ပြိုင်ဘက်နိုင်ငံရေးပါတီများ ခွဲခြားစွာ ဆက်ဆံခံရ

တောင်ကြီးတိုင်းမ် | သြဂုတ်လ ၁၁ ရက်၊ ၂၀၁၀ ခုနှစ် | ဗုဒ္ဓဟူးနေ့

လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် USDP ပါတီက တနိုင်ငံလုံးမှာ ပြည်သူလူထုကို အတင်းအကျပ်နည်းတမျိုး ချော့မော့တဲ့နည်းတစ်ဖုံ နည်းလမ်းပေါင်းစုံနဲ့ လွတ်လွတ်လပ်လပ် လိုက်လံစည်းရုံး နေချိန်မှာ အခြားနိုင်ငံရေးပါတီတွေက နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေ ခံနေရတာမကပဲ စည်းရုံးရေးလုပ်ငန်း တွေပြုလုပ်ဖို့ အတားအဆီး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီရဲ့ပြောဆိုချက်တွေကို ကိုးကားပြီးတော့ ပြည်တွင်းပြည်ပ သတင်းဌာနများက အစီရင်ခံ ထားပါတယ်။

လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ USDP ပါတီက တစ်နိုင်ငံလုံး ဒေသအနှံ့အပြားမှာ USDP ပါတီ အဖွဲ့ဝင်အဖြစ်လျှောက်ရန် ပြည်သူလူထုတွေကို စီးပွားရေး သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းအတွက် အတိုးနည်းနည်းနဲ့ ချေးငွေတွေပေးပြီးတော့ စည်းရုံးနေတာမက နေရာဒေသတော်တော်များများမှာ USDP ပါတီ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပါက စီးပွားရေးလုပ်ပိုင်ခွင့်များ၊ သွားလာလှုပ်ရှားခွင့်များ၊ အလုပ်များ၊ ငွေကြေးများနဲ့ ရာထူးများ ပေးပြီးတော့လည်း စည်းရုံးနေပါတယ်။

ပြည်သူလူထုတွေကို အခွင့်အရေးတွေ မျက်လုံးတွေပေးပြီးတော့ အနုနည်းနဲ့ စည်းရုံး သိမ်းသွင်းနေတဲ့ တချိန်တည်းမှာပဲ USDP ပါတီမှာ မ၀င်ပါက လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းတာတို့၊ ရာထူးမှ ဖယ်ရှားခံရတာတို့ မိမိစီးပွားရေးလုပ်ငန်း အနှောက်အယှက်ပေးတာတို့ စတဲ့ နည်းအမျိုးမျိုးနဲ့ အကျပ်ကိုင် ခြိမ်းခြောက်တာတွေ ပြုလုပ်ပြီးတော့ အတင်းအဓမ္မနည်းနဲ့ စည်းရုံးနေတယ်လို့ ကြားနေရပါတယ်။

USDP ပါတီက အခွင့်အရေးအပြည့်နဲ့ အနှောက်အယှက်မရှိ တနိုင်ငံလုံးမှာ ဤကဲ့သို့ လွတ်လွတ်လပ်လပ် ပုံစံမျိုးစုံနဲ့ စည်းရုံးရေးတွေ လုပ်နေချိန်မှာ အခြားပြိုင်ဘက်ပါတီတွေက ပါတီရပ်တည်ဖို့ဖြစ်စေ စည်းရုံးရေး လုပ်ဖို့ဖြစ်စေ နည်းမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖိနှိပ်ကန့်သတ်ခံရတာမက အနှောက်အယှက်အမျိုးမျိုး၊ အခက်အခဲ ပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

နိုင်ငံရေးမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ နိုင်ငံရေးပါတီအဖွဲ့ဝင် တွေရဲ့အိမ်ကို ရဲအထူးသတင်းတပ်ဖွဲ့တွေက တအိမ်တက် တအိမ်ဆင်းပြီးတော့ ကိုယ်ရေးရာဇ၀င် အချက် အလက် မေးမြန်းကောက်ယူတာနဲ့ ဓာတ်ပုံမှတ်တမ်းရိုက်ယူတာတွေ ပြုလုပ်နေလို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌဖြစ်သူ ဦးသုဝေက ပြောပါတယ်။

ပြည်သူလူထုအကြားမှာ လူသိများတဲ့ နိုင်ငံရေးပါတီတွေကို ရဲအထူးတပ်ဖွဲ့တွေက ဖိအားပေးမှုတွေ အနှောက်အယှက်အမျိုးအမျိုးတွေ ပေးနေကြောင်း၊ မည်သို့ဆိုစေ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ကတည်းက အခက်အခဲပြဿနာ အများအပြားနဲ့ ရင်ဆိုင်ရမှာကို မျော်လင့်ထားပြီးသား ဖြစ်ကြောင်းနှင့် တကယ်တော့ အခက်အခဲ အကျပ်အတည်းတွေဟာ မျော်လင့်ထားတာထက် များစွာပိုပြီးတော့ ကြီးမားနေကြောင်း ၄င်းက ဆိုပါတယ်။

“ဒါတွေဟာ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေပဲ၊ ပါတီအဖွဲ့ဝင်တွေက ရဲတွေနဲ့ မဆက်စပ်ချင် မပတ်သက်ချင် ကြပါဘူး၊ အနှောက်အယှက်တွေ ဒုက္ခတွေပေးလာမှာကို စိုးရိမ်လို့ ပါတီအဖွဲ့ဝင်တချို့က နုတ်ထွက်သွား နိုင်တယ်လေ” ဟု ဦးသုဝေကို ကိုးကားပြီးတော့ AP သတင်းဌာနက အစီရင်ခံထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှု၊ ထွက်လာမည့်ရွေးကောက်ပွဲရလဒ်များ တရားမျတခြင်း ဖြစ်မလာနိုင်မှု၊ ရွေးကောက်ပွဲဥပဒေ လွန်စွာတင်းကျပ်နေမှု၊ USDP ပါတီက ကျန်တဲ့ပါတီငယ်တွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်နေမှု၊ အခြားနိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုပ်ရှားခွင့်မရှိမှုနဲ့ သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့် မရှိမှုတို့ကြောင်း ပြီးခဲ့တဲ့သြဂုတ်လ ၅ ရက်နေ့မှာ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ဥက္ကဌဖြစ်သူ ဦးဖြိုးမင်းသိန်းက ဥက္ကဌရာထူးနှင့် တကွ ပါတီမှ နုတ်ထွက်လိုက်ပါတယ်။

ထို့အတူ ဒီလာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျတမှုမရှိပါက မိမိတို့ပါတီအနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း UDP ဥက္ကဌအသစ်ဖြစ်သူ ဦးသိန်းဌေးက ပြောပါတယ်။ “တရားမျတပြီး လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် တတ်နိုင်သလောက် ကျနော်တို့ကျိုးစားသွားမှာပါ၊ အကယ်၍ တရားမျတမှု၊ လွတ်လပ်မှု မရှိဘူးလို့ ကျနော်တို့ ယုံကြည်လာရင် ကျနော်တို့ နောက်ဆုတ်ဖို့ ဆုံးဖြတ်သွားမယ်” ဟု ဦးသိန်းဌေး က Reuters သတင်းဌာနကို ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလကတည်းက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကချင်ပြည်သူ့ပါတီ KSPP က ယနေ့အချိန်ထိ မှတ်ပုံတင်ခွင့်မကျသေးပေမယ့်၊ ဇွန်လပိုင်းမှ ဖွဲ့စည်းပြီး ဇွန်လတွင်းမှာသာ ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်လျှောက်တဲ့ စစ်အစိုးရ ကျောထောက် နောက်ခံထားတဲ့ ကချင်ပါတီဖြစ်တဲ့ Unity and Democracy Party for Kachin State (UDPKS) ကတော့ သြဂုတ်လ (၂) ရက်နေ့မှာ မှတ်ပုံကျပါတယ်။

No comments: