ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့၊ ရွာသားပိုင် ခြံယာများ အဓမ္မရောင်းခိုင်း

By ခွန်ကီကီ | မတ်ခ်ျလ ၁၂ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။    ။ ပြည်သူ့စစ်အဖြစ်သို့ အသွင်ပြောင်းသွားသည့် ရပခလက်အောက်ခံ ဗိုလ်မှူးခွန်လာ ဦးစီးသည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA (သို့မဟုတ်) ပအိုဝ်းပြည်သူ့စစ် သည် ဒေသခံရွာသားများ ဘိုးဘောင်စဉ်ဆက် ပိုင်ဆိုင်သည့် စိုက်ပျိုးရေးခြံယာများနှင့် သစ်တောများကို အတင်းအဓမ္မ ရောင်းခိုင်းနေကြောင်း သိရပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းသွားသည့် ဗိုလ်မှူးခွန်လာ ဦးစီးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (Pa-O National Army-PNA) သည် တောင်ကြီးမြို့ တောင်ဘက်ပိုင်းရှိ နားဘောင်ဈေးခေါ် ကန်တော်ကြီးဈေး၏ အနောက်မြောက်ပိုင်းရှိ ဖါမွိုန်းကျေးရွာအုပ်စုရှိ ကျေးရွာပြည်သူများပိုင်ဆိုင်သော စိုက်ပျိုးရေးခြံ လယ်ယာမြေနှင့် ရွာသားပိုင် သစ်တောကြိုးဝိုင်းနှင့် အခြားခြံမြေများကို မတ်လအစောပိုင်းကစပြီး ယနေ့ထိ ကျေးရွာသူ/သားများနှင့် မတိုင်ပင်ဘဲ ကွန်ကရစ်တိုင်များ စိုက်ထူကာ ကျူးကျော်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

အကြောင်းပြချက်ကတော့ ယခု တောင်ကြီးမြို့ရဲ့ တောင်ဘက်မှာ မြေဈေးမြင့်တက်မှုနှင့် အညီ ၎င်းတို့ဦးစီးသည့် အဖွဲ့တို့သည် အခြားလူမျိုးခြား၊ ဘာသာခြားများ ဝင်ရောက်မှာကို ကာကွယ်သည့်အနေဖြင့် ယခုလို လုပ်ရခြင်းဖြစ်တယ်လို့ ရွာသားမှ တဆင့် သိရှိရပါတယ်။

သို့သော်လည်းပဲ ရွာသားများ ပိုင်ဆိုင်သည့်ခြံနှင့် မြေယာများကို မရောင်းမနေရ စနစ်ဖြင့် မြေတစ်ဧကကို ကျပ်ငွေဆယ်သိန်းနှုန်းဖြင့် မဖြစ်မနေ ရောင်းပေးနေရသည့်အပြင်၊ ခြံအတွင်းရှိ အိမ်သုံးထင်းအဖြစ် ရွာသားများ စိုက်ပျိုးထားသည့် သစ်တောများကို မခုတ်ယူရန် ပိတ်ပင်ထားပြီး၊ အကယ်၍ ခုတ်ယူပါက သေနတ်ဖြင့်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

နေ့စဉ် အိမ်တွင်းချက်ပြုတ်ရေးအတွက် အသုံးပြုရန် နှစ်စဉ်ခုတ်ထွင်လေ့ရှိသော ရွာသားများ၏ သစ်တောများကို ယခုလို အမိန့်အာဏာဖြင့် ထိန်းချုပ်လိုက်သည့်အတွက် ယခုနှစ်မှာ ဒေသခံရွာသားများ ချက်ပြုတ်ရန် အဓိကအားထားနေရသည့် အိမ်သုံးထင်းအတွက် အခက်အခဲများ ကြုံလာရမည်ကို ရွားသားများ စိုးရိမ်ပူပန်နေကြောင်း သိရပါတယ်။

၎င်းဒေသမှ ဒေသခံတစ်ဦးရဲ့ ပြောပြချက်ကတော့
“သူတို့အဖွဲ့ ဗိုလ်မှုးခွန်လာတို့ PNA အဖွဲ့က ဖေဖော်ဝါရီလနဲ့ မတ်လ အစောပိုင်းတုန်းက ဆင်းလာပြီး ကျနော်တို့ ပိုင်တဲ့ ခြံထဲကို ကြိုတင်ညှိနှိုင်းတိုင်ပင် အကြောင်းကြားတာမရှိပဲနဲ့ ကွန်ကရစ်တိုင်တွေ လာစိုက်ထားတယ်။ ကွန်ကရစ်တိုင်ပေါ်မှာ PNA လို့ စိုင်းဘုတ် တပ်ထားတဲ့အတွက် ကျနော်တို့လည်း ပြန်မဖြုတ်ရဲဘူး။ သူတို့ပြောတာ ဝယ်မယ်လို့ပြောပေမယ့် ပိုက်ဆံအပြည့်မပေးဘူး။ အကြွေးစနစ်ပေါ့။ ပြီးတော့ မရောင်းမနေရဆိုပြီး အမိန့်နဲ့ ခြိမ်းခြောက်တယ်၊ အဲ့မှာ ကင်းစောင့် နေတဲ့ စစ်သား ပြောပြတာ ကတော့ သူတို့တပ်စခန်း တည်ထောင်မယ်လို့ ပြောတယ်။ ယခုလို ဝယ်တာကတော့ အမျိုးသားလွတ် တော် ကိုယ်စားလှယ် ဦးနေဝင်းထွန်း လဲပါတယ်လို့ ပြောတယ်။ ဒါကြောင့် ကျနော့်တို့က သူတို့ကို မရောင်းချင်ပဲ ရောင်းပေးနေရတယ်လေ။ အဲ့လိုဈေးပေါပေါနဲ့ အကြွေးနဲ့ ရောင်းပေးလိုက်တာ မြေဖိုးပဲ ခြံအတွင်းမှာရှိတဲ့ သစ်ပင်ဖိုးမပါဘူး။ သူတို့ပေးတဲ့ ပိုက်ဆံလဲ အဲ့လိုပဲပြောတာ။ ဒါပေမယ့် ကျနော်တို့ မိသားစုသုံးဖို့ ထင်းသွားပြန်ခုတ်တော့ ကင်းစောင့်နေတဲ့ စစ်သားတွေက ကျနော်တို့ကို ဦးခေါင်းအပိုပါရင် လာခုတ်လို့ သေနတ်နဲ့ ဟန်ပြခြိမ်းခြောက်နေပါတယ်။ ဘယ်သူ့မှ ဆက်မသွားရဲတော့ဘူး အဲ့မှာ ကင်းအမြဲတမ်း စောင့်နေတယ်။ အင်အား ၁၀ ဦးလောက် အမြဲတမ်းရှိတယ်။ ကျနော်တို့က သူတို့ရဲ့ ရန်သူလည်းမဟုတ်ဘူး။ သာမန်ပြည်သူတစ်ယောက်ပါ။ သူတို့ ကျနော်တို့ရွာသားကို ဆက်ဆံရာမှာ ရန်သူလိုဆက်ဆံတာ မကောင်းဘူးလို့ ထင်တယ်။ ဒါပေမယ့် သူတို့က ဦးနေထွန်းတို့ အတွက်နဲ့ PNO အဖွဲ့က ဆိုတော့ ကျနော်တို့က ဘာမှမပြောဘူး။ မတိုင်ဘူးပေါ့။ အဖွဲ့အစည်းတစ်ဖွဲ့က ယခုလို ရွာသားတွေကို အနိုင်ကျင့်နေတာကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီတွေ သိစေချင်တယ်။ ဒါပေမယ့် သူတို့ဗဟိုကော်မတီရဲ့ အစီအစဉ်ပဲလားဆိုတာကို ကြောက်နေတယ်။”

ပအိုဝ်းအမျိုးသားအဖွဲ့အချုပ်က နားဘောင်ဈေးတစ်ဝိုက် မြေယာသိမ်းယူမှုများ ဖြစ်နေသည်ကို ပြေပြေလည်လည် မဖြေရှင်းနိုင်သေးသည့်အပြင်၊ ယခုလို ထပ်မံပြီး ပြည်သူပိုင်ခြံများ၊ သစ်တောများကို အတင်းအဓမ္မ ရောင်းခိုင်းနေသည့်သာမက တောင်ကြီးမြို့နယ်တစ်ဝိုက်ရှိ အခြားအခြားသောဒေသများ လည်း မြေယာများသိမ်းယူနေကြောင်း သိရသည်။

1 comment:

Unknown said...

အော် တရားထိုင်ဖို့ အားပေးတယ်လို့မှတ်ယူလိုက်တော့မယ်။ ရဲဘော်သုံးကျိပ်ကို ပြည်သူတွေလေးစားခဲ့ပါတယ်။ အားလည်းကိုးခဲ့ပါတယ်။ ဒါပေမဲ့ အခုတပ်မတော်က ကြိုက်တဲ့တဲ့လူနည်းသလိုပါပဲလား။..........လက်နက်တွေမိုးပေါ်ကကျလာတာလား တော်လှန်ရေးလုပ်တုံးကလဲ ထမင်းတွေ စရိတ်တွေ အုံဖွဆိုပြီးပေါ်လာတာလား။ အမျိုးသားစီးမံကိန်းလား၊ အများအကျိုးလားဆိုပြီး ဘယ်လိုမျိုးနဲ့သက်သေပြမလဲ တကယ် နေ၀င်းထွန်းလုပ်တဲ့ကုမ္မဏီဆိုတာကော် နေ၀င်းထွန်းပိုင်တာလား နောက်အနှစ်သုံးဆယ်လေးဆယ်ဆို ဘယ်သူပိုင်မှာလဲ ထီဟန်ဆွေးကမြေသိမ်းတယ်ဆိုတာလည်း ဘာစီမံကိန်းလုပ်မှာလဲ ဘယ်လိုပွင့်လင်းမြင်သာမှုရှိလဲ ဘယ်သူကတာဝန်ခံပြီး စီမံခန့်ခွဲတာလဲ ပအိုဝ်းလူမျိုးတွေရဲ့ ၇န်ပုံငွေဘယ်လောက်ရှိလဲ။ မသိချင်ပါဘူးမပြောပါနဲ့ စိတ်မောလွန်းလို့ပါ