(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို)စကားဝိုင်းနဲ့ ကျွန်တော်အမြင်

ခိုင်လင်း(မေဃ၀တီ) | ဇန်န၀ါရီလ ၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံအကြောင်းပြောရင် သမိုင်းကြောင်းတွေကို ချန်လှပ်ထားလို့မရဘူး။ အတိတ်သမိုင်းတွေရဲ့အမှားတွေ ၊ အမှန်တွေကို ပစ္စုပ္ပန် ကာလမှာ ကျွန်တော်တို့အနေနဲ့ မဖြစ်မနေ သုံးသပ်ဖို့အထူးလိုအပ်ပါတယ်။ ဒီ ပစ္စုပ္ပန်ကာလမှာ (Analysis)ခေါ်တဲ့ သုံးသပ်ချက်တွေဟာ အနာဂတ်လှပဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ နားလည်ပါတယ်။ ဒီသုံးသပ်ချက်အဖြေတွေ သမာသမတ်ကျလေ ပြဿနာတွေကို ဖြေရှင်းရ လွယ်ကူလေဘဲလို့ ယုံကြည်ပါတယ်။ သေချာတာတခုကတော့ သမာသမတ်ကျတဲ့ သုံးသပ်ချက်အဖြေတွေအတိုင်း ကျွန်တော် တို့ အလုပ်မလုပ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ပြဿနာတွေဟာ ဒီအတိုင်းဘဲ ဆက်ရှိနေပါလိမ့်မယ်။

ဆိုတော့ --- အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ်သာမဟုတ်ဘဲ စစ်မှန်တဲ့ ပြည်ထောင်စုပုံစံမျိုးဖြစ် အောင်လည်း မဖြစ်မနေတည်ဆောက်ရပါလိမ့်မယ်။ ဒီလို ဒီမိုကရေစီနိုင်ငံအဖြစ် ၊ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်တဲ့ နေရာမှာ ပဉ္စမမြန်မာနိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေ၊ခံယူချက်တွေ မထားဖို့အထူးလိုအပ်တယ်လို့ လေးလေး နက်နက် ပြောလိုပါတယ်။ ပဉ္စမမြန်မာနိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေ ၊ ခံယူချက်တွေဟာ ပင်လုံရဲ့ ကတိက ၀တ်တွေ ၊ သဘောတူညီမှုတွေကို တိုက်ရိုက် စိန်ခေါ်နေသလိုဖြစ်စေပါတယ်။ ပင်လုံရဲ့မူတွေ ၊ ပင်လုံရဲ့သဘောတူညီမှု ကတိက၀တ် တွေအတိုင်း ခေတ်သစ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ခံယူချက်တွေ၊ရည်ရွယ်ချက်တွေထားဖို့ ၊ အဲဒီ ရည်ရွယ်ချက်တွေ၊ ခံယူ ချက်တွေအတိုင်း ကျွန်တော်တို့ အလုပ်လုပ်ရင် ကျွန်တော်တို့ဖြစ်ချင်တဲ့ မြင်ချင်တဲ့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် ပြည်တွင်းစစ်ဟာ ချုပ်ငြိမ်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပဒေသရာဇ်ခေတ်ကတည်ဆောက်ခဲ့တဲ့ပထမမြန်မာနိုင်ငံတော်၊ဒုတိယမြန်မာနိုင်ငံတော်၊တတိယမြန်မာနိုင်ငံတော်သမိုင်းတွေဟာ သမိုင်းထဲမှာဘဲ ထားခဲ့စေချင်ပါတယ်။ အဲဒီပဒေသရာဇ်ခေတ်က တည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံတော်အ၀န်းအ၀ိုင်းထဲမှာ ရခိုင်၊ မွန်စတဲ့ အမျိုးသားတွေပါဝင်ခဲ့ခြင်းမရှိဘဲ သီးခြားနိုင်ငံတော်အဖြစ်တည်ရှိနေခဲ့ပါတယ်။ဒါကြောင့် (၁၁)ရာစု၊(၁၅)ရာစု၊(၁၈)ရာစုမှာတည်ဆောက် ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်၊ဒုတိယမြန်မာနိုင်ငံတော်၊တတိယမြန်မာနိုင်ငံတော်နဲ့ ပင်လုံမှာ တည်ဆောက်ခဲ့တဲ့ ခေတ်သစ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တို့ဟာ သီးခြားစီဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ အဲဒီနှစ်ခုကို တခုတည်းအဖြစ်ပေါင်းစပ်ပြီး လုပ်ခဲ့တဲ့အတွက် ပြည်တွင်းစစ်ဟာ ရှည်လျှားခဲ့တယ်လို့ မြင်ပါတယ်။ ပဒေသရာဇ်ခေတ်က တည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံတော်များဟာ အင်အားရှိသူက အင်အားနည်းသူကို တိုက်ခိုက်သိမ်းပိုက်ပြီး တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ အဲဒီစနစ်မျိုးနဲ့ ဒီနေ့အချိန်မှာ တည်ဆောက်ရင် ပြည်တွင်းစစ်ဟာ ဘယ်တော့မှ ငြိမ်းမှာမဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ရှမ်း၊ကချင်စတဲ့ အမျိုးသားခေါင်းဆောင်များဟာ ပဒေသရာဇ်ခေတ်က တည်ဆောက်ခဲ့တဲ့ နိုင်ငံရေး စနစ်မျိုးကို ပင်လုံမှာ မြေမြှုပ်ပစ်ခဲ့ပါတယ်။ ပင်လုံဟာ စတုတ္ထမြန်မာနိုင်ငံတော်မဟုတ်ဘူး။ ပင်လုံဟာ ခေတ်သစ်ပြည်ထောင်စုမြန်မာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ အုတ်မြစ်ဖြစ်တယ်။ ညှိနှိုင်းသဘောတူညီမှုတွေ၊ကတိက၀တ်တွေနဲ့ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကို တည်ဆောက်ခဲ့တာဖြစ်တယ်။ အင်အားနဲ့သိမ်းပိုက်ခြင်းမျိုးမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာခဲ့တယ်။သွေးမြေမကျတဲ့ နိုင်ငံရေးစနစ်ဖြစ်တယ်။ ယဉ်ကျေးတဲ့နိုင်ငံရေးစနစ်ဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးဟာ ပင်လုံရဲ့နိုင်ငံရေးယဉ်ကျေးမှုမျိုးကိုမဖြစ် မနေ ပြန်လည်တည်ဆောက်ဖို့ အထူးလိုအပ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ဟာ ဒီနေ့အချိန်ထိ မဖြေရှင်းနိုင်ဘဲ ဆက်လက်တည်ရှိ နေခြင်းဟာ ပင်လုံရဲ့နိုင်ငံရေးယဉ်ကျေးမှု မဖွံ့ဖြိုးခဲ့ခြင်းရဲ့ ရလာဒ်လို့ဘဲမြင်ပါတယ်။ ပင်လုံရဲ့နိုင်ငံရေးယဉ်ကျေးမှုတွေအတိုင်း ၁၉၄၇ ခု နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာခဲ့ပေမယ့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဟာ အင်အားရှိသူက အင်အားမရှိသူကို လွှမ်းမိုးချုပ်ကိုင်ရေးဆိုတဲ့ ပဒေသရာဇ်နိုင်ငံရေးစနစ်ကို ကျင့်သုံးဖို့ မောင်းနှင်ခဲ့တဲ့အခါ ပြည်တွင်း စစ်ဟာ အတောက်လောင်ဆုံးသော ကာလကို တွန်းပို့ခဲ့သလိုဖြစ်စေခဲ့ပါတယ်။ ဆိုတော့ --- ၁၉၇၄ ခုနှစ် နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုအမည်ခံ တပြည်ထောင်စနစ်နဲ့ ပဒေသရာဇ်ခေတ်က တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊တိယမြန်မာနိုင်ငံတော်တွေနဲ့ ဆက်စပ်ပြီး စတုတ္ထစစ်အင်ပါယာကို တည်ထောင်ခဲ့တယ်လို့ ပြောရမှာဖြစ် ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ပင်လုံရဲ့နိုင်ငံရေးယဉ်ကျေးမှုကို မြေမြှုပ်ပစ်လိုက်ပြီး ပဒေသရာဇ်ခေတ်က သွေးမြေကျတဲ့ နိုင်ငံရေးစနစ်ကို ပြန်လည်ကျင့်သုံးလာခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်က နိုင်ငံရေးစနစ်ဟာ လွတ်လပ်ရေးရဲ့ဖွားဖက်တော် ပြည်တွင်း စစ်ကို လုံးဝငြိမ်းသတ်နိုင်မှာ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။

ဒါကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ပင်လုံရဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေးစနစ်ကို မဖြစ်မနေ ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။ ပြီးတော့ ပင်လုံ ကတိက၀တ်တွေအတိုင်း တည်ဆောက်ခဲ့တဲ့ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ဆောက်နေတယ်ဆို တာကို ယုံကြည်ထားဖို့၊ခံယူထားဖို့ အထူးလိုအပ်ပါတယ်။ ဒါမှလည်း ပဒေသရာဇ်ခေတ်က တည်ဆောက်ခဲ့တဲ့ တပြည်ထောင် ပထမ၊ ဒုတိယ၊တတိယမြန်မာနိုင်ငံတော်နဲ့ ကွားပြားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ အင်အားနဲ့ သိမ်းပိုက်ပြီး တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ ဒီတော့ အနာဂတ် ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လည်တည် ဆောက်ရေးမှာ ပင်လုံမှာ အုတ်မြစ်ချခဲ့တဲ့ နိုင်ငံရေးအရတန်းတူတဲ့၊ ပြည်နယ်တိုင်းတန်းတူအဆင့်မျိုးနဲ့ ပြည်ထောင်စုကို တည်ဆောက် သင့်တယ်လို့ မြင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် သီးခြားနိုင်ငံငယ်လေးတွေ တည်ဆောက်နိုင်တဲ့ အခွင့်အရေးတွေကို ပယ်ဖျက်ပြီး ပြည်ထောင်တွေ စုပေါင်း ထားတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုပြီး ပင်လုံမှာ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အဖြေရှာနိုင်ခဲ့ပါတယ်။ အဲဒီ ပင်လုံရဲ့ အဖြေ ကြောင့် ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော် တည် ဆောက်ရေးမှာ ဗမာပြည်ကို အခြားပြည်နယ်များလို ပြည်နယ်တခုအဖြစ်ဖွဲ့စည်းပြီး နိုင်ငံရေးအရတန်းတူခွင့်ကို ပေးဖို့လိုအပ်ပါတယ်။ ပြည်နယ်တိုင်းဟာ ငယ်သည်ဖြစ်စေ၊ကြီးသည်ဖြစ်စေတူညီတဲ့ကိုယ်စားပြုမှုတွေနဲ့အမျိုးသားလွှတ်တော်ကိုတည်ဆောက်ပေးပြီး နိုင်ငံရေး အရတန်းတူမှုကို လက်တွေ့ပြသဖို့လိုအပ်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးရဲ့ အဖြေလို့ သုံးသပ်မိပါတယ်။ ။

No comments: