သင်ခန်းစာထဲက ရတနာသိုက်

ဆောင်းပါး | ခွန်သန်းအောင် (တောင်ကြီး) | ဇန်န၀ါရီလ ၂၈ ရက်၊ တောင်ကြီးတိုင်းမ်

လှပသည့်တောင်ပေါ်မြို့ဆိုပြီး တောင်းကြီးမြို့သည် အေးချမ်းသော တောင်ပေါ်မြေ အနောက်တောင် လေညှင်းပြေပြေရှု့သည့် ရှမ်းပြည်၏ ရှု့ခင်းမြို့တော်ဖြစ်သည်။ အရှေ့တောင်တန်းနှင့် အနောက်တောင်တန်း နှစ်သွယ်ကြားမှ လှပစွာနဲနှင့် ရှင်သန်လာခဲ့သည့် မြန်မာ့နိုင်ငံဂုဏ်ဆောင် သဘာဝအင်းလေးကန်လည်း တည်ရှိနေသည်။ အခြား ပင်းတယလှိုင်ဂူ၊ ထန်စန်းဂူနှင့် ကက္ကူဘုရား စေတီများသည်လည်း ပြည်တွင်းပြည်ပ ရွေဧည့်သည် မိတ်ဆွေတော်များအား အလည်ပျော်ရန် စွဲဆောင်နိုင်သော သဘာဝရှု့ခင်းအပြည့် ဆောင်ကျဉ်းပေးသည့် နေရာများဖြစ်သည်။

ထိုထိုသော သဘာတရား အလှအပများသည် နေ့လနှစ်များ ကြာရှည်စွာ တည်တံ့ရှင်သန်စေလိုပါသည်။ ၀ိသမလောဘလူသားတို့၏ နှောက်ယှက်ဖျက်ဆီးခြင်း မလွတ်ကင်းမည်ကို စိုးရိမ်မိပါသည်။

သူငယ်တန်းမှ တက္ကသိုလ်ဘွဲ့ရပြီးအထိ ပညာသင်ယူလာသည်မှာ “မြန်မာနိုင်ငံသည် သဘာသယံဇာတ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်” ဆိုသည့်စာကို အတန်းတိုင်းလိုလိုတွင် မှတ်သားကျက်မှတ်ထားခဲ့ဖူးပါသည်။ ထိုစာသားများကို ဖတ်မှတ်ကျက်ရသောအခါ တိုင်းဝမ်းသာပီတိ ဖြစ်မိသည်။

အဘယ်ကြောင့် ၀မ်းသာပီတိ ဖြစ်ရပါသနည်း။ တကယ့်အမှန်ပင် သဘာဝသယံဇာတ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ရသည်မှာ ကိုယ့်ကိုယ်ကိုဂုဏ်ယူခဲ့မိသည်။ သယံဇာတပေါကြွယ်သည့် နိုင်ငံမြေထဲတွင် မွေးဖွားပြီး သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံမြေကို ပိုင်ဆိုင်ခွင့်ရသော မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်လို့ပင်ဖြစ်သည်။

ထိုနည်းတူ သဘာဝအလှတရားများဖြင့် ဝေဆာတည်ရှိနေသည့် ဌာနေရှမ်းပြည်သား တစ်ယောက် ဖြစ်ရသည်ကိုလည်း ပျော်ရွင်ကြည်နူးမိသည်။ ဂုဏ်ယူမိသည်။ သို့သော် သဘာဝအလှ တရားများသည် သဘာဝသယံဇာတ၏ ရင်ခွင်တွင် ရှင်သန်နေရခြင်းဖြစ်သည်။ လောဘသားကောင်တို့၏ ပယောဂကို ညို့ခံမိသော သယံဇာတသည် သူ့ရင်ခွင်၏ အလှတရားများအား မဆင်ခြင်နိုင်၊ မငဲ့ညှာနိုင်မှာကို စိုးရိမ်မိသည်။

ယခုအချိန်တွင် ပညာသင်ရွယ် ကျောင်းသားဘ၀ပြီးမြောက်လာ၍ ကိုယ့်ဝန်ကိုယ်ထမ်း နေရသည့် ဘ၀အခန်းကဏ္ဍကို လျောက်လှမ်းနေရသည်။ လုပ်ငန်းရှိနေရာကို သွားနေရပါသည်။ မိတ်ဆွေများ ရှိလေရာကိုလည်း အလည်သွားရင်း ရောက်လေရပါသည်။ သွားလေရာ ရောက်လေရာ နေရာတကာတွင် လူသားတို့ ဖန်ဆင်းပြုလုပ်၍ မရသည့် အနှိုင်းမဲ့ တောင်သွယ်တောင်တန်းပြာကြီးနှင့် သဘာဝအရင်းအမြစ်များကို လုယက်ဖျက်ဆီးမည့် သားကောင်များအား မွေးနေသည်ကို မြင်တွေ့ နေရပါသည်။ လုပ်နေလျက် တန်းလန်းများကိုလည်း တွေ့မြင်ရသည်။

တောင်ကြီးမြို့အရှေ့ဘက် ၆ မိုင်အကွာ ဒေသတလျောက်၌ ယခင်အချိန်တွင် သဘာဝ တောတောင်များဖြင့် စိမ်းလန်းစိုပြေသည့် နယ်မြေဒေသဖြစ်သည်။ ပင်းပက်စက်ရုံ ရောက်ရှိလာပြီးနောက် နွေရာသီ၊ ဆောင်းရာသီများတွင် ဖုံနှင့်စက်ရုံမှ အခိုးအငွေ့များ တဟုန်းဟုန်း ထပါတော့သည်။ မိုးရာသီမှာလည်း စက်ရုံမှစွန့်ပစ်သော သံချေးသံစသံရည်များ၊ စက်ရုံမှ မလိုအပ်သော စက်ဆီအညစ်အကြေးများ ရေတွင်စီးပါလာကာ အနီးရှိရွာများ စိုက်ပျိုးရေရော သောက်သုံးရေ အတွက်ပါ ဒုက္ခတွေ့ရပါတော့သည်။

တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုရှိ ကျေးရွာအများစု၏ လုပ်ကိုင်ကျက်စားရာ တောင်ယာလယ်ယာမြေများသည် ယခုအချိန်တွင် ပင်းပက်စက်ရုံ၏ လုပ်ငန်းခွင်အတွက် မြေဧရိယာဖြစ်နေရပါသည်။ ထိုသို့လယ်ယာမဲ့ လက်လုပ်မဲ့ဖြစ်သွားသည့် ဒေသခံတောင်ယာ စိုက်သမားအများစုအတွက် ယခုအချိန်တွင် မည်သည့်လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေကြသနည်း။ သမာအာဇိဝအလုပ်ဖြင့် ရပ်တည်နေကြသလား။ သို့မဟုတ် မသမာမှုနည်းကို ကျင့်စွဲသွားသည့်နိုင်ငံသားများ ဖြစ်နေပြီလား။ စဉ်းစားစရာများ ဖြစ်နေသည်။

ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ တောင်ကြီးမြို့သည် တစ်နေ့ထက်တစ်နေ့ မြို့နယ် နိမိတ်သည် ပို၍ပို၍ ကျယ်လာသည်။ တစ်ချိန်တည်းမှာပင် ဆီဆိုင်၊ ဆိုက်ခေါဝ်၊ ဘန်းယေန်လမ်း၊ လွိုင်လင်၊ မိုင်းပွန်လမ်းနှင့် တောင်ကြီးလမ်း ထိုလမ်းသုံးလမ်းဆုံ၍ အချက်အချာကျရာ နေရာဖြစ်သည့် ဟိုပုံးမြို့သည်လည်း ဖွံ့ဖြိုးတိုးတက်လာနေသည်။ တောင်ကြီးမြို့နှင့် ဟိုပုံးမြို့၏ ဖွံ့ဖြိုးမှုနယ်နိမိတ်သည် တနေ့တခြား ကျယ်ပြန့် ကြီးမားလာနေသည်။ မကြာမှီအချိန်တွင် မြို့နှစ်မြို့၏ လမ်းမကြီးတလျောက် မြို့ချင်းဆက်လာနိုင်သည့် အနေအထားတွင် ရှိနေသည်။ ထိုမြို့နှစ်မြို့၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် ပင်းပက်စက်ရုံ၏ အန္တရာယ်ဘေးတွင် ရှိနေသည်။

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအတွင်းရှိ တီကျစ်စံပြကျေးရွာတွင်လည်း အေဒင်ကုမ္ပဏီ၏ ကျောက်မီးသွေးစက်ရုံစီမံကိန်းကြောင့် ဒေသခံများ၏နေအိမ်များ၊ ရပ်ရွာများ ပြောင်းရွေ့ခံရသည်။ နှစ်ပေါင်းရာကျော် သက်တမ်းရှိသည့် ဒေသခံရွာများ၊ စေတီပုထိုးများသည် ယနေ့အချိန်ခါမှ နယ်ခြားပြည်ခြားက ရောက်လာသော ပုဂ္ဂိုလ်တစ်ဦးတစ်ဖွဲ့၏ အလိုအရ ရွေ့ဖယ်ပေးရသည်။ လုပ်ကိုင်ကျက်စားနေသည့် တဖက်က တောင်ယာခြံများကို ကျောက်မီးသွေးတူးဖော်၍ တောင်ယာခြံများ ပျက်စီးဆုံးရှုံးရသည်။ ထိုတူးဖော်ရေးလုပ်ငန်းမှ ထွက်လာသော မြေစာများကို ကျန်တဖက်မှ လယ်ယာမြေများအပေါ် ဖို့ချ၍ တောင်ယာမြေရော လယ်ယာမြေများအပါ အကုန်အကုန်ဆုံးရှုံးရသည်။ စိမ်းစိုနေသည့် တောင်ယာစိုက်ခင်း၊ လယ်ယာစိုက်ခင်းများသည် မြေနီချိုင့်ခွက်များ ဖြစ်နေရပါပြီ။

ယခုအခါတွင် ဒေသခံများ၏ စိုက်ပျိုးမြေများသည် ကျောက်မီးသွေးတူးဖော်တွင်းများ ဖြစ်နေ ရပါသည်။ တီကျစ်ဒေသခံများ၏ အမြတ်တနိုး တန်ဖိုးထားလာသည့် ရှေ့ဟောင်းစေတီပုထိုး များလည်း ပြိုကျပျက်စီးနေရပါသည်။ ကျောက်မီသွေးတွင်း၊ ကျောက်မီးသွေးစက်ရုံသည် လူနေရပ်ကွက်များနှင့် ထိစပ်နေ၍ ဒေသခံများ ကျောက်မီးသွေးမှ အနံ့အမှုန်များကို နေ့စဉ်နေ့တိုင်း ရှုရှိုက်နေရပါသည်။

ကျောက်မီးသွေးတူးဖော်ရန် နေရာသည် တောင်ပို့လ (မြစိမ်းတောင်) ရွာနှင့် လဲုင်းခါရွာများ တည်ရှိနေ၍ တောင်ပို့လရွာသည် တီကျစ်ဒေသနှင့် ဝေးလံသည့်တောင်စောင်းတစ်နေရာတွင် ပြောင်းရွေ့ရွာတည်ခဲ့ရသည်။ တောင်ပို့လရွာနှင့် ပင်မီးကုန်းရွာရှိ ရွာသူရွာသားများသည် တီကျစ်ဈေးသို့ သွားလာသည့်အခါတိုင်း ထိုကျောက်မီးတွင်း၊ ကျောက်မီးသွေးချောက်၊ မြေစာပုံ၊ ကျောက်မီးသွေးပုံများကြားမှ ဖြတ်သန်းသွားရသည်။ ထိုရွာရှိ ပညာသင် ကျောင်းသားလူငယ်များသည် ထိုအန္တရာယ်များအကြား နေ့စဉ်ဖြတ်ကျော်ပြီး တီကျစ်သို့ ကျောင်းတက်ရပါသည်။

နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခု၏အနာဂတ်သည် ထိုလူငယ်များဖြစ်သည်။ နိုင်ငံ၊ ဒေသတစ်ခု၏ အနာဂတ်လူငယ်များသည် ၀ိသမလောဘသမားတို့၏ အဆိပ်ကို အလူးအလဲ ခံနေရပါသည်။ ခက်ခက်ခဲခဲ ရှင်သန်နေရပါသည်။

ကျောက်မီးသွေးစက်ရုံမှ ရေတွင်မျောပါလာသော ကျောက်မီးသွေး အညစ်အကြေးရေများသည် ကျန်အခြားလယ်ယာထဲသို့ စီးဝင်လာပါတော့သည်။ ကျောက်မီးသွေးရေများ လယ်ယာထဲ ထိုသို့အများအပြား ဆက်လက်စီးဝင်နေပါက နောက်နှစ်အနည်းငယ်ကြာလာသည့်အခါ ထိုလယ်ယာများသည် ပျက်စီးလာနိုင်ဖွယ်ရှိသည်။ ဒေသခံတစ်ခုလုံးရှိ အများပြည်သူတို့၏ ရေရှည်ဘ၀ဖူလုံရေးသည် နယ်ခြားတစ်ပါးသူ၏ လုယက်ခြင်း၊ ချိုးဖောက်ခြင်းကို ခံနေရသည်။

တဖန် ဟိုပုံးမြို့ အရှေ့တောင်ဘက် (၇) မိုင်ခန့် ဝေးသော တောင်တန်းများကြားတစ်နေရာ၊ ဗန်းဗေင်ရွာနှင့် ခြင်းကုန်းရွာများ တောင်ဘက်တွင် ခနောက်စိမ်းတူးဖော်ရေး စီမံကိန်းစက်ရုံ တည်ရှိနေပါသည်။ ထိုစက်ရုံ၏ တူးဖော်ရေးစီမံကိန်း အများအပြား ချဲ့ထွင်မှုကြောင့် ပတ်ဝန်းကျင်ကျေးရွာများ အခက်အခဲမြှောက်များစွာ ကြုံတွေ့နေရပါသည်။

စိမ်းလန်းသာယာနေသည့် တောင်တန်းများလည်း သွေးနီယိုနေသည့် တောင်တန်းများ ဖြစ်နေရပါသည်။ ခနောက်စိမ်းများကို အဖန်ဖန်သန့်စင်မှု ပြုလုပ်ရန် စက်ရုံလည်သည့်အခါတိုင်း ထွက်လာသော အခိုးအငွေ့များ ပတ်ဝန်းကျင်ရွာများကို ပျံ့လွင့်ပြန့်ကျဲနေပါတော့သည်။ ဒေသခံများ စိုက်ပျိုးသည့် ကြက်သွန်၊ မုန်ညင်းအမျိုးမျိုး၊ ပဲအမျိုးမျိုး စသော ဟင်းသီး ဟင်းရွက်များကို သန့်စင်မှုပြုလုပ်၍ ထွက်လာသော ညစ်ညမ်းရေများ ရောနှောမျောပါလာသည့် ရေများဖြင့် ပက်လောင်းနေရပါသည်။

နေရာအတော်များများတွင် ယခုကဲ့သို့ ကြုံတွေ့လာသည်မှာ ငယ်စဉ်ကျွန်တော်တို့ သင်ခဲ့ရသည့် အတန်းထဲမှ သင်ခန်းစာအတိုင်းမဟုတ်တော့ပါ။ မြန်မာနိုင်ငံသည် သယံဇာတ ပေါများကြွယ်ဝသည်။ ထိုစာများသည် သင်ခန်းစာထဲမှ ရတနာသိုက်ပင် ဖြစ်သည်။ ထိုသယံဇာတများအား ရေတစ်စက်ပမာ ခံစားခွင့်မရှိကြပါ။ သယံဇာတက ကိုယ့်အိမ်အောက်၌ ရှိသည်ကို ကံကောင်းမည်အထင်နှင့် ကံဆိုးမိုးမှောင်နေရသည့် ရာဇာဝင်လည်း မနည်းတော့ပါ။ အချိန်မရွေး အိမ်ထူပြီး ပြေးနေရပါသည်။

1 comment:

Coolpax said...

Good article. Continue to write. Padaung Pay, Pascal Khoo-Thwe