နိုင်ငံရေးနည်းဖြင့်ကြိုးပမ်းစဉ် တပ်အင်အားတိုးချဲ့ရန်လည်း လိုအပ်ဟု ရှမ်းပြည်တပ်မတော် ပြောကြား

ကျော်ထင် / ၁၆ ဇန်န၀ါရီ ၂၀၀၈

နအဖစစ်အစိုးရနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်း နေစဉ်အတွင်း တပ်အင်အားကိုလည်း ခိုင်မာအောင် တိုးချဲ့တည်ဆောက်သွားမည်ဟု လက်နက် ကိုင် တိုက်ပွဲဝင်နေဆဲဖြစ်သည့် ရှမ်းပြည်တပ်မတော်- တောင်ပိုင်း (SSA-S) က ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ပြီးစီးသွားသည့် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ
(RCSS) ၏ (၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် RCSS ၏ လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ် ဆိုင်းက ပြောကြားသည်။

၎င်းက “ငြိမ်းချမ်းရေးကိစ္စအတွက်၊ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေး နွေးဖို့အတွက် ကမ်းလှမ်းထားတာ နအဖဘက်က လက်မခံတော့ဘူးဆိုရင်တော့ ဒီစစ်ရေး နည်းလမ်းမှအပ ကျနော်တို့ ရွေးစရာလမ်းမရှိတော့ဘူး။ ဒီတော့ ကျနော်တို့မှာလည်း စစ်ရေး ကိစ္စကို ပစ်ပယ်လို့မရဘူး။ ကျနော်တို့အင်အားတိုးချဲ့ သွားဖို့တော့ လိုအပ်တယ်” ဟု ပြောသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရွတ်ဆစ်အပါအ၀င် ကိုယ်စားလှယ် (၁၉၈) ဦးတက်ရောက်သည့် အဆိုပါ နှစ်ပတ်လည်အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးရေး၊ စစ်အင်အားတိုးချဲ့ရေး၊ ရှမ်းပြည်နယ် အတွင်းရှိ အခြားသောအဖွဲ့အစည်းများနှင့် သွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပါအ၀င် အချက် (၆) ချက်ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ အခြားသောအဖွဲ့အစည်းများနှင့် သွေးစည်းညီညွတ်မှုတည်ဆောက်ရေး ဆုံးဖြတ်ချက်ကို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုလိုက်သည်။

PSLF အထွေထွေအတွင်းရေးမှူး မိုင်အိုက်ဖုန်းက “အခုလို အက်စ်အက်စ်အေက ရှမ်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ အဖွဲ့အစည်းတွေအားလုံး တကယ့်စည်းလုံးညီညွတ်ရေးကို တည် ဆောက်ဖို့ဆိုတဲ့ လုပ်ငန်းအစီအစဉ်တခုဟာ အင်မတန်ကောင်းတဲ့လုပ်ငန်းဖြစ်ပါတယ်၊ ကျနော် တို့ဆီမှာလည်း ဒီလုပ်ငန်းတွေ အစီစဉ်ရှိပါတယ်” ဟု ပြောသည်။

၎င်းကဆ က်၍ “ရှမ်းအဖွဲ့က ပိုပြီးတော့ ဦးဆောင်လုပ်နိုင်တယ်ဆိုရင်တော့ ဒါ တကယ်ပိုကောင်း တယ်။ တကယ်ဒီလိုမျိုး လုပ်ငန်းပုံစံကိုချမှတ်ပြီးတော့ လက်တွေ့ အကောင်အထည်ဖော်ဖို့လည်း လိုတယ်လို့ ကျနော်ပြောချင်တယ်။ ဒါမှပဲ ကျနော်တို့ရှမ်းပြည်မှာ တကယ့်စည်းလုံးညီညွတ်တဲ့၊ တကယ့်တန်းတူရည်တူနဲ့ ရှမ်းပြည်အနာဂတ်ကို မျှော်မှန်းထားတဲ့အတိုင်း အမြန်ဆုံးရရှိနိုင်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက SSA-S နှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့ကြ သော်လည်း ချိန်းဆိုထားသောနေရာသို့ စစ်အစိုးရကိုယ်စားလှယ်များ မလာရောက်ခဲ့၍ အထ မမြောက်ခဲ့ပေ။ ။

No comments: