ပင်လုံအခြေစိုက်အစိုးရတပ်ရင်းအနီး မှိုင်းဗုံးကွဲ ပအိုဝ်းကျေးလက်တဦးသေ

Thursday, 03 May 2012 | သျှမ်းသံတော်ဆင့်

ပင်လုံမြို့အခြေစိုက် ခမရ ၅၁၃ တပ်ရင်း အနောက်ဘက်တွင် မြေမြှုပ်မှိုင်းတလုံး ပေါက်ကွဲသဖြင့် ခြံလုပ်သား ဇနီးမောက်နှံ မှိုင်းဗုံးဒဏ်ထိပြီး ယောင်္ကျားဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ပင်လုံမြို့ခံများက ပြောပါသည်။

"အဲဒီပအိုဝ်းလင်မယားက တောပိုင်းကနေအဲဒီတပ်အနားမှာ မြေကွက်လာဝယ်ထားတယ်။ အိပ်ဆောက်ဖို့မြေကွက်သွားရှင်းရင်းနဲ့ စစ်တပ်က ပြန်သိမ်းဖို့ မေ့ကျန်ခဲ့တယ်လို့ ယူဆရတဲ့ အဲဒီမှိုင်းဗုံးကွဲတာလေ။ အသက်သုံးဆယ်ကျော် ပအိုဝ်းလင်မယား။ ယောင်္ကျားဖြစ်သူကပွဲချင်းပြီးဘဲ။ သူ့မိန်းမတော့ ပင်လုံဆေးရုံမှာ အတွင်းလူနာပေါ့" - ဟု ပင်လုံကျန်းမာရေးဝန်ထမ်း အသိုင်းအ၀ိုင်းက ပြောပါသည်။

မေလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပင်လုံမြို့နယ်ခွဲ ၀မ့်မိုင်ရွာ ဘုန်းကြီးကျောင်းမြောက်ဘက် ခမရ ၅၁၃ တပ်ရင်း အနောက်ဘက် တပ်ရင်းနယ်မြေနှင့်ကပ်လျက်မြှုပ်နှံထားသော မှိုင်းဗုံးတလုံး ပေါက်ကွဲချင်းဖြစ်ပြီး အဆိုပါ မြေကွက်မှာ ဟိုင်းနန်းကျေးရွာ ဥက္ကဌ ဦးအောင်ဝင်းက ဒေသခံရွာသားများ၏ ဥယျာဉ်ခြံမြေအား သိမ်းယူပြီး ပြန်လည်အကွက်ချ ရောင်းချပေးသည့်မြေကွက်ဖြစ်ကြောင်း၊ တောပိုင်းကျသည့် ဟိုင်းနန်းကျေးရွာအုပ်စုဝင် ရွာသားများက မြို့နှင့်နီးသည့် ၀မ့်မိုင်စံပြကျေးရွာဘက် ပြောင်းရွှေ့အခြေချခြင်းဖြစ်ကြောင်း ဒေသခံရွာသားများပြောပြချက်အရ သိရပါသည်။

"ကျနော့်အထင်တော့ တပ်လုံခြုံရေးအတွက် ခမရ ၅၁၃ က ထောင်ထားတာဘဲဖြစ်မယ်။ ပြန်သိမ်းဖို့ကျန်သွားလို့ အခုလိုဖြစ်ရတာ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တပ်ရင်းအနောက်ဘက်ပိုင်းက တပ်လုံခြုံရေးကင်းနဲ့လဲ စိတ်မချရဘူးလေ။ အပစ်မရပ်ခင်ကတည်းက မကြာခဏဆိုသလို သျှမ်းတပ်တွေ ဖြတ်သန်းသွားလာတယ်လို့ သတင်းကြားတာဘဲ။ အဲဒီကွဲသွားတဲ့မှိုင်းကလဲ ဘယ်အချိန်ကတည်းက ထောင်ထားတာလဲမသိဘူး" - တပ်တွင်းဝင်ထွက် ရင်းနှီးသည့် ပင်လုံမြို့ခံတဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဘက်တွင် ပြည်သူ့စစ်အသွင်ပြောင်း ပအိုဝ်းတပ်ဖွဲ့အပြင် သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့လည်း မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိသည်ဟု ပင်လုံမြို့ခံများက ပြောပါသည်။

သျှမ်းပြည်တွင် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးနီးပါး အပစ်ရပ်ပြီးဖြစ်သော်လည်း အဆိုပါလက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့သည်။

No comments: