ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၁၅ ရက်၊ ၂၀၁၄ ခု၊ တောင်ကြီးတိုင်းမ်
တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု ကောင်ရွေးရွာရှိ ဦးစံမြ (ကွယ်လွန်) ၏ နေအိမ်တွင် ကလေး နှစ်ယောက်ရှိ ချွေးမဒေါ်နန်းပေး မိသားစုနေထိုင်သည်ကို ဝရမ်းထုတ်ပြီး PNA စစ်သား ၈ ယောက်က အိမ်ပေါ်မှပစ္စည်းများကို ပစ်ချပြီး မောင်းထုတ်ကြောင်း ဧပြီ ၁၃ ရက်နေ့တွင် စုံစမ်းသိရှိရသည်။
ဖြစ်စဉ်တွင် ဦးစံမြ၏နေအိမ်သည် ၁၉၉၆ ခုနှစ်တွင် PNO ဗဟိုမှ ပေးထားသောမြေဖြစ်ပြီး၊ ၂၀၀၄ ခုနှစ် တွင်ဦးစံမြက ဆုံးပြီး၊ ၎င်းမြေအိမ်အမွေကို သားဖြစ်သူမောင်ချမ်းသာကို ပေးအပ်ကာ ဇနီးနှင့်ကလေး နှစ်ယောက်အတူ နေထိုင်ကြောင်း၊ မောင်ချမ်းသာ ထောင်ကျခံရချိန်တွင် ချွေးမဖြစ်သူ ဒေါ်နန်းပေနှင့် သူမ၏ကလေနှစ်ယောက် (သမီးတစ်ယောက်၊ သားတစ်ယောက်) နှင့်အတူ နေထိုင်ကြောင်း သိရသည်။
ဧပြီ ၅ ရက်နေ့တွင် ဗိုလ်မှူး ခွန်မြင့်အောင်က ဝရမ်းအမိန့်စာပို့လာကာ၊ ဧပြီ ၁၁ ရက် နေ့တွင် အသနားခံစာပြန်လည်ပေးပို့ခဲသော်လည်း၊ ဧပြီ ၁၂ ရက် ညနေ ၅ နာရီအချိန်တွင် PNA စစ်သားမှ လက်နက်ဖြင့်ချိန်းခြောက်ကာ အိမ်ပေါ်မှအတင်းအဓမ္မဆင်းခိုင်း၍ ပစ္စည်းများကို ထုတ်ပြီး အိမ်ပေါ်မှ ပစ်ချကြောင်း သိရသည်။
ဒေါ်နန်းပေ၏ မိသားစုသည် လုံးကောင်ပရဟိတဘုန်းကြီးကျောင်းတွင် လျက်ရှိခေတ္တမှီခိုနေရပြီး၊ ဗိုလ်မှူးစံလွင်ထံ သွားရောက်တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း၊ ၎င်းအမှုကို တရားဥပဒေနှင့် အညီ ဖြေရှင်းပေးစေလိုကြောင်း၊ လင်ယောက်ျား ပြန်လွတ်လာမှသာ အမှုကို ဖြေရှင်းရန် တောင်းပန်သော်လည်း မရကြောင်း၊ အိမ်ပေါ်မှ နှင်ချခံရသူ ဒေါ်နန်းပေးက ပြောသည်။
”ဒီလိုလက်နက်နဲ့ ခဏခဏလာခြိမ်းခြောက်တာ ၅ ကြိမ်လောက်ရှိပြီ၊ အဖိုးဦးစံမြစိုက်ထားတဲ့ သစ်ပင် များကိုလည်း အကုန်ခုတ်ပစ်တယ်၊ တစ်ခါးကိုသော့နဲ့ ချိတ်ပိတ်တာ အကြိမ်ကြိမ်ဘဲ။ သူတို့သားအမိက သွားနေစရာမရှိလို့ပေတေပြီး နေနေရတယ်” ဟု ဒေါ်နန်းပေး၏ အဒေါ်တစ်ယောက်က ပြောသည်။
”အဲဒါက ဦစံမြကိုပေးထားတာ ဗိုလ်မှူးမြင့်အောင်ရဲ့ လက်မှတ်ထိုးထားတာရှိတယ်၊ ဦးစံမြ၏ဇနီး ဒေါ်နန်းမိလည်း ရှိနေသေးတယ်၊ တရားရုံးမှာလည်း ကျမ်းကြိမ်ထားတာ နန်းပေးကို ညှိခိုင်းသော်လည်း မညှိဘူး၊ ဖါမွိုန်းမှာ ပေးထားတဲ့အကွက်ကို ရောင်းလိုက်တယ်၊ ယခု အဖဦးစံမြရဲ့ မြေကွက်ကို လေးပုံတစ်ပုံလည်း ရောက်လိုက်ပြီ၊ ဒေါ်နန်းမိက လာနေဖို့ နန်းပေးက ပေးမနေဘူး သဘောမတူဘူး” ဟု PNA မှ ဗိုလ်မှူးကြီးခွန်လာက ပြောသည်။
ပြဿနာဖြစ်ပွားရာနေရာတွင် တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု၊ ကောင်ရွေးရွာ တောင်ကြီး ကျောက်သလုံး လမ်းမဘေး မြေကွက် မျက်နှာစာ ပေ ၁၃ဝ၊ အနံ့ ၁၆ဝ ပေရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဖြင့် တရားမျှတအောင် လုပ်ဆောင်ပေးရန်နှင့် ယခုနေစရာမရှိ၍ သမီးဖြစ်သူလည်း ပညာရေးကို ထိခိုက်နိုင်ကြောင်း၊ မိမိနေသောနေအိမ်ကို ပြန်လည်နေထိုင်လိုကြောင်း ဒေါ်နန်းပေးမှ ဆိုသည်။
5 comments:
အဖွဲ့အစည်းများ အဖွဲ့ပိုင်ပစ္စည်းဆိုပြီ ရမ်းကားပြန်သိမ်းယူထားတာ သူတို့ခေါင်းဆောင်ပိုင် ပစ္စည်းအားလုံးကိုလည် စီစစ်ပြီး အဖွဲ့ပိုင်ဆိုပြီး ပြန်သိမ်းကြပါ။ ပြီးတော့ ပိုင်ဆိုင်မှုအလိုက် နိုင်ငံတော်ကို အခွန်ပေးကြပါ။ သေနတ်ပြပြီ မိန်းမများကို ခြိမ်းခြောက်တဲ့ အကျင့်ကို ဥပဒေများနဲ့ လူမှုရေးရှိဖို ဆုံးမဖိုအချိန်တန်ပြီ။
သတင်းခေါင်းစဉ်ကလွှဲနေတယ်ထင်တယ်နော်။ အောက်နားမှာပါတာတော့ ချွေးမကအပိုင်စီးပြီး ယောက္ခမကိုတောင် ပေးမနေဘူးဆိုတော့ ချွေးမအလွန်မဟုတ်လား။ အဖွဲ့ပေးတာက ဦးစံမြဆိုတော့ ဦးစံမြဆုံးရင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဇနီးဖြစ်သူကပိုင်တယ်လေ။ ခုကျတော့ စာရေးသူရဲ့ တဖက်သားအပေါ် မုန်းတဲ့စိတ်ထား၊ သိက္ခာချရပြီးရောဆိုတဲ့စိတ်ထားကြောင့် တဖက်အဖွဲ့အစည်းကို ထိခိုက်စေမှာပေါ့။ ဒါဟာ သတ်းသမားတယောက်ထားရမယ့် စိတ်မဟုတ်ဘူးလို့ထင်ပါတယ်။ ခွန်ရာဇာရဲ့ ဆောင်းပါး ၉၀ရာခိုင်နှုန်းဟာ PNO ကို တိုက်ခိုက်တာဆိုပေမယ့် သေချာတွေးရင် ပအိုဝ်းအမျိုးသားတွေကို သွေးကွဲစေမယ်ဆိုတာ သေချာတွေးမိဖူးရဲ့လား။ PNO ကို လူတိုင်းကြိုက်ဖို့မလိုပေမယ့် အမြဲတိုက်ခိုက်နေတာက အောက်တန်းကျလွန်းတယ်ထင်ပါတယ်။ ခွန်ရာဇာကြိုက်တဲ့ ကောင်ရွေတို့၊ ပအမဖ တို့၊ PNLO တို့ကို စိတ်တိုင်းကျ ကြိုက်လို့ရပါတယ်။ ရွေးကောက်ပွဲကျရင် မဲပေးနိုင်ပါတယ်။ ကိုယ့်အဖွဲ့ မဲနိုင်ဖို့ အထက်တန်းကျကျ နိုင်ငံရေးအရ စည်းရုံးသင့်ပါတယ်။ တဖက်အဖွဲ့အပေါ် လူထုအမုန်းပွားအောင် လုပ်ပြီးမှ ကိုယ့်အဖွဲ့နိုင်တယ်ဆိုရင်တော့ ဒါက အောက်တန်းကျတဲ့ နိုင်ငံရေးလို့မြင်ပါတယ်။ ကျနော်သည်းမခံနိုင်ဆုံးက ပအိုဝ်းတွေသွေးကွဲသွားမှာကိုပါ။ ခုပဲ ပအမဖ နဲ့ PNLO ထပ်ပေါ်လာတော့ လူမျိုးကြီးဝါဒ အခြေ ခံတဲ့ ပါတီကြီး ၃ ခုကတော့ ကြို ပြီး အောင်ပွဲခံနေလောက်ပါပြီ။ ဒါပေမယ့် ခွန်ရာဇာက အဲဒီပါတီတွေဆီက ထောက်ပံ့ကြေးရနေရင်တော့လည်း ဒါဟာ ကျနော်တို့ ပအိုဝ်းတွေရဲ့ ကံဆိုးမှုလို့ပဲ မှတ်ယူပါတော့မယ်။ ခွန်ရာဇာတို့လို ပညာတတ်ပအိုဝ်းလူငယ်တွေ ပအိုဝ်းအမျိုးသားများရဲ့အကျိုး လမ်းလွှဲမလိုက်ပဲ စေတနာသန့်သန့်နဲ့ ဆောင်ရွက်နိုင်ပါစေလို့ ဖိုးတီသား ဆန္ဒပြုပါတယ်။ အောင်မြင်ပါစေ

Post a Comment