PNO ကို အလွဲသုံးစားလုပ်နေတဲ့ တချို့  PNO
အော် .... ကျနော်တို့  ပအိုဝ်းအမျိုးသားရဲ့  PNO... ခင်ဗျားတို့ ကို ကျနော်နဲနဲတောင်းဆိုချင်ပါတယ်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တက်စ ကျနော်တို့ ပအိုဝ်းပြည်သူ\သားတွေကို နဲနဲလောက် ငုံ့ ကြည့်ပေးပါအုံးလား ... ငဲ့ညှာပြီးတော့ တချိန်က ထမင်းရှင်တွေကို တလုပ်စားသူ့ ကျေးဇူးတွေကို ပြန်သိတတ်ပေးပါအုံးလား .....
စစ်ဝတ်စုံ မပြည့်တပြည့်၊ လက်ထိပ်တွေလဲ ကိုင်တတ်လာ၊ ဟိတ်ဟန်တွေနဲ့  ခြိမ်းခြောက်တတ်တဲ့ အမူအကျင့်တွေကို ပြုပြင်ပေးပါအုံးလား... အောက်ခြေရဲဘော် ပြုသမျှ မသိသလို အသာနေ အထက်မှာနေပြီးတော့ "ငါတို့ ပြုပြင်ပြောင်းလဲနေပါပြီ" လို့  ဆိုနေတာတွေကို စကားချည်းနဲ့ မပြောပဲ အောက်ခြေရဲဘော်တွေကို ထိန်းကျောင်းပြုပြင်ပြပြီးတော့ အလုပ်နဲ့  သက်သေပြပေးပါလား....မျိုးချစ် ပြည်သူ့ စစ် PNO ကို ကျနော်မြင်ချင်သေးလို့ ပါ ...
အမှောင်ပိတ်ခံ ဘ၀ထဲမှ စလွတ်လာခဲ့တဲ့ ကျနော်တို့  ပအိုဝ်းပြည်သူ\သားတွေကို သူတို့ နားမ လည်သေးတဲ့ ခေတ်သစ် ဒီမိုကရေစီကျင့်စဉ်တွေကို မျက်ကွယ်ပြုပြီး ခေတ်ဟောင်းမူတွေနဲ့  တပတ်ရိုက်တာတွေ လျှော့ပေးပါအုံးလား .... မျိုးချစ် PNO နာမည်ကို ခုတုံးလုပ်ပြီး  ကျနော်တို့  ပအိုဝ်းပြည်သူ\သားတွေကို ရိုက်စားသွားတာလေးတွေ ရှိနေသေးလို့ ပါ ....
သူများရဲ့  မသိနားမလည်မှုဆိုတဲ့ အားနည်းချက်ကို အခွင့်ကောင်းယူ၊  ဒီမိုကရေစီစနစ်အရ လုပ်ပိုင်ခွင့်ရှိ\မရှိကိုလဲ မသိတာလား ... သိရက်နဲ့ လုပ်တာလား .... လာဘ်ပေးလာဘ်ယူဆန်ဆန် အကူအညီတွေတောင်း၊ အာဏာကို အလွဲသုံးစားလုပ်နေတဲ့သူတွေ၊ PNO ထဲမှာရှိနေသေးတယ်ဆိုတာကို PNO လူကြီးတွေနဲ့  စာဖတ်သူတွေကို သိစေချင်လို့ ပါ.....
ကျနော် ဒီစာကိုရေးဖြစ်ခဲ့ တာ၊ ဒီအတွေးတွေ ဒီခံစားချက်တွေ ဖြစ်ပေါ်လာစေခဲ့တာက (၂၄/၁၀/၂၀၁၂) ရက်နေ့ ၊ နေ့ လည် (၃း၀၀) ၀န်းကျင်ခန့် က  ဆိုက်ခေါင်စံပြကျေးရွာမှာ ဖြစ်ပျက်ခဲ့တဲ့ မျက်မြင်အဖြစ်အပျက်လေး တခုကြောင့်ပါ ... ဒီပြသာနာအရင်းခံက ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ၆ လပိုင်းလောက်က ဆိုက်ခေါင်အနောက်ဖက်၊ တောင်းတီရွာမှာ လူငယ်သဘာဝအရ နားလည်မှု ကွဲလွဲရာမှ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကိစ္စရဲ့  နောက်ပိုင်းအကျိုးဆက်တွေပါ....
ထိုလူငယ်တို့ကြောင့် ဖြစ်ပွားခဲ့ တဲ့ကိစ္စကို အခွင့်ကောင်းယူပြီး
၁) ဦးခွန်ထွက်ထီး (အွိုင်းပုံလောဝ်. ၊ ဥက္ကဌ)
၂) ဦးဖြားအိုးဖာစိန် (အွိုင်းပုံလောဝ်.၊ အတွင်းရေးမှူး ၊ နောင်လွမ်)
၃) ရွာသူကြီး ဦးခွန်သာ ( ဟိုဟွေး) တို့ မှဦးဆောင်ပြီး စစ်သားဆိုတဲ့ ဟိတ်ဟန် အာဏာနဲ့  အနိုင်ယူ၊ လျော်ကြေးငွေကိုလဲ စာချုပ်နဲ့ ပေးဆောင်စေဆိုပြီး လက်မှတ်ထိုးခိုင်း၊ တဖက်လူကလဲ မကျွမ်းကျင် မရင်းနှီးတဲ့ စာချုပ်ကို အကြောက်တရားရှိနေသေးတဲ့ မလွန်ဆန်ဝံ့ သေးတဲ့ စိတ်နဲ့ ခံဝန်ကတိလက်မှတ်ထိုးပြီး သဘောတူခဲ့ရသည် ...
အဲဒီမှာ ထူးခြားတာတခုက စာချုပ်မှာပါတဲ့ တံဆိပ်တုံးပဲ ... ဘာတဲ့လဲ.. "ပအိုဝ်းစွိုးခွို.အစွို. ၊ PNO ဝေင်. နယ်းရွုမ်. ၊ ကန်းတေားတန်ဝေင်.နယ်း" တဲ့ ... ကျနော်စဉ်းစားတာပေါ့ .. PNO တံဆိပ်တုံးနဲ့  အနိုင်ယူသွားတာလား ... ရိုက်စားလုပ်သွားတာလား .... အာဏာအလွဲသုံးစားလုပ်သွားလိုက်တာလား .... နောက်ပြီး စာချုပ်မှာ လက်မှတ်ထိုးတဲ့ သူတွေထဲမှာလဲ PNO ပြည်သူ့ စစ်တွေ ပါတယ်တဲ့ .... အခု ကျနော်တို့  လျှောက်နေတဲ့ ဒီမိုကရေစီလမ်းစဉ်မှာ အစိုးရအဖွဲ့ ကြွေးကြော်နေတဲ့ Good Governance, Clean Goverment နဲ့  နဲနဲ မဆန့် ကျင်နေဘူးလား ... အစိုးရကြွေးကြော်သံက အစိုးရအဖွဲ့ အတွက်ပဲလား ... ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ စစ်တွေနဲ့ရော မဆိုင်ဘူးလား ... ကျနော်တို့ ပြည်သူတွေရော အဲဒီကြွေးကြော်သံကို လက်တွေ့ မှာကျင့်သုံးလာအောင် တဖက်တလမ်းမှ မကူညီပေးသင့် ဘူးလား.....စာဖတ်သူများရဲ့ အသံ ကျနော်ကြားချင်ပါတယ်.....
အဲဒီပြသာနာက အဲမှာတင် မပြီးဘူး ... (၂၄.၁၀.၂၀၁၂) မှာ ပြန်ပေါ်လာတယ် ... လျော်ကြေးငွေ မပေးလို့ တဲ့ ... လျော်ကြေးငွေ ဘယ်လိုတောင်းလဲ သိချင်လား .... ပြည်သူ့ စစ်ဖြစ်တဲ့  ဦးဖြားဆရာပွင်. (အွိုင်းကန်းတေားတန်ဝေင်.နယ်း၊ အမှုဆောင်) နဲ့  သူ့ ရဲ့  ရဲဘော် ခွန်တီးထားတို့ နဲ့  သွားတောင်းခိုင်းတယ် ... သူတို့ ထက်ကြီးတဲ့  လူကြီးက တောင်းခိုင်းလို့ တဲ့ .... အဲဒါနဲ့  မကြီးတကြီးတဲ့ အဲဒီလူကြီး ၂ ယောက်က လာတောင်းတယ်...အဲဒီမှာ တောင်းပုံတောင်းနည်းက တကယ်မိုက်တယ်ဗျာ...
ဘယ်လောက်တောင်ဖြစ်နေပြီလဲ... ပအိုဝ်းအချင်းချင်းတောင် အဲဒီအဆင့်ရောက်ပြီလား .... ဒါတွေက ပြောသင့်၊ လုပ်သင့်တဲ့  ကိစ္စတွေလား ... အဲဒီလူ ၂ ယောက်မှာ ဒီလိုလုပ်ပိုင်ခွင့်တွေရှိလား ... ကျနော်တို့  တရားဝင်ဖြစ်တဲ့ ရဲတွေတောင် အိမ်တအိမ်မှ လူတယောက်ကို ဖမ်းချင်ရင် ၀တ်စုံအပြည့်၊ တန်ဆာအပြည့်နဲ့  ရပ်ရွာလူကြီးတွေနဲ့  ၀ရမ်းတွေနဲ့  တခြားအထောက်အထား အပြည့်အစုံပါမှ ဖမ်းခွင့်ရှိုတာ..... သူတို့ မှာ ဘာတွေပါတုန်း.. တရားဝင်ရော ဖြစ်ရဲ့ လား... နောက်ပြီးတော့ သူတို့ ရဲ့  သွားလာစရိတ်ဆိုပြီး ငွေ ၅ သောင်းတောင် တောင်းသွား လိုက်သေးတယ် ...  အော် .. ရေထဲနစ်နေ တဲ့ သူကို မကူပဲ နစ်ပါစေဆိုပြီး ထပ်အတင်းလုပ်နေသလိုပဲ...  
အော်. ဒါတွေက ကုသိုလ်ကံတွေပဲလား  PNO အထက်လူကြီးတွေရယ် ....  အာဏာတွေ အလွဲသုံးစားလုပ်နေတာကိုလဲ "တယ၀်းဝွေ." လို့ ပဲ လုပ်နေ၊ ကြည့်နေရတော့မှာလား .... လုပ်ပိုင်ခွင့်တွေ ကျော်လုပ်၊ ဥပဒေမဲ့ လုပ်နေတာကိုလဲ  "တယ၀်းဝွေ."  လို့ ပဲ မှတ်ရတော့မှာလား ... အော် မဆိုင်တဲ့နေရာ ၀င်ပါနေတာလဲ  "တယ၀်းဝွေ." ပဲပေါ့...
From Paohswee, posted by Khun Aung Min
No comments: