ခွန်တန်နွယ် လူငယ်ကွန်ယက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး)၊ အောက်တိုဘာလ ၁၄ ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

မွန်ပြည်နယ်အတွင်းရှိ သထုံမြို့၊ ကျိုက်ထိုမြို့၊ ပေါင်မြို့၊ ဘီးလင်းမြို့  (၄)မြို့နယ်မှ ပအိုဝ်းတိုင်းရင်းသား လူငယ်မောင်မယ်များ စုပေါင်းပြီး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ ၁၄ ရက်နေ့ သထုံမြို့ မဟာအောင်မြေ ရွှေဘုံကျောင်းတိုက်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းဆွေးနွေးပွဲသို့ ကြွရောက်လာသည့် နာယက စင်္ကာပူဆရာတော်ကြီးက သြ၀ါဒ မိန့်ဆိုသည့်ခဲ့မှာ   ပအိုဝ်းအမျိုးသား အတွက်လိုအပ်တဲ့ နေရာမှာ မိမိ၏ အသိစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်ဖို့၊ လူငယ်တွေကလည်း တက်တက်ကြွကြွနဲ့ စည်းစနစ်တကျ လုပ်ကိုင်သွားကြဖို့၊ စာရွက်ပေါ်မှာပဲ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဖွဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြကြဖို့ ၊ လိုအပ်ရင် အစဉ်အမြဲ တတ်နိုင်သည့်ဘက်က ထောက်ပံ့ကူညီပေးမယ်ဆိုတဲ့ အကြောင်း ပြီးတော့ နိုင်ငံခြားဘာသာမှာ အထူးသဖြင့် အင်္ဂလိပ်ဘာသာကိုလည်း ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် လေ့လာသင်ယူထားကြဖို့ ဆရာတော်ကြီးက သြ၀ါဒ ချီးမြင့်ပေးခဲ့တယ် ဟု သထုံဒေသ ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက် ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ တစ်ဦးက ပြောပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှ တဆင့် သထုံဒေသ ခွန်တန်နွယ် လူငယ်ကွန်ယက် အဖွဲ့၏ လူငယ်မောင်မယ်များအတွက် အရည်အချင်းပြည့်ဝဖို့ နှင့်စွမ်းရည်တိုးတက်ဖို့ အနာဂါတ်ကာလမှာ မိမိတို့ဒေသအတွက် အကျိုးပြုလုပ်ငန်းများ ဖော်ဆောင်ဖို့ အထောက်အပံ့ ဖြစ် ဒေသခံရှိပအိုဝ်းမိဘ ပြည်သူများကလည်း စေတနာထက်သန်စွာ အထောက်အကူပြု ကွန်ပျုတာများနှင့် ငွေကြေးများကိုလည်း ထောက်ပံ့ ကူညီပေးအပ်ခဲ့ကြောင်းလည်း သိရပါသည်။

“ နောက်တစ်လလောက်ဆိုရင် ကျနော်တို့ ပအိုဝ်းတိုင်းရင်းသား လူငယ်မောင်မယ်များအတွက် စွမ်းရည်မြင့်တင်ဖို့ ပထမခြေလှမ်းအနေဖြင့် ဘီးလင်းမြို့နယ်မှာ ကွန်ပျုတာသင်တန်း ကျင်းပပေးဖို့ ဆက်ပြီး စီစဉ်နေပါတယ် “ ဆိုတဲ့အကြောင်းလည်း သထုံလူငယ် ကိုယ်စားလှယ် တစ်ဦးဖြစ် ခွန်သိန်းစိန် မှ ပြောပါသည်။

သထုံဒေသ ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ သထုံဒေသ အသီးသီးရှိ မိဘပြည်သူလူထုများနှင့် လူငယ်မောင်မယ်များ ကိုယ်စားလှယ်ပေါင်း (၁၁၅)ကျော် တက်ရောက်ခဲ့ပြီး အမျိုးသားရေးရာနဲ့ပတ်သက်ပြီး ၁။ ပညာရေး မြင့်တင်ရန်၊ ၂။ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရန်၊   ၃။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရန် စသည့် အကြောင်းအရာများကို လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး နှီးနှော်ဖလှယ်ကြကြောင်းလည်း သိရပါသည်။

No comments: