ရေရှည်အတွက် ရေအရင်းအမြစ်ကို ထိမ်းသိမ်းကြစို့

ဆောင်းပါး | ခွန်သန်းအောင် (တောင်ကြီး) | ဖေဖေါ်ဝါရီ ၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

အရှေ့တောင်တန်းနှင့် အနောက်တောင်တန်း နှစ်သွယ်ကြား ရှင်သန်နေလျက်ရှိသည့် သဘာဝအင်းလေးကန်သည် ရှမ်းပြည်နယ်အပြင် မြန်မာနိုင်ငံအနှံ့အပြားက အမှီပြုနေရသည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ အသုံးပြုနေသည့် လျပ်စစ်မီးသည် လောပီတရေအားလျပ်စစ်မှ ရရှိခြင်းဖြစ်သည်။ လောပီတရေအားလျပ်စစ်သည် အင်းလေးကန်မှတဆင့် ဖြစ်တည်လာရခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ်းပြည်သူ ပြည်သားများသာမက မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးတို့သည် အင်းလေးကန်ကို တန်ဖိုးထားရန် လိုအပ်ပေသည်။ အင်းလေးသဘာဝရေကန် မပျက်စီး၊ မညစ်ညမ်းစေရန် ထိုပုဂ္ဂိုလ်များအားလုံး တာဝန်ရှိသည်။ တာဝန်သိတတ်ဖို့လိုသည်။

ယခု တည်ဆောက်နေလျက်ရှိသည့် အင်းလေးကန်အရှေ့ဘက် တောင်ခြေဟိုတယ်ဇုံနှင့် အင်းလေးကန်အတွင်း ဟိုတယ်များသည် အင်းလေးကန် ရေရှည်တည်တံ့နိုင်ရေးအတွက် ကောင်းကျိုးပြုမည်လော့။ ဆိုးကျိုးပြုမည်လော့။ အင်းလေးကန်၏ သာယာလှပမှုကြောင့် ခရီးသွားလုပ်ငန်းဖြင့် စီးပွားရေးအခွင့်အလမ်းများ ရှိနေခြင်း၊ အကျိုးပြုနိုင်ခြင်းကို သိမြင်နေကြရသည်။ ထိုသို့ပင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အင်းလေးကန်၏အလှ မပျက်စီး၊ မညစ်ညမ်းစေရေး၊ ရေရှည်ထိန်းသိမ်းနိုင်ရေးကိုလည်း လျစ်လျူရှု၍ မရသည့်အချက်ပင် ဖြစ်သည်။ ဤသို့မှသာ အင်းလေးကန်သည် ရေရှည်တည်တံ့ပြီး၊ စီးပွါးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ရေရှည် လျောက်လမ်းနိုင်မည် ဖြစ်သည်။

ယခင် တောင်ကြီးမြို့ မစည်ကားသေးသည့်အချိန်တွင် ယခု မင်္ဂလာဦးရပ်ကွက်နှင့် မြေဖြူရပ်ကွက် နေရာတချို့တို့သည် စိမ့်ရေများထွက်ရာ လက်ဖြင့် ခတ်ယူ၍ ရသည့်အနေအထားအထိ သောက်သုံးရေ ပေါများခဲ့သည်။ အ၀ီစိရေတွင်းများ တူးဖော်ခြင်း မရှိသေးပါ။ ယခုနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် အ၀ီစိတွင်းများ တူးဖော်အသုံးပြုမှု များပြားလာသည်ကို တွေ့ရသည်။ လူဦးရေ တိုးများလာသည်နှင့်အညီ ရေပိုမိုသုံးစွဲရန် လိုအပ်လာခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ရာတွင် ရေပိုမိုသုံးစွဲရခြင်းနှင့် ကမ္ဘာမြေကြီး ပူနွေးလာမှုကြောင့် ရေရှားပါးလာရသည်။

လတ်တလောတွင် ရေကိုလွယ်ကူစွာ ရယူနိုင်ရန် အ၀ီစိတွင်းတူး၍ အသုံးပြုကြသည်။ အ၀ီစိတွင်း တူးခြင်းသည် မြေအောက်ရေနှင့် ရေအရင်းအမြစ်များကို ပိုမိုထုတ်ယူသုံးစွဲသည်။ မြေအောက်ရေကို ထုတ်ယူသုံးစွဲသူ များပြားလာမှုကြောင့် မြေအပေါ်ယံ ရေများ၊ ရေစိမ့်ရေထွက် အမြစ်များ ပြတ်တောက်၍ ရေခန်းခြောက်လာရသည်။ ယခင် စိမ့်ရေထွက်ရာ မင်္ဂလာဦးရပ်နှင့် မြေဖြူရပ်တို့သည် ယခုအခါ ပေ ၁၈၀ မှ ၂၀၀ အထက်ဝန်းကျင်ခန့် တူးဖော်မှ ရေရရှိနိုင်တော့သည့် နေရာဖြစ်လာသည်။ ထိုသို့ အ၀ီစိတွင်း အများအပြား တူးဖော်လာမှုကြောင့် နောက်အနာဂတ်အတွက် ရေရှားပါးမှု ပိုမိုကြုံတွေ့လာနိုင်ခြေရှိသည်။

မိသားစုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အချိန်အများစုကို ပေးဆပ်ကြရသည်။ အ၀ီစိတွင်း တူးခြင်းမှလွဲ၍ သဘာဝသစ်တောများကို ထိန်းသိမ်းပြီး စိမ့်ရေထွက်ရေများကို သွယ်တန်းလာခြင်း၊ မိုးရေများ သိုလှောင်၍ နွေရာသီအတွက် အသုံးပြုခြင်းနှင့် အခြားနည်းလမ်းများဖြင့် ရေရရှိနိုင်ရန် အချိန်ပေး လုပ်ဆောင်ခြင်းမှာ အနည်းအကျဉ်းမျှသာ ရှိသည်။ ထို့ကြောင်း လူအများစုတို့သည် မျက်မှောက်ဘ၀ကာလ အရေးပေါ်အခြေအနေကို ကုစားရန် အ၀ီစိတွင်းတူး၍ ရေကိုလွယ်လွယ် ရယူအသုံးပြုကြသည်။

မြန်မာပြည်သည် မြန်မာပြည်သူပြည်သားများက နေထိုင်ကြသည်။ ရှမ်းပြည်သည်လည်း ရှမ်းပြည်ရှိ ပြည်သူပြည်သားများက ရေရှည်နေထိုင်သွားကြရမည် ဖြစ်သည်။ တောင်ကြီးမြို့သည်လည်း တောင်ကြီးမြို့ပေါ်ရှိ မြို့သူမြို့သားများနှင့် သက်ဆိုင်သည်။ ကျွန်တော်တို့ နေထိုင်သော တိုင်းပြည် မြို့ရွာ ရေရှည်တည်တံ့ရေးနှင့် မြို့သူမြို့သားများ လူနေမှုဘ၀ ဖူလုံရေးအတွက် ရေအရင်းအမြစ် ရေရှည်တည်ရှိနေရန် လိုအပ်သည်။ ထိုပြည်ရှိ ပြည်သူပြည်သား မြို့သူမြို့သားများ၏ တာဝန်ဖြစ်သည်။

ရေအရင်းအမြစ်ကို ထိုသို့အသုံးပြုရာတွင် အချိန်တိုအတွက်နှင့် အရေးပေါ်ကာလမှာသာ အဆင်ပြေစေနိုင်သည်။ အမှန်တကယ်အရေးကြီးသည်မှာ ရေရှည် အနာဂတ်ကာလတွင် ရေအရင်းအမြစ် မရှားပါးရန် အလွန်အရေးကြီးသည့်အချက် ဖြစ်သည်။ ဤသို့ အရေးပေါ်ပြဿနာနှင့် အရေကြီးပြဿနာဟု နှစ်ရပ်ရှိပြန်သည်။ အရေးပေါ်ပြဿနာကို ဖြည့်ဆည်းရင်း အရေးကြီးပြဿနာကိုလည်း တဆက်တည်းထိန်းသိမ်းသွားနိုင်ရန် လိုအပ်ပေသည်။

တွေ့သမျှအစာကို အသင့်အသင့်သာစားပြီး ကျန်ရှိသည်များကို သားသမီးများအတွက်သော် လည်းကောင်း၊ မနက်ဖြန်ဆိုသည့် နောင်ရေးအတွက်သော်လည်းကောင်း ကြိုတွေးစဉ်းစားကာ ချန်လပ်စုဆောင်းပေးတတ်သည့် ပျားသတ္တ၀ါရှိခဲ့ဖူးသည်။ တွေ့ရှိသမျှအစာကို အခြားတပါး လုယူမည်စိုးရိမ်၍ သားသမီးများအတွက် သော်လည်းကောင်း၊ မနက်ဖြန်ဆိုသည့် နောင်ရေးအတွက်သော်လည်းကောင်း မစဉ်းစားမတွေးတောဘဲ ကုန်စင်အောင်စားတတ်သည့် ယင်ကောင်သတ္တ၀ါလည်းရှိခဲ့ဖူးသည်။

ထို့နည်းတူ လူသားများအတွက် နောင်ရေးရေရှည်အကျိုး အကျိုးပြုစေရန် နောင်ရေးအတွက် မစဉ်းစားတတ်သည့် ယင်ကောင်လို မကျင့်ကြံပဲ၊ နောင်ရေးနှင့် သားသမီးများအရေးကို ချဉ်လပ်စုဆောင်းပေးတတ်သည့် ပျားသတ္တ၀ါတို့လို အတုယူကျင့်ကြံကြရန် အစဉ်လိုအပ်ပေသည်။

No comments: