ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဥက္ကဌ ခွန်စံလွင်၊ ရှမ်း/တောင်ပိုင်းအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်နေသည့်ပအိုဝ်းလူငယ်များနှင့် တွေ့ဆုံ

By ခွန်တမ်းထမ် | မတ်ခ်ျ ၁၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။    ။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဥက္ကဌ ဦးခွန်စံလွင်နှင့် ရှမ်းပြည်နယ်တောင်းပိုင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်နေသော ခွန်ခမ်းကောင် ဦးစီးသည့် အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ဦးခွန်စံလွင်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

တွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာမှာ ပအိုဝ်းလူငယ်များအနေဖြင့် ဆွေးနွေးတာကတော့ ယ္ခုရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် လွိုင်လင်ခရိုင်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါ တီနှင့် ဆက်နွယ်ပြီး ဖြစ်ပျက်နေသော မြေသိမ်းမှုကိစ္စ၊ ဒေသတွင်း လျှပ်စစ်မီးရရှိရေးကိစ္စ၊ ဘိန်းအစားထိုးစိုက်ပျိုးသည့်ကိစ္စ နှင့် အခြားပအိုဝ်းတိုင်းရင်းလူမျိုးများ၏ အနာဂါတ် ရှေ့ဆက်သွားမည့် တမျိုးသားလုံးနှင့် ဆိုင်သော အမျိုးသားရေးမူဝါဒလမ်းစဉ် စသည့်ကိစ္စရပ်များကို အခြေခံပြီးအကြေအလည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဦးခွန်စံလွင် ဆွေးနွေးတာကတော့ ယ္ခု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် အစိုးရနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးလုပ်ငန်းဖြစ်သည့် ကျေးလက် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စသည့်အရေးကိစ္စများကို ပြည်သူလူထုများနှင့် အတတ်နိုင်ဆုံးပြေလည်မှုရယူကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ ပအိုဝ်းတိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားရေးကို ကြွေးကြော်နေသော တမျိုးသားလုံးပါဝင်ကာ ရှေ့ဆက်သွားမည့် အမျိုးသားရေးမူဝါဒလမ်းစဉ်၊ မဟာဗျူဟာ/နည်းဗျူဟာနှင့် ရပ်တည်ချက်များကို အကောင်အထည်ဖေါ်လုပ်ဆောင်ရာမှာ ညီညွတ်ရေးကို အခြေခံပြီး အမြန်ဆုံးဖြစ်အောင်နှင့် အတတ်နိုင်ဆုံးလူငယ်များနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားဖို့ လိုအပ်ပြီဖြစ်ကြောင်း ပြောဆိုသွားပါသည်။

ခွန်ခမ်းကောင်အနေဖြင့် လတ်တလောဖြေရှင်းရန် လိုအပ်သည့်ကိစ္စမှာ ကျေးလက်ဒေသတွင် လျှပ်စစ်မီး ရရှိရေးအကြောင်းပြချက်ဖြင့် PNO ပါတီအောက်ခြေ၏ လုပ်ဆောင်ချက်များ မမှန်ကန်ကြောင်း၊ အဆမတန် အခွန်ကောက်ယူမှုကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် မထည့်နိုင်သောပြဿနာများ ကြုံနေရကြောင်းနှင့် မီးဖိုးမထည့်နိုင်ပါက ရှိရှိသမျှ ပစ္စည်းများ သိမ်းယူခြင်း၊ ဒဏ်ရိုက်ခြင်း၊ ကျေးရွာမှနှင်ထုတ်ခြင်း စသည့်နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေကြောင်း၊ ၎င်းကိစ္စရပ်အပေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီဥက္ကဌအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးခွန်စံလွင်အနေဖြင့် အောက်ခြေအဆင့် ဖြစ်ပျက်နေသည့် ပြဿနာများကို ဂဃနဏ မသိရှိရကြောင်း၊ ဒါကြောင့် ၃-၄ ရက်ခန့် စောင့်ကြည့်ပြီးမှ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ပြန်လည်အကြောင်းပြန်ပေးမည်ဟု ဂတိပေးပြောဆိုခဲ့ကြောင်း၊ နောက်ထပ်လည်း ဒီအရေးရာကိစ္စနှင့် ပါတ်သက်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း ပြောခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌလည်းဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ နာယက တစ်ဦးလည်းဖြစ်သည့် ဦးခွန်ချစ်မောင်နှင့် အခြားပအိုဝ်းလူငယ်များဖြစ်သည့် ခွန်မျိုး၊ ခွန်ခေတ်စံ၊ ခွန်စိုးမြင့်ထွန်းနှင့် ခွန်ရာဇာ တို့လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

2 comments:

Unknown said...

ချစ်မောင်၊ ခမ်းကောင်၊ ချစ်စံ၊ ရာဇာ-ဆိုတဲ့ ဒီလိုတွေ စွိုးခွိုအတွက် ကောင်းကျိုးဘာမှ မလုပ်ဘဲနဲ့ သူများလုပ်သမျှကို အဆိုးမြင်၊ မိမိနာမည်ကောင်း ရရေး သူများအထင်ကြီးခံရရေးလောက် လုပ်ဆောင်၊ ကိုယ်ပိုင်အစွမ်းအစမရှိဘဲ တကယ်အလုပ်လုပ်တဲ့လူကို အပုပ်ချပြီး ကိုယ့်နာမည်ကောင်းရအောင် ယူတဲ့လူဟာ လူယုတ်ညံ့တွေပါ၊ သူရဲဘောကြောင်တွေပါ၊ တကယ်သတ္တိရှိရင် လက်ရှိဦးဆောင်နေတဲ့ လူတွေနဲ့ လက်တွဲပီး စွိုးခွိုအတွက်လုပ်ပေးပါ၊ မိမိဟာ လူတစ်ယောက်ယောက်ရဲ့ အသုံးချခံလူ မဖြစ်စေနဲ့၊ စွိုးခွိုတခုလုံးရဲ့ လူ၊ စွိုးခွိုအတွက် အလုပ်လုပ်တဲ့လူ ဖြစ်သင့်တယ်။

ု့ု့ခွန်အားတက် လွယ်မော်ပေး said...

ငြိမ်းချမ်းရေးဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် သို့မဟုတ်လူတစ်စုတဖွဲ့ဗိုလ်ကျ စိုးမိုးဖို့အတွက်လားဆိုတာကျွန်တော်တို့ သိပ်သိချင်တဲ့ပုစ္ဆာတစ်ပုဒ်ပါ။