PNO အဖွဲ့ သိမ်းယူသောမြေနှင့် ပတ်သက်၍ ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေး

By ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၂ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ ဧက ၇၀၀ ကျော် အသိမ်းခံရသောမြေယာများ ပြန်လည်ရရှိရန် PNO လူကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြေသိမ်းခံရသော တောင်သူတို့ မတ်ခ်ျလ ၃ ရက်၌ နားဘောင် PNO ရုံးတွင် ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။



“ကျွန်တော့်အနေနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တယ်၊ ဘာပဲဖြစ်ဖြစ် တစ်ဦးမှာ မေတ္တာ၊ တစ်ဦးမှာစေတနာ အချင်းချင်းပေးမည့်သူနဲ့ တောင်းဆိုမည့်သူ မျှမျှတတဖြစ်အောင်၊ ပြေလည်အောင် ဆွေးနွေးကြ၊ ဘယ်လိုနည်းနှင့် ပြေလည်ပြေလည်၊ ပြေလည်ခြင်းကိုလက်ခံမည်”
ဟု တောင်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောသည်။

“ကျွန်တော်တို့ကို PNO (Pa-Oh National Organization) လူကြီးအနေနှင့်မမြင်နဲ့၊ ပအိုဝ်းလူမျိုး လိုမြင်၊ ဘယ်ရွာသားတွေဆိုပြီး ကျွန်တော်တို့လည်းမမြင်ဘူး၊ အားလုံးပအိုဝ်းတွေပဲ၊ အဲတော့ မပြေလည်တဲ့ ပြဿနာနှစ်ခုကြားကို အဆင်ပြေသောနည်းလမ်းနှင့် အဖြေရှာရမည်”
ဟု PNO လူကြီး ဦးခွန်လာက ပြောသည်။



၎င်းဆွေးနွေးပွဲတွင် PNO လူကြီး ဦးခွန်လာ၊ ဦးခွန်တင်ထွဋ်၊ ဥပဒေအကြံပေး ခွန်ဆန်းရွှေ၊ ဗဟိုအမှုဆောင် ခွန်ချွန်း၊ NLD ပါတီ တောင်ကြီးရုံး ဥက္ကဌ ဦးခွန်သန်းလွင်၊ တောင်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့် နှင့် မြေသိမ်းခံရသောပြည်သူ ၁၀၀ ခန့် တက်ရောက်ကြောင်း စုံစမ်း သိရှိရသည်။

ပဒေသရာဇ်ခေတ်က အနှိပ်စက်ခံရ၍ ကောင်းကောင်း မလုပ်ကိုင်ခဲ့ရဘူး၊ ဂျပန်ခေတ်ရောက်ပြန်လည်း ကောင်းကောင်းလုပ်ကိုင်ခြင်းမရရှိခဲ့ဘူး၊ ဘိုးဘွားလက်ထက်မှ ပင်ပင်ပန်းပန်းအားစိုက်ပြီး လုပ်ကိုင်စားသောက်ရခြင်းမရှိခဲ့ဘူး၊ ယခု ပအိုဝ်းအမျိုးသားလက်ထက်တွင် ကောင်းကောင်းလုပ်ကိုင်ရမည့် အချိန်တွင် မြေယာတွေ အသိမ်းခံရသောကြောင့် လွန်စွာဝမ်းနည်းရကြောင်း ထီဟန်းဆွေးရွာမှ ဦးခွန်အောင်ကိုးက ပြောသည်။

မြေသိမ်းခံရသော ဖာမွိုန်းကျေးရွာအုပ်စုနှင့် ထီဖောင်းကျေးရွာအုပ်စု (၉) ရွာရှိကြောင်း၊ မြေသိမ်းခံရခြင်းကို ပြန်လည်လုပ်ကိုင်လို၍ PNO အဖွဲ့အစည်းတွင် လေးကြိမ်တောင်းဆိုပြီး၊ တုံ့ပြန်မှု မရရှိခဲ့ကြောင်း၊ ယခု ၎င်းမြေများတွင် မသက်ဆိုင်သော လူပုဂ္ဂိုလ်က အကွက်ချ၍ ရောင်းနေပြီ ဖြစ်ကြောင်း၊ ရွာသားများက ပြောကြားသည်။

ပြည်သူများသည် စိတ်တူကိုယ်တူနှင့် ဆန္ဒထဲရှိသော စကားလုံးကို ထုတ်ပြောရာမှာ (၁) ကိုယ့်ခြံယာ မြေကို ပြန်လိုချင်တယ်၊ (၂) ကိုယ့်ခြံယာမြေကို ပြန်လိုချင်တယ် (၃) ကိုယ့်ခြံယာမြေကို ပြန်လိုချင်တယ် ဆိုပြီး သုံးကြိမ် သံပြိုင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဒီပြဿနာကို ပအိုဝ်းလူမျိုးအချင်းချင်းဖြစ်သောကြောင့် “ရှဥ့်လည်းလျှောက်၊ ပျားလည်းစွဲ” အဖြေရှာရမည်ဟုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောသည်။ ဆွေးနွေးမှု၏ အကျိုးကျေးဇူးက အဆင်ပြေသွားမည်ဟု ဆက်လက်ပြောကြားသည်။

ဆုံးဖြတ်ချက်အရ ကိုယ်ပိုင်မြေကွက်ကို မြေပုံဆွဲပြီး မတ်လ ၁၁ ရက်နောက်ဆုံးထား PNO ရုံးချုပ်သို့ ပို့ပေးရမှာဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက် ဆုံးဖြတ်၍မရကြောင်း၊ အခြားလူကြီးနှင့် တိုင်ပင်ပြီး ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ ကိုယ်ပိုင်ခြံတွေကို ရွာသားအနေနှင့် အကုန်လုံးပြန်လိုချင်ကြောင်း၊ ဒါပေမဲ့ ပြန်ရ မရကို ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း၊ ပအိုဝ်းအချင်းချင်းဖြစ်တဲ့အတွက် ဥပဒေအရအနေနှင့် အဆောက်အဦးရှိသောမြေကို မောင်းထုတ်၍ မရကြောင်း၊ ဒါပေမဲ့ ခြံသမားအတွက်လည်း နှစ်နာမှုမရှိအောင် ပြေလည်သည့်နည်းလမ်းကို ညှိနိုင်းရမည်ဖြစ်ကြောင်း ထီဟန်းဆွေးရွာမှ မြေသိမ်းခံရသူ ဦးမြမောင် က ပြောသည်။

ခြံယာတွေ အကွက်ချဖော်ပြီး ရောင်းသွားသောသူနှင့်လည်း ပြေလည်အောင်ညှိနိုင်းရမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့ တင်ပြတာ ၉ လ ၁၀ လ ရှိပြီ။ ဒီအချိန်မှ ဆန္ဒပြပွဲ ကျင်းပမည်ဆိုပြီး တောင်းဆိုမှ ညှိနိုင်းပေးသည် ဖြစ်ကြောင်း၊ PNO လူကြီးတွေကလည်း ကျွန်တော်တို့အပေါ် မျှမျှတတ ဆုံးဖြတ်ပေးသွားမည်ကိုလည်း ရွာသားများက မျှော်လင့်နေကြောင်း မြေသိမ်းခံရသူ ဦးအောင်ကိုးက ပြောသည်။

ယခုနှစ် မတ်လ ၃၁ ရက်တွင် PNO အဖွဲ့စည်းနှင့် မြေယာသိမ်းခံရသူတို့ နောက်ဆုံးတွေ့ဆုံ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသွားသည်။


1 comment:

Unknown said...

့အတိတ်က မပွင့်လင်းမှုကြောင့် ရှုပ်ကုန်ပြီ။ အတိတ်ကအရာကို နှစ်ဦးနှစ်ဘက်ပြေလည်အောင်ရှင်းပါ။ မနက်ဖြန်အနာဂတ်မှာ ပွင်းလင်းမြင်သာအောင်လုပ်ကြပါ။ အချင်းချင်းမနစ်နာအောင်လုပ်ကြပါ။