ပအိုဝ်းအမျိုးသားအတွက် ပဟေဠိစာတစ်ပုဒ်

ခွန်စိန်ဝင်း | ဇွန်လ ၁၁ ရက်၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်



၁၃၇၆ ခု နှစ်ဟောင်း မကုန်ခင်ကတည်းက ဦးခွန်စိန်ဝင်းနှင့်ဇနီး လိတ်မူပါ ဖိတ်စာကို ရရှိတယ်။ ဖိတ်စာက မှားပြီးရောက်ရှိလာတာများ အောက်မေ့မိတယ်။ အရင့်အရင်တုံးကလဲ ဒီလိုဘဲ တစ်ခြားဦးခွန်စိန်ဝင်းရဲ့စာ မှားပြီးရောက် ရောက်လာတာ အကြိမ်ကြိမ်မို့ ဒီတစ်ခါတော့ ကိုယ့်အိမ်ပေါ်ရောက်တဲ့ဖိတ်စာကို ကိုယ့်အတွက်ဖိတ်စာပဲလို့ ခံယူလိုက်တယ်၊ မှန်သွားတယ်။

၁၃၇၇ ခု နှစ်ဆန်း ၉ ရက် (ရှင်လောင်းလှည့်သည့်နေ့) မွန်းလွဲ ၁း၀၀ မှာ တောင်ကြီးမြို့နယ်က စထွက်တယ်။ ရတနာဆေးလိပ်ခုံ ပိုင်ရှင် ဦးခွန်သန်းရွှေရဲ့ကားနဲ့ပေါ့။ ကားမောင်းပေးသူ ကိုပြုံးရယ်၊ မင်းကွန်းကုသိုလ် ဖြစ်ဆေးခန်းက ဆရာဝန်ဒေါက်တာခွန်လှမောင်ရယ်နဲ့ အားလုံးမှ လေးရောက်ထဲ။

ဦးခွန်သန်းရွှေကတော့ ဘယ်ကသတင်းကြိုရထားလဲမသိပါ။ ကန်ကြီးရပ်ကွက်က ဂနိုင်ရေးရှိ PNA ဌာနချုပ်သို့ ဝင်ရောက်ပြီး ကားဝင်ခွင့်ရရှိရေး ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ လူကြီးမရှိဘူးဆိုလို့ မရလိုက်ပါဘူး။ ဒီလိုနဲ့ဘဲ ခရီးဆက်လိုက်ကြတာ မွန်းလွဲး ၂း၃၀ လောက်မှာ ကျောက်သလုံးကြီးမြို့ကို ရောက်ပါတယ်။ ယာဉ်ဝင်ခွင့် စစ်ဆေးတာမရှိလို့ ကံကောင်းတယ် ဆိုရမလားဘဲ။ ကားကို မြို့လယ်စေတီရဲ့ခြေရင်းမှာ ထိုးထားပြီး ဦးအောင်ခမ်းထီ နေအိမ်ဘက်သို့လမ်းလျှောက်သွားကြရတယ်။

မြို့အဝင်လမ်းမကြီးမှ ဦးအောင်ခမ်းထီအိမ်ရှိရာသို့ လမ်းခွဲတဲ့ လမ်းဆုံနေရာမှာ ယခင်က ညောင်ပင်ကြီးတစ်ပင် ရှိပါတယ်။ ယခုတော့ အဲဒီညောင်ပင်နေရာမှာ ဆင်ရုပ်ထုက ဘုရားစေတီဘက်ကို မျက်နှာမူလျှက် နေရာယူထားပြီး ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဆက်လျှောက်ရင်း ဦးအောင်ခမ်းထီ နေအိမ်သို့ ရောက်သွားခဲ့ပါတယ်။ အိမ်အဝင်ခြံဝမှာ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးခွန်သိန်းဖေနဲ့ တွေ့လို့ နှုတ်ဆက်ဖြစ်လိုက်တယ်။

ရှေ့က ကုသိုလ်ပါဝင်ကြမယ့်အဖွဲ့က အိမ်မဆန့်လောက်အောင် အင်အားများတာ တွေ့ရတယ်။ ဒါကြောင့် ဝေယျာဝစ္စအတွက် လာကူပေးသူ တောင်ကြီးမှ ဒေါ်နန်းအုန်းခင်က အိမ်ရဲ့အရှေ့ဘက်ရှိVIP အတွက်ဆိုတဲ့ နေရာကို ခေါ်သွားပေးတယ်။ PNO ရဲ့ GIC ဝန်ထမ်းများ တာဝန်ယူဧည့်ခံနေတာတွေ့ရတယ်။ ကျွန်တော်တို့လဲ VIP များ ဖြစ်သွားလေရောသလားပေါ့။

အကြွေးမွေးမှာ ပဲထွန်ဟင်းရည်၊ ဝက်သားမျစ်ချဉ်၊ ငါးခြောက်ဟင်းလေး၊ သရက်သီးထောင်း ခရမ်းချဉ် သီးသုပ်၊ ကြွေမှုန့်ကြော် စသဖြင့်ပေါ့။ ပအိုဝ်းတိုင်းရင်းသားရိုးရာဟင်းလား GIC ဟင်းလားဆိုတာကိုတော့ ကျွန်တော်မခွဲတတ်ဘူး။ ဇွန်းခက်ရင်းကတော့ GIC ကလို့ ပုဂ္ဂိုလ်တစ်ဦးပြောလို့ ကြားခဲ့ရတယ်။ ကျွန်တော်တို့စားဝိုင်းကို ဂရုစိုက်ပေးသူမှာ အင်းနီရွာသူ GIC က နန်းယုံ လို့ဘဲ မှတ်မိပါတယ်။

စားသောက်ပြီးလို့ ဦးအောင်ခမ်းထီအိမ်ဘက်သို့ ပြန်ဆင်းလာတယ်။ အစောက အိမ်ပေါ်တက်သွားတဲ့အဖွဲ့ မဆင်းလာသေးဘူး။ တော်တော်လေး စောင့်ယူရတယ်။ အဲဒီအဖွဲ့ ဆင်းသွားပြီးမှ အခြားရွာက အဖွဲ့နဲ့အတူ အိမ်ပေါ်တက်ပြီး ၁၀၀၀ ကျပ်နဲ့ ကျွန်တော်ကုသိုလ်ပါဝင်ခဲ့တယ်။

ဦးအောင်ခမ်းထီက ကုသိုလ်အမျှခွဲပေးပြီးနောက် အလာပသလာပ ပြောပါတယ်။ ဦးခွန်သန်းရွှေအား တွေ့ရတာဝမ်းသာကြောင်း၊ ညီလာခံက အညောင်းခံခဲ့တဲ့ဒဏ်ကို အရင်းခံ၍ ကျန်းမာရေးမကောင်းတော့ကြောင်း ပြောပြီး ဘယ်နှစ်ဦး၊ ဘယ်သူနဲ့လာတယ်အကြောင်းကို မေးပါတယ်။ ဒေါက်တာလှမောင်ကို သားသမီး ဘယ်နှစ်ဦး၊ ၎င်းတို့ရဲ့ပညာရေးအခြေအနေကို မေးပါတယ်။ အခြား ပုဂ္ဂိုလ်/အဖွဲ့တွေ ကုသိုလ်ပါဝင်ရန် ရှိတဲ့အတွက် ဦးအောင်ခမ်းထီနဲ့ စကားပြောတာရပ်နားပြီး အိမ်ပြင်ပသို့ထွက်ခွါခဲ့ပါတယ်။

နေအိမ်ဝိုင်းအထွက်မှာ ဦးခွန်သန်းရွှေက ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းနဲ့ မတ်တတ်ရပ်စကားပြောဖြစ်တယ်။ ပြီးမှ မြို့လယ်စေတီတော်ဘက်ကို ဆက်လျှောက်ပါ တယ်။ စေတီတော်ခြေရင်းမှာ တောင်ကြီး(စာ/ယဉ်) ဗဟိုအဖွဲ့နဲ့ဆုံတယ်။ ကျွန်တော်တို့ဘုရားတက်ဖူးတယ်။ ဘုရားရင်ပြင်ကအစ များစွာအကုန်ကျခံကာ သပ္ပါယ်စွာ ပြင်ဆင်လှူဒါန်းထားကြောင်း ဖူးတွေ့ရတယ်။

ရာသီဥတုကြောင့် ဘုရားရင်ပြင်မှာ ကြာကြာမနေတော့ဘဲ ပြန်ဖို့ဆင်းလာတယ်။ ဘုရားပွဲက မုန့်လေပွေအလား အောက်မေ့တယ်။ ၅၀၀ိ ဖိုး ၁၀ ချပ်တဲ့၊ ဒါတောင် ကိုပြုံး ဦးဆောင်ဝယ်ခဲ့လို့ ရတာ၊ မဟုတ်ရင် ကျွန်တော့်ကို ၈ ချပ်ဘဲပေးတယ်လေ။

အပြန်လမ်းမှာ မိုးရွာထားတော့ ကားကို လမ်းမချရဲတော့ဘူး။ ဒီလိုနဲ့ ညနေ ၅း ၀၀နာရီမှာ တောင်ကြီးမြို့ ဗန္ဓုလရုပ်ရှင်ရုံ အနောက်တောင်ဘက်ရှိ ဒေါက်တာခွန်လှမောင်ရဲ့ ကမ္ဘာကျော်ဆေးခန်းကို ပြန်ရောက်တယ်။ အဲဒီအချိန်ထိ ပွဲဖိတ်စာပါ အကြောင်းအရာကို ကျွန်တော်ဖတ်မိခြင်း မရှိသေးပါ။ ကုသိုလ်ပါဝင်ရမဲ့ မဏ္ဍပ်နဲ့ပွဲရက်ကိုသာ ဖတ်တယ်လေ။ ဟော… ၃၊ ၅၊ ၂၀၁၅ ရက်နေ့ထုတ် The People’s Voice ခမ်းသားင၀်းဂျာနယ်ကို ဖတ်ရတော့မှ ဖိတ်စာကို ပြန်ရှာဖတ်ရပါတော့တယ်။

အထူးသဖြင့် ပအိုဝ်းစာနဲ့ရေးထားတဲ့ ဖိတ်စာပါ အကြောင်းအရာကို ဖတ်တယ်။ တစ်ကြိမ် နှစ်ကြိမ် အကြိမ်ကြိမ်ဖတ်တယ်။ တစ်ရက် နှစ်ရက် ရက်တော်တော်များများဖတ်တယ်။ ဥာဏ်မှီသမျှတွေးကြည့် စဉ်းစားကြည့် ကောက်ချက်ချကြည်တယ်။ အော် ….. ဒီဖိတ်စာဟာ ဖိတ်စာဆိုခြင်းထက် ပအိုဝ်းအမျိုးသားများအတွက် လေးနက်တဲ့ ပဟေဠိစုတစ်ပုဒ်ဟု ဆိုခြင်းက ပိုသင့်လှပေတယ်လို့ မြင်သိသွားတယ်။ ဒါကြောင့် ပအိုဝ်းအမျိုးသားများ ဖတ်ရှုလေ့လာသုံးသပ်နိုင်ရန် တင်ပြလိုက်တယ်၊ အာရုံစူးစိုက်ကြကုန်လော့၊ မှန်ကန်စွာ နှလုံးသွင်းဖတ် ရှုကြကုန်လော့။

ဖိတ်စာပါ ပအိုဝ်းအမျိုးသားအတွက် ပဟေဠိအချက်ကို ပအိုဝ်းအမျိုးသားတို့ရှာတွေ့၍ ကျော်လွှားနိုင်ကြစေ။

No comments: