရှိ ရွာကိုပင် ကန်ကြီးရွာဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ကန်အနီးရှိ ဘုန်းတော်ကြီးကျောင်းကိုလည်း ထိုရေကန်ကြီးကို အကြောင်းပြု၍ ကန်ကြီးကျောင်းဟု ခေါ်တွင်ခဲ့ကြသည်။ (ယခု ပရိယတ္တိစာသင်တိုက်အဖြစ် ဖွင့်လှစ်လိုက်သည်မှာ နှစ်နှစ်ခန့် ရှိနေပြီဖြစ်ပြီး စာသင်သားသံဃာတော်များ ၅၀ ခန့် ရှိပြီဖြစ်ကြောင်း ကြားသိရပါသည်။)

သက်ကြီးရွယ်အိုပုဂ္ဂိုလ်တစ်ချို့၏ အဆိုအရ ထိုရေကန်သည် ကန်ကြီးကျောင်း ပထမဆရာတော် ဘဒ္ဒန္တဂန္ဒမာ (ယခုသက်တော် ၉၀ ကျော်) ထိန်းသိမ်းစောင့်ရှောက်ခဲ့သော နေရာဖြစ်ပြီး တစ်ချိန်က ကျောင်းတိုက်၏ ပရ၀ုဏ်ဧရိယာတွင် ပါဝင်ပြီး ရေကန်အနီး၌ ကျောင်းဆောင်ငယ်တစ်ဆောင်ပင် ထားရှိခဲ့ဖူးကြောင်း ကန်ကြီးရွာနေ အမည်မဖော်လိုသူ သက်ကြီးပုဂ္ဂိုလ်တစ်ဦးက ပြောပါသည်။ ရေကန်အနီးရှိ ၀ါးရုံအများစုမှာ ဆရာတော် ဦးဂန္ဒမာ စိုက်ပျိုးခဲ့သော ၀ါးရုံများဖြစ်ကြောင်း အခိုင်အမာ သိရှိသူများလည်း ရှိလေသည်။

ဆရာတော်ကြီး သက်တော်ကြီးလာသည့်အချိန်တွင် ပုဂ္ဂိုလ်တစ်ချို့၏ မတော်မရော် ပြုလုပ်သည်က တစ်ကြောင်း၊ စည်ပင်က ကျောင်းနှင့် ရေကန်ကြားတွင် လမ်းမတစ်ခု ဖောက်လုပ် လိုက်မှုကြောင့် လည်းကောင်း၊ ရေကန်နှင့် ကျောင်းတိုက် မဆိုင်သလို ဖြစ်သွားရခြင်းသာဖြစ်သည်ဟု ကန်ကြီးကျောင်းကို ငယ်စဉ်ထဲက ကိုးကွယ်ကြည်ညိုသူ ပုဂ္ဂိုလ်တစ်ဦးက ဆိုပါသည်။ ဂနိုင်ရေးနှင့် ကန်ကြီးရွာတွင် နေထိုင်သည့် နယ်ခံအများစုမှာ ထိုအများပိုင် ရေကန်ကို အိမ်ရာမြေကွက်အဖြစ် အကောင်အထည်ဖော်မည့်ကိစ္စအား လုံးဝသဘော မတူကြောင်းနှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ချို့က PNO အမည်ကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာနေမှုကို နှစ်သက်ကျေနပ်မှုလည်း မရှိကြသည့်အပြင် ဆိုင်ရာအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် ထိုကိစ္စကို အရေးယူပေးစေလိုကြောင်း ကြားသိရသည်။

အမှန်တကယ်ကား ထိုရေကန်ကြီးကို PNO က မသိမ်းဆည်ခင် အချိန်အထိ ဂနိုင်ရေးနှင့် ကန်ကြီးကျေးရွာသူ ကျေးရွာသားများ အားကိုးအသုံးပြုခဲ့သော သဘာဝစိမ့်စမ်းရေထွက် တစ်ခုဖြစ်လေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတွင်မှ ထိုအများသုံးရေကန်ကြီးကို PNO က ထိန်းသိမ်းသလိုလို တပေါင်းကွင်း တပေါင်းပွဲတော်အတွက် အသုံးပြုသလိုလိုဖြင့် သံဆူးကြိုးများဖြင့် ၀ိုင်းရံပိတ်ခတ်လိုက်ပါသည်။ ယင်းအချိန်မှစ၍ ဒေသခံများ အသုံးမပြုကြရတော့ပေ။

လွန်ခဲ့သော မေလဆန်းပိုင်းတွင်မူ ထိုရေကန်ဧရိယာကို ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာမြေကွက်အဖြစ် ရောင်းချရန် စတင်အကွက်ရိုက်ခဲ့သည်။ ရေကန်ကို ပြန်လည်တူးဖော်သလိုလို ဟန်ပြပြီး ရေကန်ဧရိယာ အနည်းငယ်မျှကိုသာ ချန်လှပ်၍ ရောင်းချတော့မည်ဖြစ်သည်။ ပြန်လည်တူးဖော်ရာ၌လည်း တကယ့် ရေထွက်ပေါက်နေရာကို မတူးဖော်ဘဲ (ထိုနေရာက ရောင်းစားလျှင် ပို၍အကွက်ကျသောကြောင့် မတူးဖော်ဘဲ ထားသည်ဟု ရွာသားတစ်ချို့က ဆိုပါသည်။) ရေထွက်ပေါက် မဟုတ်သည့်နေရာကိုသာ တူးဖော်လေသည်။ (ရေကန် ရေထွက်မကောင်းတော့ဟု ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်သည့်သဘောဖြစ်သည်။)

သဘာဝ ရေထွက်စိမ့်စမ်း (ရေကန်) ဆိုသည်မှာ လူနေထိုင်ရာ အိမ်အ၀ိုင်းနှင့် နီးကပ်လွန်းလျှင် သန့်ရှင်းမှု မရနိုင်ကြောင်း၊ ရေရှည်လည်း မတည်တံ့နိုင်ကြောင်း PNO မှ တာဝန်ရှိသူတို့ မသိလေသလားဟု ရွာသူရွာသားတို့က ဝေဖန်ကြပါသည်။ ယခင်က သစ်ပင်ကြီးငယ်တို့ဖြင့် အုပ်ဆိုင်းနေခဲ့သော ရေကန်နယ်မြေသည် ယခုအခါတွင် PNO တို့၏ ခုတ်ထွင်းမှုကြောင့် သစ်ပင်အနည်းငယ်သာ ကျန်ရှိတော့ပြီး ရေကန်အနီးတစ်ဝိုက်တွင် ခြောက်သွေ့နေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် ကြည့်လျှင်လည်း မဖြစ်သင့်သောကိစ္စဟု ပညာရှင်တစ်ယောက်က ဆိုပါသည်။

PNO သည် မြေကိစ္စနှင့် ပတ်သက်လျှင် ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်လေ့ ရှိသည်ဟုလည်း ပအိုဝ်း လူထုအများက ပြောဆိုနေကြသည်။ ကန်ကြီးရေကန် ဧရိယာ ရောင်းချရန် ကြိုးပမ်းမှု ကိစ္စသည်လည်း နယ်မြေခံ ရွာသားများ သဘောဆန္ဒ မပါဘဲ သူတို့သဘောဖြင့် သူတို့ပြုလုပ်နေကြပြီး နယ်မြေခံနှင့် ရွာသားတို့၏ ရေရှည်အကျိုးကို နည်းနည်းမျှ ငဲ့ကွက်မှု မရှိကြောင်း အမည်မဖော်လိုသူ နီးစပ်သူတို့က ပြောဆိုကြပါသည်။ တပေါင်းကွင်းတွင် ငွေလိုအပ်နေ၍ ထိုမြေကို ရောင်းရပါသည်ဆိုသော PNO မှ လူကြီးတစ်ချို့၏ စကားကို ဂနိုင်ရေးနှင့် ကန်ကြီးကျေးရွာရှိ သက်ကြီးရွယ်အိုများနှင့် လူငယ်တစ်ချို့အနေဖြင့် လက်မခံနိုင်ကြောင်း အမှန်တကယ် ငွေလိုအပ်နေလျှင် PNO တို့ ထုံးစံအတိုင်း ပအိုဝ်းကျေးရွာများသို့ တောင်းခံမည်သာ ဖြစ်ကြောင်း ယခုကိစ္စမှာ တပေါင်းကွင်းကိစ္စထက် ကိုယ်ကျိုးသာ ပိုများမည်မှာ သေချာကြောင်း ပြောဆိုကြပါသည်။

အမည်မဖော်လိုသူ လူငယ်တစ်ယောက်ကမူ ထိုကဲ့သို့ ပြုလုပ်ခြင်းကို မပြုလုပ်သင့်ပါဟု မပြောလိုကြောင်း၊ သို့သော် ဂနိုင်ရေးနှင့် ကန်ကြီးကျေးရွာတို့တွင် (ယခု ကန်ကြီးရပ်ကွက်) နေထိုင်သည့် ရပ်မိရပ်ဖ သက်ကြီး ရွယ်ကြီးများထံ အသိပေး အခွင့်ပန်သင့်ကြောင်း၊ နယ်မြေခံများကို အသိပေး အကြောင်းကြားပြီး ခွင့်ပန်ပြီးမှ နယ်မြေခံတို့ သဘောတူမှသာလျှင် ပြုလုပ်သင့်သည်ဟု မြင်မိကြောင်း ပြောဆိုပါသည်။

ကန်ကြီးကျောင်းတိုက်မှ ဂေါပကတစ်ဦးကမူ ထိုရေကန်နယ်မြေသည် ဆရာတော်ကြီး ဦးဂန္ဒမာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော နေရာဖြစ်၍ ဆရာတော်လည်း သက်တော်ထင်ရှား ရှိနေသေးသောကြောင့် ဆရာတော်၏ သဘောထားကိုလည်း ပစ်ပယ်ရန်မသင့်ဟု ဆိုပါသည်။ ဆရာတော်ကြီးက သက်တော်ကြီးလွန်းနေ၍ ဆုံးဖြတ်နိုင်စွမ်း မရှိလျှင်လည်း ဆရာတော်၏ အရိုက်အရာကို ဆက်ခံသော လက်ရှိဆရာတော်၏ သဘောထားကိုလည်း လျှောက်ထားသင့်ပါကြောင်း အကြံပြု ပြောဆိုပါသည်။ အကယ်၍ ရောင်းချခဲ့လျှင်လည်း ပထမဆရာတော် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မြေနေရာဖြစ်၍ ကျောင်းတိုက်အတွက်သာ ပိုဖြစ်သင့်ပြီး သာသနာတော်အတွက် သုံးစွဲလျှင် ပိုသင့်တော်သည်ဟု ယူဆသူလည်း အများအပြား ရှိသည်။ ကန်ကြီးကျောင်းတိုက်တွင်လည်း ဆောက်လုပ်ဆဲ မပြီးစီးနိုင်သေးသော ကျောင်းဆောင်တစ်ခု ရှိသည်ဟုလည်း ရွာသားများ ပြောပြချက်အရ သိရှိရသည်။

ယခုမူ ရွာသူရွာသားများကိုလည်း အသိပေးခြင်းမရှိ ရပ်မိရပ်ဖများ၏ သဘောဆန္ဒကိုလည်း ကောက်ခံခြင်းမရှိ နယ်မြေအုပ်ချုပ်ရေးမှူးကိုလည်း အခွင့်တောင်းခြင်းမရှိ နယ်မြေခံတို့ ကြည်ညိုအားထားရာ ဆရာတော်များကိုလည်း လျှောက်ထားမေးမြန်းခြင်း မရှိဘဲ မိမိတို့ သဘောဖြင့် တစ်ဘက်သတ် ထင်ရာစိုင်း လုပ်ဆောင်နေသည်မှာ နယ်မြေခံပုဂ္ဂိုလ်များကို အထင်သေး အမြင်သေး စော်ကားခြင်းပင်ဖြစ်ကြောင်း ပြောဆိုကြလေသည်။

နီးစပ်သူတို့၏ အဆိုအရ ထိုမြေကိစ္စနှင့် ပတ်သက်၍ ရပ်မိရပ်ဖများ ဘာမျှ ကြိုတင် မသိရှိရသလို ကျောင်းတိုက်ရှိ ဆရာတော်များလည်း ဘာမျှ မသိရှိကြရကြောင်း၊ အုပ်ချုပ်ရေးမှူး သဘောမတူလျှင်လည်း ကိစ္စမရှိ၊ PNO အမည်သုံး၍ ရောင်းချသွားမည်၊ PNO အမည်သုံးလျှင် အုပ်ချုပ်ရေးမှူးလည်း ဘာမျှ ပြောရဲမည်မဟုတ်ဟု ပြောဆိုနေသည်ကိုလည်း ကြားသိနေရသည်ဟု ဆိုပါသည်။ တောင်ကြီးတောင်ဘက် တစ်ကြော အထူးသဖြင့် ပအိုဝ်းဒေသများတွင် PNO က ထင်တိုင်းလုပ်နေကြသည်မှာ နှစ်အတန်ကြာနေပြီဖြစ်ပြီး မတရားခံနေရသူလည်း မနည်းတော့ကြောင်း အခိုင်အမာ ပြောဆိုသူများလည်း ရှိနေပါသည်။ ဥပဒေဆိုသည်မှာ ဘာမှမရှိဘဲ စိတ်ထင်တိုင်း လုပ်နေသည်က များသည်ဟုလည်း ယုံကြည်ကြပါသည်။

ထို့ကြောင့် ပြည်နယ်ဝန်ကြီးများ၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တောင်ကြီးမြို့ တောင်ဘက် တကြောတွင် ထိုရေကန်ကိစ္စသာမက PNO အမည်သုံး၍ မြေကွက်ဖော်ထုတ်နေမှုများကို နယ်မြေခံများနှင့် ရွာသူရွာသားတို့က တိတိကျကျ သေသေချာချာ လာရောက် စိစစ် စစ်ဆေးပေးရန် လိုလားနေကြပါသည်။ ပြည်နယ်အစိုးရ အနေဖြင့် မောက်စံကိစ္စတွင် တစ်ခွန်းမျှ မဟလေသောကြောင့် ယခုကိစ္စတွင်လည်း ပြည်နယ်အစိုးရကို ယုံကြည်မှုအားနည်းနေကြပြီး နေပြည်တော်အထိ နိုင်ငံတော်သမ္မတအထိ တိုင်ကြားနိုင်လျှင် ပိုမိုထိရောက်နိုင်သည်ဟု ပြောဆိုနေကြကြောင်းပါ။


No comments: