တောင်ကြီးမြို့တွင် နှစ် (၄၀) ပြည့် ပအိုဝ်းအာဇာနည်နေ့ ကျင်းပ

ခွန်ချန်ကီ | စက်တင်ဘာ ၂၆၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်


(ဓာတ်ပုံ: ခွန်ချန်ကီ)

၂၀၁၅ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ ဒဲဉ်သီးဗွေစင်မြင့်၌ ပအိုဝ်းလူမှုအဖွဲ့အစည်းများမှ နှစ်(၄၀)ပြည့် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဤအခမ်းအနား၌ မနက် ၆ နာရီ ၃၀ မိနစ်တွင် ဘဝပေးဆပ်လေပြီးသော ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်များအား ရည်စူး၍ သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာ ရေစက်ချအမျှဝေခြင်း ပြုလုပ်ခဲ့သည်။ 

အခမ်းအနားသို့ တက်ရောက်လာကြ သော လူအင်အား (၂၀၀) ကျော်က ဘ၀ပေးစပ်လေပြီးသော ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်များအား တစ်မိနစ်ငြိမ်သက် အလေးပြုခြင်း၊ ပအိုဝ်း အာဇာနည်နေ့အကြောင်း ဟောပြောခြင်း၊ အဖွဲ့အစည်းများမှ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ ပွဲဖြစ်မြောက်ရေးကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း ပြုလုပ်ပြီးနောက် အခမ်းအနားပြန်လည်ရုပ်သိမ်းခဲ့သည်ကို သိရသည်။

ခေတ်အဆက်ဆက်က ဖိနှိပ်ခံဘ၀မှ လွှတ်မြောက်ရေးအတွက် မှန်ကန်သော တော်လှန်ရေးမူဝါဒဖြင့် ပအိုဝ်းလူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြပေးခဲ့သော ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေသည် ၁၉၇၅ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် တောင်ကြီးမြို့နယ် ပင်တွန့်ရွာ၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်ဟု သိရသည်။ 

ယင်းသို့ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေ ကွယ်လွန်ပြီးနောက် ၁၉၇၆ ခုနှစ် ဇန္န၀ါရီလတွင် ဆီဆိုင်မြို့နယ်ရှိ လုံးဒါဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သော ပထမအကြိမ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ညီလာခံမှ ဖြားဗွာလှဖေ ကွယ်လွန်သောနေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် အားလုံးသဘောတူ သတ်မှတ်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ 

ဤပအိုဝ်းအမျိုးသားအာဇာနည်နေ့တွင် ပအိုဝ်းအမျိုးသားတစ်ရပ်လုံး ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်ကြီးတို့ မူဝါဒသဘောထားတို့ကို အစဉ်သတိပြုလျက် အလေးအမြတ် တန်ဖိုးထားရန်နှင့် တစ်မျိုးသားလုံး စည်လုံးညီညွှတ်ရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပအိုဝ်းအာဇာနည်နေ့ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်နှင့် ပတ်သက်၍
(က) အတိတ် ပအိုဝ်းအာဇာနည်များ၏ စွမ်းဆောင်ရည်များကို စံနမူနာယူလေးစားရေး
(ခ) ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်များကို ဆက်လက်ဖော်ထုတ် ဂုဏ်ပြုရေး
(ဂ) အတိတ် အာဇာနည်ခေါင်းဆောင်များနည်းတူ အနာဂတ်ပအိုဝ်းမျိုးဆက်သစ်လူငယ်ခေါင်းဆောင်များ ပေါ်ထွန်းလာအောင် ဖော်ထုတ်ရေး
(ဃ) အာဇာနည်နေ့နှင့် သက်ဆိုင်သော သမိုင်းကြောင်းများ သုတေသနပြုလုပ်ရေး
(စ) အာဇာနည်နေ့ကို နှစ်စဉ် အစဉ်အလာမပျက်ပြုလုပ်ရေး
(ဆ) ပအိုဝ်းအာဇာနည်ဗိမာန် ပီပီပြင်ပြင် ဖော်ထုတ်သတ်မှတ်ထိန်းသိမ်းရေး စသည်တို့ဖြင့် အခမ်းအနားစင်မြင့်ပေါ်မှ တင်ပြခဲ့ကြကြောင်း သိရသည်။

အထက်ပါ ရည်ရွယ်ချက်ကို စနစ်တကျအကောင်အထည်ဖော်နိုင်ရန် အောက်ပါရှေ့လုပ်ငန်းစဉ်များကို ဤအခမ်းအနားမှ ဆက်လက်ပြီး အောက်ပါအတိုင်း ချမှတ်တင်ပြသည်ကို သိရသည်။

(က) ပြုစုထားပြီးသော ပအိုဝ်းအာဇာနည်ခေါင်းဆောင်ကြီးများမှ ကျန်ရှိနေသေးသော အာဇာနည်ပုဂ္ဂိုလ်များ စာရင်းပြုစုရေး
(ခ) ထိုအာဇာနည်ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအကျဉ်း မှတ်တမ်းဓါတ်ပုံများရရှိအောင် စုဆောင်းဆောင်ရွက်ရေး
(ဂ) ကျန်ရှိခေါင်းဆောင်များ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းပြုစုရေး

(ဃ) တမျိုးသားလုံးအာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ရေးမှတ်တမ်းစာအုပ်ကို လာမည့် (၄၁) နှစ်မြောက်သော ပအိုဝ်းအာဇာနည်နေ့အမှီ ပုံနှိပ်ထုတ်ဝေရေး စသည့်လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ကြောင်း သိရသည်။

No comments: