သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ကြံ့ဖွတ်အနိုင်ရရေး PNO ကူညီ

ရှမ်းသံတော်ဆင့် | သြဂုတ်လ ၃၁ ရက်၊ ၂၀၁၀ | အင်္ဂါနေ့

သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် ကူညီမဲဆွယ် စည်းရုံးနေကြောင်း စုံစမ်းသိရှိရပါသည်။

“တောင်ကြီးမှာဆို ထောက်ခံမဲထည့်ပေးဖို့တင်မကဘူး၊ PNO အဖွဲ့ဝင်တွေက ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်း အဖြစ်တောင် ၀င်ရောက်ယှဉ်ပြိုင်ပေးမှာ ဖြစ်တယ်”- ဟု ပအိုဝ်းလူငယ်တဦးကပြောပါသည်။

PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် စစ်အုပ်စုဖွဲ့စည်းပုံ၌ သတ်မှတ်ပေးသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် အဓိကနိုင်ငံရေးပါတီဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားအနေများသည့် တောင်ကြီး၊ လွိုင်လင်၊ ပင်လုံတို့ တွင်မူ PNO တိုက်ရိုက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ကြံ့ဖွတ်ပါတီအောင်နိုင်ရေးအတွက်သာ ပံ့ပိုးမဲဆွယ်စည်းရုံးသွား မည်ဟု PNO အကြီးအကဲများက ဆိုင်ရာပုဂ္ဂိုလ်/အဖွဲ့အစည်းများအား ညွှန်ကြားထားကြောင်း လွိုင်လင်သား တဦးက ပြောပါသည်။

“ကျနော်တို့ တောင်ကြီးမှာ ပအိုဝ်းလူမျိုးအများစု နေထိုင်ပေမယ့်ရွေးကောက်ပွဲ ကော်မရှင်က ပအိုဝ်းလူနည်းစု 0.1% လွှတ်တော် အမတ်လောင်း ပေးမပြိုင်ဘူး၊ ဗမာတွေတော့ ရတယ်တဲ့ဗျာ။ ဒါကမတရားဘူးလို့ကျနော်မြင်တယ်။ အဲဒီ ဖိနှိပ်ခံရတဲ့အခြေအနေအောက်မှာ PNO က စစ်အာဏာရှင် ကျောထောက် နောက်ခံပြုတဲ့ ကြံ့ဖွတ်ကိုအားမပေး သင့်ဘူး” - ဟု တောင်ကြီးမြို့ခံ ပအိုဝ်းအမျိုးသားတဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြိုခံများကလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် PNO ကို ကြံ့ဖွတ် က အကူအညီပေးမည်ဖြစ်ပြီး ပအိုဝ်းအများစု နေထိုင်သည့် အခြားမြို့နယ်၌ ကြံ့ဖွတ်ပါတီ စည်းရုံးရေး ဆင်းလျှင် PNO က အကူညီပေးသွားမည် ဟုဆို၏။

ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့သည် ၁၉၉၁ မတ်ခ်ျ ၂၇ ရက် ၌ နအဖ နှင့် အပစ်ရပ်ခဲ့ သည်။ ၁၉၉၃ ကြံ့ဖွတ်အသင်းတည်ထောင်ချိန်မှစ၍ ဦးအောင်ခမ်းထီအားလည်း ကြံ့ဖွတ်နာယက အဖြစ် စစ်အုပ်စုက တင်မြောက်ထားသည်။ နအဖ ဦးစီးကျင်းပမည့် ၂၀၁၀ (နိုဝင်ဘာ ၇ ရက်) ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် PNO လည်း ကြံ့ဖွတ်ပါတီကဲ့သို့ နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲကာ ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့အား လည်း နအဖ ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ်အသွင်ပြောင်းရန် ခေါင်းငြိမ့်ခဲ့ပြီးဖြစ်၏။

၁၉၉၀ ရွေးကောက်ပွဲတွင် ဆီဆိုင်၊ ပင်လောင်း မဲဆန္ဒနယ်အတွင်း ၃ နေရာ အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် UPNO မှာမူ ‘၁၉၉၀ ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖေါ်ခြင်းမရှိဘဲ ယခုရွေးပွဲ ထပ်ဝင်ပါက မဲထည့်ခဲ့သည့် ပြည်သူလူထု၏စေတနာ စော်ကားရာကျသည်’ ဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ခြင်းမရှိကြောင်း အဆိုပါလူငယ်ကပြောပြ၏။

နအဖ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းအမျိုးသားတို့အတွက် သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း ၃ မြို့နယ်အား စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ်သတ်မှတ် ပေးထား သည်။

No comments: