ပအိုဝ်းအဖွဲ့များ ပူးပေါင်းရန် သဘောတူ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇန္န၀ါရီလ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် နယ်စပ်တွင် အခြေစိုက်သော ပအိုဝ်းအဖွဲ့အစည်းများက အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေညာချက်တရပ်ကို ယနေ့ ထုတ်ပြန်သည်။

ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်သော အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ် အို)။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (ပီအဲန်ဒီအို)။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ (ပီဒဗလျူအို)နှင့် ပအိုဝ်း လူငယ်ဒီမိုကရက်တစ်အဖွဲ့ (ပီဝိုင်ဒီဝို) တို့ ဖြစ်ကြသည်။

ယင်းအဖွဲ့များအနက် ပီအဲန်အယ်လ်အိုအဖွဲ့မှာ အပစ်ရပ်အဖွဲ့ဖြစ်သော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးအဖွဲ့ (ရလလဖ)မှ ခွဲထွက်ကာ ယခင်နှစ်က တောပြန်ခိုခဲ့သော လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ကျန်အဖွဲ့ များမှာ ပအိုဝ်းလူထုအခြေပြု အဖွဲ့များဖြစ်ကြသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က “ကျွန်တော်တို့တတွေ တခု တည်းသော နိုင်ငံရေး ဦးတည်ချက်အောက်မှာ တစည်းတလုံးတည်း ဖြစ်ဖို့ သဘောတူခဲ့တယ်” ဟု ပြောသည်။

တခုတည်းသော နိုင်ငံရေး ဦးတည်ချက်အောက်တွင် ဆိုရာမှာ ပအိုဝ်းအမျိုးသားတို့၏ စစ်မှန်သော ကိုယ်ပိုင်ပြ ဌာန်းခွင့်ရရှိရေးအတွက် ပအိုဝ်းအမျိုးသားတို့အား ဖိနှိပ်သွေးစုပ်နေသော နအဖ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်း သွားသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဟု သဘောတူညီခဲ့ခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသမီး သမဂ္ဂ (ပီဒဘလျူယူ)မှ နန်းယဉ်သွယ်က “ပအိုဝ်းအခွင့်အရေးတွေ အားလုံးရရှိဖို့ ကျွန်မ တို့ အဖွဲ့တွေ အကုန်လုံး ပူးပေါင်းပြီးတော့မှ သေချာပြန်လုပ်ကြဖို့ပေါ့နော်။ ပေါင်းလုပ်သွားမယ်ပေါ့။” ဟု ပြောသည်။

ယခုလောလောဆယ်တွင် မယ်ဟောင်ဆောင် ဒေသအခြေစိုက် ပအိုဝ်းအဖွဲ့များ စတင်ဆွေးနွေးခြင်းဖြစ်ပြီး နောင် ဆွေးနွေးပွဲများတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော ပီပီ အယ်အို (ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး အဖွဲ့) အပါအ၀င် အခြား ပအိုဝ်းအမျိုးသား ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

No comments: