နောက်ကျသော်လည်း အချိန်မနှောင်းသေးသော “ပအိုဝ်းအမျိုးသားညီလာခံ”


စါင်ဖါအောင် နှင့် ဗွေစါင်ပေ | အမြင်ဆောင်းပါး
ဇွန်လ ၁၂ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

၂ဝ၁၅ - နှစ်ဦးမှ စ၍ မြန်မာပြည်အနှံ့အပြား ပအိုဝ်းအမျိုးသားတို့၏ လှုပ်ရှားမှု ကြီးကြီးမားမား
ပေါ်ပေါက်ခဲ့သော်လည်း သတင်းမီဒီယာများတွင် လိုအပ်သလောက် မပါရှိသည်မှာ အားနည်းချက်
တစုံတရာ ရှိနေကြောင်း စာရေးသူ သတိပြုမိပါသည်။

စာရေးသူသည် ပြည်တွင်းသို့ ကိုယ်တိုင်မသွားဖြစ်သော်လည်း ပြည်တွင်းလှုပ်ရှားမှုများ၌
ကိုယ်တိုင်ပါဝင်ခဲ့သော ပအိုဝ်းခေါင်းဆောင်တချို့နှင့် ဖေဖော်ဝါရီလကုန်ပိုင်းက ဇင်းမယ်သို့
ပြန်လည်ရောက်ရှိလာကြသည့်အပေါ်တွင် တွေ့ဆုံမေးမြန်းခြင်းမှ ဤဆောင်းပါးကို တင်ပြရပေသည်။

ဘန်ကောက်နှင့် ဇင်းမယ်ရှိ ပအိုဝ်းရွှေ့ပြောင်းအလုပ်သမားများအနေနှင့် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားများကို ပုံမှန် လပြည့်နေ့ မတ်လ ၄ - ရက် နေ့တွင် မလုပ်ဘဲ မတ်လ (၁) ရက်နေ့
တနင်္ဂနွေနေ့တွင် တင်ကြိုကျင်းပကြခြင်း ဖြစ်ပါသည်။ အားလပ်ရက်ကို အဓိကထားခြင်းဖြစ်သည်။
ဝပ်နောင်ခမ်း ဇင်းမယ်မြို့ရှိ ပအိုဝ်းဘုန်းတော်ကြီးကျောင်းတွင်မူ မတ်လ (၄) ရက် တပေါင်းလပြည့်နေ့၌
ရဟန်းခံရှင်ပြုနှင့် အလှူပဒေသာပင်လှည့်ခြင်း အပါအဝင် အလှူအတန်း ပြုလုပ်ခြင်း ရှိခဲ့သည်။

ယင်းနေ့များတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီး
ခွန်ဥက္ကာနှင့် တွေ့ဆုံမေးမြန်းမှုများအရ ယ္ခုစာရေးရန် အကြောင်းရင်း ခံဖြစ်ခဲ့သည်။ ၎င်း၏ အဆိုအရ ၂ဝ၁၅ ခု ဖေဖော်ဝါရီလသည် ပြည်တွင်း၌ ပအိုဝ်းအမျိုးသားလှုပ်ရှားမှု အများဆုံးကာလဟု ဆိုပေသည်။
၂ဝ၁၅ ခု ဖေဖော်ဝါရီလ ၇ မှ ၉ ရက်နေ့အထိ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သော
(Pa-Oh Youth Forum) ခေါ် ‘ပအိုဝ်းလိုယွဲမော့ခွယ်ဝါင်ပွယ်’ က စရမည်ဖြစ်ပေသည်။

ယင်းဖိုရမ်သို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ကြီးခရိုင်၊ လွယ်လင်ခရိုင်
စသည့် ဒေသအသီးသီးက ပအိုဝ်းလူငယ် မောင်မယ် ၃ဝဝ ကျော်ခန့် စုဝေးဆွေးနွေးကြသည့်
ပွဲတော်ကြီးပင်ဖြစ်ပေသည်။ ဒေသခံအာဏာပိုင်များဖြစ်သော PNO ဥက္ကဋ္ဌ ခွန်စံလွင် နှင့်
PNA (ခ) ဋ္ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်လာတို့လည်း တက်ရောက် အားပေးခဲ့သည်ကို တွေ့ရှိရပေသည်။ PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့လည်း
ပါဝင်တက်ရောက်ခဲ့သည်။ လူငယ်များ၏ အမျိုးသားရေးဆိုင်ရာအမြင်များ၊ ရှေ့အလားအလာများနှင့်
အမျိုးသား ရေးရည်မှန်းချက်များကို အကြေအလည် ဆွေးနွေးနိုင်ခဲ့ကြပေသည်။ ဖိုရမ်အပြီး ထုတ်ပြန်သော သဘောထား ချမှတ်ချက်များအပေါ်တွင် ခေါင်းဆောင်များ အပြန်အလှန် ညှိနှိုင်းကြပြီးနောက်
အောက်ဖော်ပြပါ အချက်များကို ထုတ်ပြန်နိုင်ခဲ့ပါသည်။

တောင်ကြီးလူငယ်ဖိုရမ်ပွဲအပြီး PNLO နာယက နှင့် ဥက္ကဋ္ဌ တို့သည် ပြည်ထောင်စုသမ္မတ၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိပြီးနောက် ၆၈ နှစ်မြောက် “ပြည်ထောင်စုနေ့အခန်းအနား” သို့
ပါဝင်တက်ရောက်ကြကြောင်း သိရှိရသည်။

ပြည်ထောင်စုနေ့အပြီးတွင် မွန်ပြည်နယ် သထုံမြို့၌ ကျင်းပသော “ပအိုဝ်းအမျိုးသားနှီးနှော ဖလှယ်ပွဲ
(Pa-Oh National Conference)” သို့ ပါဝင်တက်ရောက်နိုင်ရန် ခရီးဆက်ခဲ့ကြကြောင်း သိရသည်။

မြန်မာပြည်၏ ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအရ တိုင်းရင်းသားလူမျိုးတိုင်းသည်
“အမျိုးသားညီလာခံ” များ ဆက်တိုက်ကျင်းပနေသည်ကို လေ့လာဖတ်ရှုရသဖြင့် “ပအိုဝ်းလူမျိုး” တို့
အတွက်လည်း အမျိုးသားညီလာခံတရပ် လိုအပ်နေပြီးဖြစ်ကြောင်း စာရေးသူ၏ အမြင်ဆောင်းပါး၌
တင်ပြခဲ့ဘူးပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ နာဂ စသော လူမျိုးများသည် အမျိုးသားညီလာခံကြီးများ ချိမ့်ချိမ့်သဲ ကျင်းပနေစဉ်တွင် ပအိုဝ်းတို့က မကျင်းပနိုင်ဘဲ ရှိနေခဲ့သည်။ အမှန်မှာ ပအိုဝ်းလူမျိုးတို့တွင် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်ခေါင်းဆောင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တက်ကြွသောလူငယ်များ၊ စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ ငွေရှင်ကြေးရှင်များ စုံစုံလင်လင်ရှိနေလင့်ကစား “အမျိုးသားညီလာခံ” မခေါ်နိုင်ရခြင်းမှာ “ဆုံချက်” တရပ် ပျောက်ဆုံးနေပါသလော၊ ညှိနှိုင်းရမည့် အခြေအနေတရပ် မဖန်တည်းနိုင်၍လော စာရေးသူ စဉ်းစားခဲ့သည်။

ထို့ကြောင့် ယ္ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သော လူငယ်ဖိုရမ်သည်လည်းကောင်း၊ နှီးနှောဖလှယ်ပွဲသည်လည်းကောင်း၊ ဆုံချက်အခိုင်အမာ ရရှိလိမ့်မည်ဟု စာရေးသူ ယုံကြည်မိပါသည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၉ အထိ သထုံမြို့ မြို့တော်ခန်းမ (သုဝဏ္ဏခန်းမ) တွင် ကျင်းပပြုလုပ်သော
ပအိုဝ်းအမျိုးသားနှီးနှောဖလှယ်ပွဲသတင်းသည် အားရကျေနပ်ဖွယ်ကောင်းလှပေသည်။
တပြည်လုံး အနှံ့အပြားရှိ ဒေသအသီးသီးကို ကိုယ်စားပြု ကိုယ်စားလှယ်တော်ပေါင်း ၄ဝဝ မှ ၅ဝဝ အထိ
တက်ရောက်သော ပွဲကြီးဖြစ်၍လည်းကောင်း၊ အထင်ကရ အမျိုးသားဦးဆောင် ဆရာတော် သံဃာတော်များ ကြီးကြပ်မှုဖြင့် ဆရာခွန်ရွှေသင်း ဦးဆောင်ကျင်းပရေးကော်မီတီသည် ၄ ရက်ကြာ ပွဲတော်ကြီးကို
အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သည်ကို ချီးကျူးဂုဏ်ပြုကြရမည် ဖြစ်ပေသည်။

တမျိုးသားလုံးအရေးကို ဦးထိပ်ထား၍ ညီညွတ်မှုအခြေခံဖြင့် “ပအိုဝ်းအမျိုးသားနိုင်ငံရေး” အဆင့်ကို
တက်လှမ်းနိုင်ရန် ကြိုးပမ်းမှုတရပ်လည်း ဖြစ်သည်ဟု ရှုမြင်နိုင်ပေသည်။

နှီးနှောဖလှယ်ပွဲကြီး၏ ရလာဒ်အဖြစ် အမျိုးသားနိုင်ငံရေးဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရန်
“ပအိုဝ်းအမျိုးသားညီလာခံ” တရပ်ကို နိုင်ငံရေးအဓိပ္ပါယ် ပြည့်ဝစွာဖြင့် ခေါ်ယူကျင်းပနိုင်ရေး
ဆုံးဖြတ်ချက်ပင် ဖြစ်ပေသည်။ ပအိုဝ်းတမျိုးသားလုံးအတွက် ပအိုဝ်းအမျိုးသားညီလာခံဖြစ်မြောက်ရေး (ယာယီ) စည်းရုံးရေးကော်မီတီ တရပ်ကိုပင် ဖွဲ့စည်းပေးနိုင်ခဲ့ပြီးနောက် တဆက်တည်း လုပ်ငန်းများကို
အမြန်ဆုံး လုပ်ဆောင်နေကြသည်ကို ကြားသိရသည်မှာ “နောက်ကျသော်လည်း အပြည့်အဝ
စွမ်းဆောင်နိုင်စွမ်း ရှိလိမ္မည်” ဟု စာရေးသူ အားတက်မိပါသည်။

ဧပြီလတွင် သတ်မှတ်လျာထားသော “ပအိုဝ်းအမျိုးသားညီလာခံ” နှင့် ပတ်သက်၍ အဖွဲ့အစည်းတရပ်ရပ်၊ ပါတီတခုခု၊ ဒေသတခုခု ၏ ချုပ်ကိုင်မှုအောက်မှ ကင်းလွတ်ပြီး စုပေါင်းဦးဆောင်မှု၊ အခြေခံညီညွတ်မှုဖြင့် “တမျိုးသားလုံး၏ဘုံညီလာခံ ” တရပ်အဖြစ် ပေါ်ထွန်းပါစေရန် စာရေးသူ ဆန္ဒပြုရပါသည်။

(အမျိုးသားညီလာခံအဆင့်က ချမှတ်ပေးသင့်သော မူဝါဒများ ဆိုင်ရာကိစ္စကို ဆက်လက်ဖော်ပြပါမည်)

No comments: